India (Delhi)

စားသုံးဆီ တင်သွင်းနိုင်မည့် အရင်းအမြစ်များ အိန္ဒိယအစိုးရက လေ့လာလျက်ရှိ

Last Updated:

ပြည်တွင်းသို့ နေကြာဆီများ အဓိကဝယ်ယူတင်သွင်းသည့် ကုန်သွယ်ဘက်နိုင်ငံဖြစ်သော ယူကရိန်းနိုင်ငံထံမှ သွင်းအားစုပြတ်လပ်မှု နှင့် ကြုံတွေ့နေရချိန်၌ စားသုံးဆီဖူလုံမှုရှိစေရေးအတွက် အိန္ဒိယအစိုးရသည် တောင်အမေရိကဒေသနှင့် အရှေ့တောင်အာရှဒေသရှိ နိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

ပြည်တွင်း၌ အရန်စားသုံးဆီများ စုဆောင်းထားရှိသော်လည်း အစိုးရအနေဖြင့် စားသုံးဆီတင်သွင်းရန်အတွက် အခြားသော အရင်း အမြစ်များကို လေ့လာရှာဖွေလျက်ရှိသည်ဟု အိန္ဒိယ စားသုံးသူရေးရာဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြား ကြောင်း အိန္ဒိယ Economic Times သတင်းဌာနက ဖော်ပြပါသည်။

နိုင်ငံတကာ နေကြာဆီအသင်းမှ ဥက္ကဋ္ဌဖြစ်သူ Mr. Sandeep Bajoria က အိန္ဒိယနိုင်ငံ၏ လစဉ်နေကြာဆီစားသုံးမှုမှာ တန်ချိန် ၂ သိန်းခန့်ရှိကြောင်း၊ ဖေဖော်ဝါရီလအတွင်း အိန္ဒိယသို့တင်ပို့သည့် နေကြာဆီပမာဏမှာ တန်ချိန် ၁.၅ သိန်းခန့်ရှိသော်လည်း မတ်လ အတွက်မူ မှန်းဆရန်ခက်ခဲကြောင်း၊ အိန္ဒိယနိုင်ငံအတွက် နေကြာဆီ ပိုမိုဝယ်ယူတင်သွင်းရန် ရွေးချယ်နိုင်သည့် အခြားသောဈေး ကွက်မှာ အာဂျင်တီးနားနိုင်ငံဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အာဂျင်တီးနားမှ နေကြာဆီတင်သွင်းရန် စာချုပ်များချုပ်ဆိုမှုကို တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အကယ်၍ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ရူပီး- ရူဘယ်ငွေကြေးစနစ်ဖြင့် ကုန်သွယ်နိုင်ပါက ရုရှားထံမှ နေကြာဆီ တင်သွင်းရယူနိုင်ချေရှိကြောင်း၊ ရုရှား- ယူကရိန်း နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲခဲ့ပါက ယူကရိန်းနိုင်ငံထံမှ နေကြာဆီများ သင်္ဘောတင်ပို့မှုကို ပြန်လည်စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောဆိုပါသည်။

ရုရှား- ယူကရိန်း စစ်ပွဲဖြစ်ပေါ်မှုကြောင့် နေကြာဆီသွင်းအားစုအပိုင်း ပုံပျက်ယွင်းမှုနှင့်အတူ အိန္ဒိယပြည်တွင်း၌ နေကြာဆီဈေး နှုန်းများ မြင့်တက်လျက်ရှိပြီး စားအုန်းဆီနှင့် ပဲပုတ်ဆီတို့၏ ဈေးနှုန်းများသည်လည်း လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်က စတင်၍ မြင့်တက်လာခဲ့သည်။ သို့ရာတွင် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်မှုရှိသော မုံညင်းဆီနှင့် မြေပဲဆီ၏ဈေးနှုန်းများမှာ အထိုက် အလျောက်တည်ငြိမ်လျက်ရှိသည်။

အိန္ဒိယ ဆီကြိတ်ခွဲထုတ်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ အမှုဆောင်ဒါရိုက်တာ Mr. B V Mehta က ပြည်တွင်းဈေးကွက်၌ ဆီမုံညင်းတန်ချိန် သိန်း ၁၁၀ ခန့် ထွက်ရှိနိုင်ဖွယ်ရှိကြောင်း၊ ထို့အပြင် ဆီကြိတ်ပဲပုတ်သည်လည်း တန်ချိန် သိန်း ၇၀ မှ သိန်း ၈၀ အထိ ရရှိနိုင်ကြောင်း၊ ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပေါ်မှုက ပြည်တွင်းဈေးကွက်၌ စားသုံးဆီများ ဈေးနှုန်းမြှင့်တက်မှုကို ဖြစ်ပေါ်စေ သော်လည်း ကုန်စည်ပြတ်လပ်မှု ဖြစ်ပေါ်နိုင်မည်မဟုတ်ကြောင်း၊ နေကြာဆီအား အစားထိုးသုံးစွဲနိုင်မည့် စားအုန်းဆီများမှာမူ အင်ဒိုနီးရှားနိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒပြောင်းလဲမှုကြောင့် ဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်းဖြင့် ပြောဆိုပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         Government mulls edible oil import options, 8-3-2022, Economic Times

Category: India (Delhi)