China(Nanning)

စိန်မှောင်ခိုဂိုဏ်းတစ်ဂိုဏ်းအား ရှန်းကျန့်အကောက်ခွန်ဌာနက ဖမ်းဆီးနှိမ်နင်းခဲ့

Last Updated:

တရုတ်နိုင်ငံ၊ ရှန်းကျန့်မြို့ရှိ အကောက်ခွန်ဌာနက ယွမ်ငွေ (၃) ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၃၉.၄ သန်းခန့်) တန်ဖိုးရှိ စိန်များကို မှောင်ခိုတင်သွင်းနေသည့် အဓိက ဂိုဏ်းတစ်ဂိုဏ်းအား မကြာသေးမီက ဖမ်းဆီးခဲ့ပါသည်။  ရှန်းကျန့်၊ ဟွေ့ကျိုးနှင့် ရှန်ဝေတို့အပါအဝင် တရုတ်မြို့ကြီးများရှိ သံသယရှိသူ (၆၀) ထံမှ စိန်ပွင့်ပေါင်း (၃၀၀) ကျော်ကိုလည်း ဖမ်းဆီးထားသည်ဟု သိရပါသည်။ ကနဉီး စုံစမ်းထောက်လှမ်းမှုများအရ (၂၀၁၅) ခုနှစ်မှစ၍ ပြည်ပနိုင်ငံများရှိ စိန်ရောင်းချသူများထံမှ စိန်များကို ဝယ်ယူပြီး ဟောင်ကောင်သို့ ပို့ဆောင်စေသည့် ပြည်တွင်းဂိုဏ်းဖြစ်ကြောင်း၊  ရှန်းကျန့်မြို့ရှိဆိပ်ကမ်းများမှတဆင့် စိန်များကို မှောင်ခိုတင်သွင်းရန် လူများငှားရမ်းလေ့ ရှိကြောင်း သိရပါသည်။

ရှန်းကျန့်မြို့သည့် တရုတ်နိုင်ငံ၏ စိန်သွေးရာနှင့် စိန်ကုန်သွယ်မှုပြုရာ အဓိကမြို့ဖြစ်ပြီး၊ နိုင်ငံရှိ စုစုပေါင်းစိန်ကုန်သွယ်မှု၏ (၈၀) ရာခိုင်နှုန်းကျော်အား လုပ်ကိုင်လျက်ရှိ သည်ဟု သိရပါသည်။  

ယခုအခါ တရုတ်နိုင်ငံသည် စိန်၊ ကျောက်စိမ်းအပါအဝင် အဖိုးတန်ကျောက်မျက်များ ကုန်သွယ်ရောင်းဝယ်မှုအပေါ် အကောက်ခွန်နှင့် ပြည်တွင်း၌ကောက်ခံသည့် ကုန်သွယ်ရောင်းဝယ်ခွန်များ မြင့်မားစွာစည်းကြပ်ကောက်ခံပြီး၊ တရားမဝင် တင်သွင်းရောင်းဝယ်မှုများအား ကြပ်မတ်လျက်ရှိပါသည်။  ထို့ကြောင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုနေသော မြန်မာကျောက်မျက်လုပ်ငန်းရှင်များအနေဖြင့်  တရားဝင်နည်းလမ်းများဖြင့် ကုန်သွယ်ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ကြပါရန် တိုက်တွန်း အပ်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

 ရင်းမြစ်၊ China Customs (၂၈-၉-၂၀၂၀)

Category: China(Nanning)