Singapore

စင်ကာပူနိုင်ငံ၏ ကုမ္ပဏီများအက်ဥပဒေကို ပြင်ဆင်ရန် ACRA က အဆိုပြု

Last Updated:

စင်ကာပူနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ စာရင်းထိန်းသိမ်းခြင်းနှင့်လုပ်ငန်းအဖွဲ့ အစည်းဆိုင်ရာကြီးကြပ်မှုအာဏာပိုင် (Accounting and Corporate Regulatory Authority - ACRA) သည် ကုမ္ပဏီများအက်ဥပဒေ (Companies Act) အား ပြင်ဆင် သွားလိုသောအချက်များနှင့် စပ်လျဉ်း၍ အများပြည်သူ၏ အကြံပြုချက်များကို ၂၀ - ၇ - ၂၀၂၀ ရက်မှ ၁၇ - ၈ - ၂၀၂၀ ရက်အထိ ရယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

လက်ရှိစီးပွားရေးလုပ်ငန်းပတ်ဝန်းကျင်အခြေအနေနှင့် လုပ်ငန်းများ၏ နည်းပညာအသုံးပြု မှု တိုးတက်လာသောအခြေအနေများကြောင့် ACRA သည် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းကျောင်းသောမူဘောင်ကို ယှဉ်ပြိုင်နိုင်စွမ်းရှိနေစေရေးအတွက် ကုမ္ပဏီများအက်ဥပဒေ၏ နယ်ပယ်အသီးသီးကို ပြန်လည်သုံးသပ်မှုများဆောင်ရွက်နိုင်စေရန် လုပ်ငန်းအဖွဲ့ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းအဖွဲ့သည် အကြောင်းအရာ ၅၆ ခုကို သုံးသပ်ဆွေးနွေးခဲ့ကြပြီး၊ ဥပဒေ၏ ပြဋ္ဌာန်းချက် ၃၆ ခုကို ပြုပြင်ပြောင်းလဲသွားနိုင်ရန် အကြံပြု ခဲ့ကြကြောင်း၊ အဆိုပါအကြံပြုချက်များတွင် ဒီဂျစ်တယ်အသွင်းကူးပြောင်းဆောင်ရွက်မှုကို လွယ်ကူအဆင်ပြေစေမည့်အချက်များ၊ ဘဏ္ဍာရေးဆိုင်ရာအစီရင်ခံခြင်းနှင့် ကုမ္ပဏီအမျိုးအစား များ၊ ကုမ္ပဏီ၏ ဒါရိုက်တာနှင့် အတွင်းရေးမှူးတို့နှင့်သက်ဆိုင်သောကိစ္စရပ်များ၊ အစုရှယ်ယာရှင် များ၏ အခွင့်အရေးများ၊ အစုရှယ်ယာမတည်ငွေရင်းနှင့် ဘဏ္ဍာရေးအကူအညီဆိုင်ရာကိစ္စရပ်များ၊ ခေတ်ကာလနှင့်မလျော်ညီသည့် ပြဋ္ဌာန်းချက်အချို့ကို ပြင်ဆင်သွားလိုသည့်အချက်များ ပါဝင် ကြောင်း ဖော်ပြထားပါသည်။

လုပ်ငန်းအဖွဲ့သည် အစုရှယ်ယာနှင့်ပတ်သက်၍ ရုပ်ပိုင်းဆိုင်ရာ သက်သေခံအထောက် အထားများအစား အီလက်ထရွန်နစ်နည်းလမ်းဖြင့် အသုံးပြုဆောင်ရွက်ခြင်းနှင့် ဒီဂျစ်တယ် အစည်းအဝေးများပြုလုပ်ခြင်းတို့ကို အကြံပြုထားပြီး၊ လက်ရှိ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ စာရွက်စာတမ်းများတင်သွင်းမှုကို ဒီဂျစ်တယ်နည်းလမ်းဖြင့် ဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းချက်များကို အများနားလည်စေရေး ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။  ဥပဒေအရ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံရမည့် တာဝန်ဝတ္တရားများနှင့် စပ်လျဉ်း၍ လူသိရှင်ကြားတာဝန်ခံနိုင်သော "Publicly Accountable Company" ၏ သဘောတရားကို မိတ်ဆက်ပေးခဲ့ပြီး၊ နှစ်စဉ်ဝင်ငွေနှင့် စုစုပေါင်းရပိုင်ခွင့် စင်ကာပူဒေါ်လာ ၅ သိန်းထက်မပိုသောကုမ္ပဏီကို အသေးစားကုမ္ပဏီ "Micro Company" အဖြစ် သတ်မှတ်သွားနိုင်ရန်နှင့် လူသိရှင်ကြားတာဝန်ခံထားခြင်းမရှိသော အဆိုပါ အသေးစားကုမ္ပဏီများအနေဖြင့် သာမန်ဘဏ္ဍာရေးရှင်းတမ်းများကိုသာ ပြုစုတင်ပြရန် ခွင့်ပြုသွား မည်ဖြစ်ကြောင်း၊ ACRA သည် "Publicly Accountable Company" ၏ အဓိပ္ပါယ် ဖွင့်ဆိုမှုကိုလည်းကောင်း၊ ဘဏ္ဍာရေးဆိုင်ရာအစီရင်ခံခြင်းနှင့်စပ်လျဉ်း၍ လက်ရှိကျင့်သုံးနေသော အများနှင့် သက်ဆိုင်သောကုမ္ပဏီနှင့် အများနှင့်မသက်ဆိုင်သောကုမ္ပဏီ ဟူ၍ ခွဲခြားဆောင်ရွက် နေခြင်းအစား "Publicly Accountable Company" နှင့် "Non-Publicly Accountable Company" ဟူ၍ ခွဲခြားသွားလိုသည့်ကိစ္စနှင့်စပ်လျဉ်း၍လည်းကောင်း အများပြည်သူ၏ အကြံပြု ချက်များကို ရယူမည်ဖြစ်ပါသည်။

ဘဏ္ဍာရေးဆိုင်ရာအစီရင်ခံခြင်းနှင့်စပ်လျဉ်း၍ ပြင်ဆင်နိုင်ရန် အဆိုပြုခဲ့သောအချက်များတွင် ကုမ္ပဏီများက စာရင်းထိန်းသိမ်းခြင်းဆိုင်ရာစံသတ်မှတ်ချက်များအရ လိုက်နာဆောင်ရွက် ရမည့်တာဝန်ကို ကင်းလွတ်ခွင့်ပေးခြင်း သို့မဟုတ် အခြားစာရင်း ထိန်းသိမ်းခြင်းဆိုင်ရာစံနှုန်းများကို လိုက်နာစေခြင်းစသည့် လုပ်ပိုင်ခွင့်များကို ACRA သို့ ပေးအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် ဘဏ္ဍာရေးဝန်ကြီးသည် စာရင်းထိန်းသိမ်းခြင်းဆိုင်ရာစံနှုန်းများအားလုံးကို ကင်းလွတ်ခွင့် သို့မဟုတ် တစ်စိတ်တစ်ပိုင်းကိုသာ လိုက်နာ ဆောင်ရွက်ခွင့်ရရှိမည့် ကုမ္ပဏီအမျိုးအစားများအား သတ်မှတ်နိုင်ကြောင်း၊ နိုင်ငံခြားကုမ္ပဏီများအနေဖြင့် ဥပဒေလိုက်နာဆောင်ရွက်ရသည့်ကုန်ကျ စရိတ်များသက်သာစေရန်အတွက် စင်ကာပူ၏ စာရင်းထိန်းသိမ်းခြင်းဆိုင်ရာစံနှုန်းများနှင့် များစွာ ဆင်တူသည့် စံသတ်မှတ်ချက်များနှင့်အညီ ဘဏ္ဍာရေးဆိုင်ရာအစီရင်ခံစာများကို တင်ပြခွင့်ပြု မည်ဖြစ်ကြောင်း၊ စင်ကာပူတွင် လုပ်ငန်းဆောင်ရွက်မှုနည်းပါးသော နိုင်ငံခြားကုမ္ပဏီများအနေဖြင့် လည်း စာရင်းစစ်များမှ စစ်ဆေးမှု မပြုလုပ်ရသေးသောစာရင်းများဖြင့် တင်ပြနိုင်သည့်အချက်များ ပါဝင်ကြောင်း ဖော်ပြထားပါသည်။

ခေတ်ကာလနှင့် မလျော်ညီသော လိုအပ်ချက်အချို့ကို ဖယ်ရှားနိုင်ရန်အတွက် အစုရှယ်ယာအားဖြင့်တာဝန်ကန့်သတ်ထားသော အများနှင့်သက်ဆိုင်သောကုမ္ပဏီများသည် ဥပဒေအရ အစည်းအဝေးများကျင်းပပြုလုပ်ရခြင်းနှင့် အစည်းအဝေးမတိုင်မီ အဖွဲ့ဝင် များသို့ အစီရင်ခံစာ ဖြန့်ဝေရခြင်းစသည့်ပြဋ္ဌာန်းချက်များကို ဖယ်ရှားသွားနိုင်ရန် အကြံပြုထားကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Accounting and Corporate Regulatory Authority, Singapore

Category: Singapore