Thailand

စစ်တမ်းကပိုမိုကောင်းမွန်သောမဟာဗျူဟာလိုအပ်ကြောင်းဖေါ်ပြ

Last Updated:

ထိုင်းနိုင်ငံအနေဖြင့် ၎င်း၏ဖွံ့ဖြိုတိုးတက်မှုမဟာဗျူဟာကို ကောင်းမွန်စွာပြန်လည်ညိှနှိုင်းရန်နှင့် ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းအပြီးတွင် ရာဘာလက်အိတ်များ၊ ဖြည့်စွက်ဆေးများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းကရိယာများ ကဲ့သို့သော ကျန်းမာရေးဆိုင်ရာထုတ်ကုန်များအတွက် ထုတ်လုပ်မှုအချက်အခြာ Hub for Health Products အဖြစ် နိုင်ငံအားမြှင့်တင်ရန် အာရုံစူးစိုက်လုပ်ဆောင်ရန် အကြံပြုတိုက်တွန်းထားကြောင်း ထိုင်းကုန်သည်ကြီးများ အသင်းတက္ကသိုလ်၏ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုလေ့လာရေးဌာန၏ ဒါရိုက်တာ Aat Pisanwanich ကပြောကြားခဲ့ပြီး ပြီးခဲ့သည့် ဇွန်လ(၁)ရက်နေ့မှ ဇူလိုင်လ(၁၅)ရက်နေ့အထိ နိုင်ငံခြားနှင့် ထိုင်းရင်းနှီးမြှုပ်နှံသူ (၂၀၀)ကို နောက်ဆုံးစစ်တမ်းကောက်ယူမှုက ရလဒ်ကောင်းများထွက်ပေါ်စေခဲ့ကြောင်းလည်း ပြောကြားခဲ့ပါသည်။

စစ်တမ်းကောက်ယူမှုအရ ထိုင်းနိုင်ငံအနေဖြင့် လုပ်အားခနှင့် နိုင်ငံတကာ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးပေးမှုကို ကြည့်ပါက အိမ်နီးချင်းနိုင်ငံများနှင့်  အာဆီယံနိုင်ငံများကို ယှဉ်ပြိုင်နိုင်စွမ်းမရှိတော့ကြောင်း တွေ့ရှိရပါ သည်။ ဗီယက်နမ်နိုင်ငံကဲ့သို့သော နိုင်ငံများအနေဖြင့် ထိုင်းနိုင်ငံထက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မက်လုံးများပိုပေးခြင်းဖြင့် ပိုမိုဆွဲဆောင်ထားနိုင်ကြောင်း Mr.Aat ကပြောကြားခဲ့ပါသည်။

ကမ္ဘောဒီးယားတွင် တစ်နေ့အနည်းဆုံးလုပ်ခမှာဘတ်ငွေ(၂၈၅-၃၀၀)ရှိပြီး၊ လာအိုတွင် ဘတ်ငွေ(၁၇၀)၊ မြန်မာနိုင်ငံတွင် ဘတ်ငွေ(၁၀၀)၊ အင်ဒိုနီးရှားတွင် ဘတ်ငွေ(၁၆၈-၄၂၀)နှင့် ဖိလစ်ပိုင်တွင် ဘတ်ငွေ(၃၀၀-၃၂၀)ရှိပြီး ထိုင်းနိုင်ငံတွင် ဘတ်ငွေ(၃၁၃-၃၃၆)ဖြစ်ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ထုတ်ကုန်များစွာတို့အတွက် အမေရိကန်နှင့် အီးယူတို့မှ ပေးထားသောကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး Generalized System of Preferences (GSP) အား ပြန်လည် ဖယ်ရှားခြင်းခံခဲ့ရပါသည်။ စစ်တမ်း၏တွေ့ရှိချက်အရ နိုင်ငံခြားကုမ္ပဏီလုပ်ငန်းများအနေဖြင့် အနည်းဆုံးစီမံကိန်းအရေအတွက်အရ ကပ်ရောဂါအပြီးတွင် ၎င်းတို့၏ ထုတ်လုပ်မှု အခြေစိုက်စခန်းများကို ဗီယက်နမ်နှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံသို့ ရွှေ့ပြောင်းကြရန် ရွေးချယ်ကြမည်ဖြစ်ကြောင်း၊ ၎င်းနှစ်နိုင်ငံ အနေဖြင့် ထိုင်းနိုင်ငံထက် လုပ်အားခနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိုမိုကောင်းမွန်သော ဆွဲဆောင်မှုများတွင် ပိုမိုအားသာချက် ရှိခြင်းကြောင့်ဖြစ်ကြောင်း Mr.Aat ကပြောကြားခဲ့ပါသည်။  အထူးသဖြင့် ဗီယက်နမ်နိုင်ငံသည် ၎င်း၏နယ်စပ်အားသာချက်ကြောင့် တရုတ်နိုင်ငံမှ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ထားနိုင်ခြင်း ဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် ၎င်းကိုယ်တိုင်က ဗီယက်နမ်နိုင်ငံ၏ထုတ်လုပ်မှုကို midstream မှနေ၍ Downsteam Processing သို့ ကူးပြောင်းရန် အရှိန်မြှင့်တင်ဆောင်ရွက်နေချိန်လည်း ဖြစ်ပါသည်။

Mr.Aat ၏ ပြောကြားချက်အရ ထိုင်းနိုင်ငံအနေဖြင့် အားနည်းချက်များမှာ လုပ်အားခမြင့်တက်မှုနှင့် နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ကြောင်း၊ ၎င်းတို့က အုပ်ချုပ်ရေးဆိုင်ရာ အကြားအလပ်ကို ဖြစ်ပေါ်စေပါသည်။ ထိုင်းနိုင်ငံ၏ အားသာချက်မှာ ကျွမ်းကျင်လုပ်သား၊ ကောင်းမွန်သောအခြေခံအဆောက်အဉီ နှင့်အဆင့်မြင့်ထုတ်လုပ်မှုလုပ်ငန်းများရှိခြင်းတို့ ဖြစ်ပါသည်။ မိမိတို့၏တွေ့ရှိချက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု များ ရွှေ့ပြောင်းရာတွင် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မက်လုံးများနှင့်အထူးအခွင့်အရေးများ၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် အထောက်အကူပြု ဉပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပိုမို၍အာရုံစိုက် ကြကြောင်း၊ ၎င်းတို့က ပို့ကုန်-သွင်းကုန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများကို အဆင်ပြေလွယ်ကူစေကြောင်း၊ အလားတူ တိုးတက်မှုဆိုင်ရာအချက်အလက်များနှင့် ကျန်းမာရေးနှင့် လုံခြုံမှုဆိုင်ရာ စီမံခန့်ခွဲမှုများကို ပိုမိုအလေးထား အာရုံစိုက်ကြကြောင်း Mr.Aat ကပြောကြားခဲ့ပါသည်။

၎င်းက တရုတ်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အထူးသဖြင့် အီလက်ထရောနစ်နှင့် အိုင်တီကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရာတွင် ထိုင်းနိုင်ငံအား ပိုမိုတက်ကြွစွာ ရှိနေမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် ရုံးအသုံး အဆောင်ပစ္စည်းများ နှင့် လေအေးပေးစက်များကို ပိုမိုအာရုံစိုက်လိမ့်မည်ဖြစ်ကြောင်း  နှင့်    မလေးရှားနိုင်ငံအနေဖြင့် hard-disk drive  များ အပိုင်းကို အထူးအလေးထားကြောင်း ပြောကြားခဲ့ပါသည်။

Mr.Aat က Covid-19 ဒုတိယလှိုင်းနှင့်ပတ်သက်၍ စိုးရိမ်မှုများကြောင့် ထိုင်းနိုင်ငံတွင် ယခုနှစ်အတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် သိသိသာသာကျဆင်းလိမ့်မည်ဟု ခန့်မှန်းထားပါသည်။ မိမိတို့အနေဖြင့် လာမည့်နှစ် အစောပိုင်းတွင် ကာကွယ်ဆေးပေါ်ပေါက်မည်ဆိုပါက နောက်နှစ်တွင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာလိမ့်မည်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ရော်ဘာလက်အိတ်များ၊ ဖြည့်စွက် အစားအစာများ၊ ကျန်းမားရေး နှင့်ဆက်စပ်သော စက်မှုလုပ်ငန်းများအားမြှင့်တင်ရန်  အခွင့်အရေးကိုရယူသင့်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

 

Source:Bangkok Post

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand