Singapore

စင်ကာပူလေကြောင်းလိုင်းက ပထမ (၃) လပတ်တွင် အသားတင်အရှုံး စင်ကာပူဒေါ်လာ ၁.၁၂ ဘီလီယံဖြစ်ပေါ်ခဲ့၊ လေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက် ရှိရန် (၂) နှစ်မှ (၄) နှစ်အတွင်း ကြာမြင့်နိုင်

Last Updated:

၂၀၂၀ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ကုန်ဆုံးသော ၂၀၂၀ ဘဏ္ဍာရေးနှစ်၏ ပထမ (၃) လပတ် ကာလအတွင်း စင်ကာပူလေကြောင်းလိုင်းအနေဖြင့် အသားတင်အရှုံး စင်ကာပူဒေါ်လာ ၁.၁၂ ဘီလီယံ ပေါ်ပေါ်ခဲ့ကြောင်း၊ ခရီးသည်ပို့ဆောင်မှုတွင် ၉၉.၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သော အခြေအနေ အား ကုန်စည်ပို့ဆောင်ရေးပိုင်းတွင် တိုးတက်ခဲ့သည့်အခြေအနေက တစ်စိတ်တစ်ပိုင်း ကာမိခဲ့ကြောင်း၊ လေကြောင်းလိုင်းအနေဖြင့် ကုန်စည် ပို့ဆောင်မှုအပိုင်းတွင် တိုးတက်လာစေရန် ခရီးသည်တင်လေယာဉ်များအား အသုံးပြုလျက်ရှိကြောင်းနှင့် လက်ရှိအနေအထားအရ ခရီးသည် ပို့ဆောင်မှုအပိုင်းတွင် ကိုဗစ် ၁၉ ကပ်ရောဂါမဖြစ်ပွားမီကာလအတိုင်း ပြန်လည်ရောက်ရှိနိုင်ရန်မှာ (၂)နှစ်မှ (၄)နှစ်အကြား ကြာမြင့်နိုင်ကြောင်း စင်ကာပူလေကြောင်းလိုင်းက ၂၉ - ၇ - ၂၀၂၀ ရက်တွင် ပြောကြားခဲ့သည်။

လက်ရှိနိုင်ငံတကာလေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ၏ ပြန်လည်နာလန်ထူနိုင်မှုအခြေအနေမှာ ယခင်ကခန့်မှန်းချက်များထက် ပိုမိုနှေးကွေး နေပြီး၊ မိမိတို့လေကြောင်းလိုင်း၏ ခရီးသည်ပို့ဆောင်မှုပိုင်းသည် ၂၀၂၀ နှစ်ကုန်၌ ကိုဗစ်မတိုင်မီကာလ၏ တစ်ဝက်အောက်တွင်သာရှိနိုင်ကြောင်း၊ သြဂုတ်လနှင့် စက်တာဘာလတွင် မိမိတို့၏ ခရီးသည်ပို့ဆောင်နိုင်မှုစွမ်းရည်၏ ၇ ရာခိုင်နှုန်းခန့် ပျံသန်းပို့ဆောင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ လက်ရှိအခြေအနေအရ မိမိတို့၏ လေယာဉ်အများစုကို ဆိုက်ကပ်ထားရသည့်အတွက် လေယာဉ်ထုတ်လုပ်သူများအား လတ်တ လော ငွေပေးချေ ရမှုများအပေါ် ရွှေ့ဆိုင်းပေးချေခွင့်ပြုရန် ဆွေးနွေးလျက်ရှိကြောင်း၊ ရေရှည်စျေးကွက်အခြေအနေနှင့်ကိုက်ညီမည့် လေယာဉ်အရွယ်အစားနှင့် ပုံစံများကိုလည်း ပြန်လည်သုံးသပ်သွားရမည်ဖြစ်ကြောင်း၊ လေကြောင်းလိုင်းအနေဖြင့် လက်ရှိဘဏ္ဍာနှစ် အစမှစ၍ ငွေသားလိုအပ်ချက်အတွက် စင်ကာပူဒေါ်လာ ၁၁ ဘီလီယံကို ရှယ်ယာများဖိတ်ခေါ်ခြင်းနှင့် ငွေကြေး ထောက်ပံ့မှုရယူခြင်းအစီအစဉ်တို့ဖြင့် ဆောင်ရွက်ခဲ့ရကြောင်း ပြောကြား ခဲ့ပါသည်။ ၂၉- ၇ - ၂၀၂၀ ရက်နေ့တွင် စင်ကာပူလေကြောင်းလိုင်း၏ ရှယ်ယာတန်ဖိုးမှာ စင်ကာပူဒေါ်လာ ၃.၅၃ ဖြင့် ၁.၁ ရာခိုင်နှုန်းကျဆင်းခဲ့ ကြောင်းသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ The Straits Times

Category: Singapore