Singapore

စင်ကာပူနှင့် ပစိဖိတ် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများအကြား FTA စာချုပ် လက်မှတ်ရေးထိုးခဲ့ခြင်း

Last Updated:

စင်ကာပူနိုင်ငံသည် ချီလီ၊ ကိုလံဘီယာ၊ မက္ကဆီကိုနှင့် ပီရူးနိုင်ငံတို့ပါဝင်သော ပစိဖိတ်မဟာမိတ်အဖွဲ့ (Pacific Alliance- PA) နှင့် လွတ်လက်သောကုန်သွယ်ရေးသဘောတူစာချုပ် (PA- Singapore Free Trade Agreement- PASFTA) ကို ၂၆-၁-၂၀၂၂ ရက်နေ့ တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ၂၇-၁-၂၀၂၂ ရက်နေ့ သတင်းထုတ်ပြန်ချက် အရ သိရှိရပါသည်။

ကိုလံဘီယာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၆) ကြိမ်မြောက် ပစိဖိတ်မဟာမိတ်အဖွဲ့ ထိပ်သီးအစည်းအဝေး၌ အဆိုပါသဘောတူ စာချုပ်နှင့် ပစိဖိတ်မဟာမိတ်အဖွဲ့- စင်ကာပူ ပူးတွဲကြေညာချက် (PA- Singapore Joint Declaration) တို့ကို လက်မှတ်ရေးထိုးခဲ့ ခြင်းဖြစ်ပါသည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ စင်ကာပူနိုင်ငံဘက်မှ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး Gan Kim Yong က လူကိုယ်တိုင်တက်ရောက်၍ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကာ စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong က Virtual အစီအစဉ်ဖြင့်တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး၊ ပစိဖိတ်မဟာမိတ်အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့်အတူ အသိသက်သေများအဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။

PASFTA ကို လက်မှတ်ရေးထိုးနိုင်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများအား ၂၀၁၇ ခုနှစ်တွင် တရားဝင်စတင်ဆောင်ရွက်ခဲ့ကြပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် အပြီးသတ်ဆွေးနွေးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

PASFTA သည် စင်ကာပူနိုင်ငံ၏ FTA ကွန်ရက်ကို ချဲ့ထွင်ပေးသည့် ခေတ်မီ၍ ဘက်ပေါင်းစုံသော သဘောတူစာချုပ်တစ်ခုဖြစ် ကြောင်း၊ စင်ကာပူကုမ္ပဏီများ၏ ပို့ကုန်စရိတ်များကို လျှော့ချပေးမည်ဖြစ်၍ ၎င်းတို့၏ ကုန်စည်နှင့် ဝန်ဆောင်မှုများသည် ဈေးနှုန်း ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိလာကာ ပစိဖိတ်မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသို့ ဈေးကွက်ပိုမိုဝင်ရောင်နိုင်စေမည်ဖြစ်ကြောင်း၊ စာချုပ် တွင် ကုန်စည်ကုန်သွယ်ရေး၊ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု စသည့် အစဉ်အလာအတိုင်း ဆောင်ရွက်ကြသော နယ် ပယ်များနှင့်သက်ဆိုင်သည့် Chapter များသာမက စင်ကာပူနိုင်ငံ၏ FTA များတွင် ပထမဆုံးဖြစ်သော နိုင်ငံတကာ ရေကြောင်းပို့ဆောင်ရေးဝန်ဆောင်မှုများနှင့်သက်ဆိုင်သည့် Chapter တစ်ခုလည်း ပါဝင်ကြောင်း၊ PASFTA ကို လက်မှတ်ရေးထိုး လိုက်ခြင်းကြောင့် စင်ကာပူသည် ပစိဖိတ်မဟာမိတ်အဖွဲ့နှင့် ပထမဆုံး လက်တွဲဆောင်ရွက်သည့် အဖွဲ့ဝင်နိုင်ငံဖြစ်လာမည်ဖြစ်ကာ ဒစ်ဂျစ်တယ်စီးပွားရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ အခြေခံအဆောက်အဦးနှင့် စားနပ်ရိက္ခာကုန်သွယ်မှု စသည့် နှစ်ဖက်အပြန်အလှန် စိတ်ဝင်စားမှုရှိသော ကဏ္ဍများတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း၊ အဖွဲ့ဝင် နိုင်ငံများသည် စာချုပ်အာဏာသက်ဝင်လာစေရန်အတွက် သက်ဆိုင်ရာနိုင်ငံအလိုက် အတည်ပြုလက်မှတ်ရေးထိုးမှုလုပ်ငန်းစဉ်များ ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် PASFTA သည် စင်ကာပူနှင့် ပစိဖိတ်မဟာမိတ်အဖွဲ့ဝင်နိုင်ငံများမှ နှစ်နိုင်ငံတို့က အတည်ပြုလက်မှတ်ရေးထိုးပြီးနောက် စတင်အာဏာသက်ဝင်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Source: Ministry of Trade and Industry, Singapore

Category: Singapore