Singapore

စင်ကာပူနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂၀၂၀ ခုနှစ်၊ ဒုတိယ (၃) လပတ်တွင် ၁၂.၆ ရာခိုင်နှုန်းကျဆင်းခဲ့

Last Updated:

စင်ကာပူနိုင်ငံ၏ ၂၀၂၀ ခုနှစ်၊ ဒုတိယ(၃)လပတ် (ဧပြီလမှ ဇွန်လအထိ) GDP တိုးတက်မှုနှုန်း ရှေ့ပြေးခန့်မှန်းချက်ကို ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက ၁၄ - ၇ - ၂၀၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ အဆိုပါသတင်းထုတ်ပြန်ချက်တွင် နှစ်အလိုက်အလားတူကာလနှင့် နှိုင်းယှဉ်မှုစာရင်းအရ ဒုတိယ(၃)လပတ်အတွင်း စင်ကာပူ၏ စီးပွားရေးသည် (-) ၁၂.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

ဤသို့ စီးပွားရေးကျဆင်းခဲ့ခြင်းမှာ စင်ကာပူတွင် ကိုဗစ် ၁၉ ကပ်ရောဂါထိန်းချုပ်နိုင်ရန် အတွက် ဧပြီလ ၇ ရက်မှ ဇွန်လ ၁ ရက်အထိ လုပ်ငန်းဆောင်ရွက်မှုနှင့် အသွားအလာကန့်သတ် မှုများကို ဆောင်ရွက်ခဲ့သော Circuit Breaker အစီအမံနှင့် ကိုဗစ် ၁၉ ၏ ဂယက်ရိုက်ခတ်မှုကြောင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုနှင့်အတူ ပြည်ပနိုင်ငံများ၏ဝယ်လိုအား နှေးကွေးသွားခဲ့သော အကြောင်း ရင်းများကြောင့်ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

ဒုတိယ (၃) လပတ်ကာလအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍသည် ၂.၅ ရာခိုင်နှုန်း တိုးတက်မှု ဖြစ်ပေါ်ခဲ့သော်လည်း ပထမ(၃)လပတ်တွင် ရရှိခဲ့သော ၈.၂ ရာခိုင်နှုန်း တိုးတက်မှုထက် လျော့နည်းခဲ့ပါသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် တိုးတက်မှုဖြစ်ပေါ်ခဲ့ရခြင်းမှာ အဓိကအားဖြင့် ဇီဝဆေးဝါး ထုတ်လုပ်မှုလုပ်ငန်းများ၏ ကုန်ထုတ် လုပ်မှုထောင်တက်လာခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ သို့ရာတွင် ဒုတိယ(၃)လပတ်တွင် ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍမှာ (-) ၅၄.၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ သည့်အတွက် ပထမ(၃)လပတ်တွင် ဖြစ်ပေါ်ခဲ့သော (-) ၁.၁ ရာခိုင်နှုန်းကျဆင်းမှုနှင့်နှိုင်းယှဉ်ပါက ဆိုးရွားစွာ ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ ဤသို့ ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍတွင် ဆိုးရွားမှု အခြေအနေဖြစ်ပေါ်ခဲ့ခြင်းမှာ Circuit Breaker ကာလအတွင်း လုပ်ငန်းအများစုသည် ရပ်ဆိုင်းထားခဲ့ရခြင်းနှင့် နိုင်ငံခြားလုပ်သားများ နေထိုင်ကြသောအဆောင်များတွင် ရောဂါကူးစက်ပြန့်ပွားမှုအခြေ အနေ မြင့်တက်ခဲ့သည့်အတွက် လုပ်သားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းတို့ကြောင့် ဖြစ်ပါသည်။

အလားတူ ဒုတိယ (၃) လပတ်တွင် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍသည်လည်း (-) ၁၃.၆ ရာခိုင်နှုန်း လျှော့ကျခဲ့ပြီး၊ ယခင် (၃)လပတ်တွင် ပေါ်ပေါက်ခဲ့သော (-) ၂.၄ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက များစွာကျဆင်းခဲ့သောအခြေအနေဖြစ်ပါသည်။ နိုင်ငံတကာနှင့် ပြည်တွင်းခရီးသွားလာမှု ကန့်သတ် ချက်များကြောင့် တည်းခိုနေထိုင်ရေးနှင့် လေကြောင်းပို့ဆောင်ရေးလုပ်ငန်းများကဲ့သို့သော ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်လုပ်ငန်းများသည် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ကြောင်း၊ လက်ကားကုန်သွယ် ရေးလုပ်ငန်း နှင့်ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများကဲ့သို့သော ပြည်ပဝယ်လိုအားအပေါ် အဓိကမှီခိုဆောင်ရွက်ရသောလုပ်ငန်းများအပေါ်လည်း ပြင်းထန်သော ရိုက်ခတ်မှု ရှိခဲ့ကြောင်း၊ ထို့ပြင် Circuit Breaker ကာလအတွင်း အသွားအလာကန့်သတ်ချက်ကြောင့် အစားအသောက်ဝန်ဆောင်မှု၊ လက်လီအရောင်းအဝယ်လုပ်ငန်းနှင့် စီးပွား ရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ ကဲ့သို့သော ပြည်တွင်းဝယ်လိုအားအပေါ် အဓိကမှီခိုဆောင်ရွက်ရသောလုပ်ငန်းများသည်လည်း သိသာထင်ရှားစွာ ထိခိုက်မှု ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

နှစ်အလိုက်အလားတူကာလနှင့်နှိုင်းယှဉ်ခြင်းမဟုတ်ဘဲ (၃)လပတ်အစဉ်အတိုင်း နှိုင်းယှဉ်မှု စာရင်းဖြစ်သော ၂၀၂၀ ခုနှစ်၊ ပထမ (၃) လပတ်နှင့်နှိုင်းယှဉ်ပါက စင်ကာပူ၏ စီးပွားရေးသည် ၂၀၂၀ ခုနှစ်၊ ဒုတိယ (၃) လပတ်တွင် (-)၄၁.၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်းဖော်ပြထားပြီး၊ ဒုတိယ (၃) လပတ်အတွင်း လုပ်ငန်းကဏ္ဍအလိုက် တိုးတက်မှုအခြေအနေများ၊ ငွေကြေးဖောင်းပွမှုနှုန်း၊ အလုပ်အကိုင်ရရှိမှုနှုန်းနှင့် ကုန်ထုတ်စွမ်းအားတို့ပါဝင်သော ခန့်မှန်းစာရင်းကို သြဂုတ်လတွင် ဆက်လက်ထုတ် ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Ministry of Trade & Industry, Singapore

Category: Singapore