Singapore

စင်ကာပူနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာစေရန်အတွက် အစိုးရမှ စင်ကာပူဒေါ်လာ သန်း ၅၀၀ နီးပါး ဆက်လက်ပံ့ပိုးပေးမည်

Last Updated:

စင်ကာပူနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ၎င်း၏ နယ်စပ်ဝင်ပေါက်များကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံခြားခရီးသည်များအား ဆွဲဆောင်နိုင်ရန် ခရီးသွားလုပ်ငန်းကဏ္ဍအတွက် စင်ကာပူဒေါ်လာသန်း ၅၀၀ နီးပါး ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း ၆-၄-၂၀၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ခရီးသွားလုပ်ငန်း ဆိုင်ရာ ညီလာခံ၌ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Alvin Tan ကပြောကြားခဲ့ပါသည်။

ဤရန်ပုံငွေကို ခရီးသွားလုပ်ငန်းကဏ္ဍရှိ လုပ်သားများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန်၊ လုပ်ငန်းများ၏ ကုန်ကျစရိတ်များ ကာမိစေရန်နှင့် ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေးအစီအစဉ်များအား တိုးချဲ့လုပ်ဆောင်သွားနိုင်ရန် အသုံးပြုသွားမည်ဖြစ် ပါကြောင်း၊ ဤသို့ထောက်ပံ့ပေးခြင်းဖြင့် နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေး၊ ခရီးသည်များအတွက် ဆန်းသစ်သော ခရီးသွားအစီအစဉ်များနှင့် အတွေ့အကြုံသစ်များကို ဖန်တီးပေးနိုင်ရေးတို့အတွက် ကူညီပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ ခရီးသွားလုပ်ငန်းများမှလည်း ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို အသွင်ကူးပြောင်းဆောင်ရွက်ရန်နှင့် စွမ်းဆောင် ရည်အသစ်များဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် အစိုးရ၏ ပံ့ပိုးမှုအစီအစဉ်များကို အသုံးချဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါ ကြောင်း Mr. Alvin Tan ကပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ထို့အပြင် စင်ကာပူနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍအတွက် အာရုံစိုက်ရမည့်နယ်ပယ်များမှာ ကျန်းမာရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲ မှုဆိုင်ရာ လုပ်ငန်းနယ်ပယ်များဖြစ်ပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးခရီးသွားလုပ်ငန်းဈေးကွက်သည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၂၀ ဘီလီယံကျော်ရှိခဲ့ပြီး လာမည့် (၅) နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁.၁ ထရီလီယံအထိ တိုးတက်လာ မည်ဟု Global Wellness Institute မှ ခန့်မှန်းထားရှိကြောင်း၊ ဤသို့သောအခြေအနေတွင် စင်ကာပူအား မြို့ပြကျန်းမာရေး စောင့်ရှောက်မှုနေရာတစ်ခုအဖြစ် ရပ်တည်လာနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ အလားတူစွာပင် စင်ကာပူအား ရေရှည်တည်တံ့သော ခရီးသွားလာရေး နေရာတစ်ခုဖြစ်လာရန် မျှော်မှန်းထားရှိသည့်အတွက် ခရီးသွားလုပ်ငန်းများ၏ ရေရှည် တည်တံ့ခိုင်မြဲရေး ကြိုးပမ်းဆောင်ရွက်ချက်များအပေါ် ပံ့ပိုးကူညီပေးနိုင်မည့် Tourism Sustainability Program (TSP) အစီ အစဉ်ဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ခရီးသွားလာမှုနေရာတစ်ခုအဖြစ် ခိုင်မာစွာရပ်တည် လာနိုင်စေရန်အတွက်လည်း စီးပွားရေးလုပ်ငန်းဆိုင်ရာခရီးသည်များကို ဦးစားပေးဆွဲဆောင်သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိ နိုင်ငံ တကာခရီးသွားလုပ်ငန်းကဏ္ဍ၏ အလားအလာမှာ ကောင်းမွန်လာသည်ဟု မျှော်လင့်ရသော်လည်း ဖြစ်ပေါ်လာနိုင်သော စိန်ခေါ်မှု များကို ရင်ဆိုင်နိုင်ရန်အတွက် ပြင်ဆင်ထားသင့်ပါကြောင်းဖြင့် Mr. Alvin Tan ကပြောကြားခဲ့ပါသည်။

စင်ကာပူအစိုးရသည် လွန်ခဲ့သော နှစ်နှစ်အတွင်း ခရီးသွားလုပ်ငန်းများအနေဖြင့် ငှားရမ်းခနှင့် လိုင်စင်ကြေးများ ကင်းလွတ်ခွင့်/ လျှော့ပေါ့ခွင့်ရရှိခြင်းကဲ့သို့သော လုပ်ငန်းကုန်ကျစရိတ်များ သက်သာမှုရှိစေရေး၊ ဝန်ထမ်းများ၏ အလုပ်အကိုင်တည်မြဲစေရေးနှင့် ဝန်ထမ်းစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်လာစေရေးတို့အတွက် စင်ကာပူဒေါ်လာ ၁ ဘီလီယံကျော်အထိ ပံ့ပိုးပေးခဲ့ကြောင်း၊ ထို့အပြင် စင်ကာပူတွင် နေထိုင်သူများအား ပြည်တွင်း၌ လည်ပတ်သွားလာမှုကို တိုက်တွန်းအားပေးနိုင်ရန်အတွက် စင်ကာပူ ဒေါ်လာ ၃၂၀ သန်းတန်ဖိုးရှိသော SingapoRediscovers ခရီးသွားဘောင်ချာလက်မှတ်များ ထုတ်ပေးသည့်အစီအစဉ်ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စင်ကာပူနိုင်ငံသည် ဧပြီလ ၁ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူများကို စင်ကာပူသို့ ဆိုက်ရောက်လာချိန်တွင် ရောဂါစစ်ဆေးခြင်းနှင့် Quarntine နေထိုင်ရန် မလိုအပ်ဘဲ ဝင်ရောက်ခွင့်ပြုပါသည်။ ၂၀၂၁ ခုနှစ်တွင် စင်ကာပူသို့ နိုင်ငံခြားခရီး သည် ၃၃၀၀၀၀ ခန့်သာ ဝင်ရောက်ခဲ့သဖြင့် သမိုင်းတစ်လျှောက် အနည်းဆုံးအရေအတွက်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် တွင် ဝင်ရောက်ခဲ့သည့် အရေအတွက်ထက် ၈၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ သို့ရာတွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း စင်ကာပူသို့ ကာလတိုဝင်ရောက်လာသည့် နိုင်ငံခြားခရီးသည် ၁၂၀၀၀၀ ဦးခန့်ရှိသည့်အတွက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ တွင် ဝင်ရောက်ခဲ့သည့် ၅၇၀၀၀ ဦးခန့်နှင့် နှိုင်းယှဉ်ပါက နှစ်ဆနီးပါး တိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Source: The Straits Times, The Business Times

Category: Singapore