Thailand

စီးပွားနှင့်ကူးသန်းဝန်ကြီးဌာနအနေဖြင့် ဟင်းသီ ဟင်းရွက်နှင့် လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို ခြေရာခံစောင့်ကြည့်လျှက်ရှိခြင်း

Last Updated:

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ဟင်းသီးဟင်းရွက်နှင့် အခြားလူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းများ မြင့်တက်လာခြင်းအပေါ် အနီးကပ် စောင့်ကြည့်လျှက်ရှိကြောင်း၊ ရေကြီးမှု၊ ဆီဈေးမြင့်တက်မှုနှင့် ကုန်ကြမ်းဈေးနှုန်းများမြင့်တက်မှုတို့ကြောင့် ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဝန်ကြီးဌာနအနေဖြင့် ကုန်ပစ္စည်းထုတ်လုပ်သူများအား ၎င်းတို့၏ ထုတ်ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် တောင်းဆိုထား ကြောင်း၊ မနက်ဖြန်မှစ၍ ဗန်ကောက်နှင့် အနီးတစ်ဝိုက်တွင် မိုဘိုင်းယူနစ်အစီး (၅၀) ဖြင့် ဈေးနှုန်းချိုသာသော ကုန်ပစ္စည်းများအား ထောက်ပံ့ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးမစ္စတာဂျူရင်က ၎င်းအနေဖြင့် ပြည်တွင်းကုန်သွယ်ရေးဉီးစီးဌာနအား နိုင်ငံအဝှမ်း ရေကြီးမှုကြောင့် သက်ရောက်ထိခိုက်ခဲ့ရသည့် ပြည်နယ်အများစုအား အနီးကပ်စောင့်ကြည့်ဆောင်ရွက်သွားရန်အတွက် တာဝန်ပေးအပ်ထားကြောင်း၊ ရေကြီးမှုကြောင့် ရလဒ်အနေ ဖြင့် ထောက်ပံ့ပို့ဆောင်မှုအားနည်းခဲ့ကာ ဟင်းသီးဟင်းရွက်များအနေဖြင့် ဈေးကြီးခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အစိုးရ၏ မကြာသေးမီက ပိတ်ဆို့တားဆီးမှုများအပေါ် ဖြေလျှော့ဆောင်ရွက်ခဲ့မှုအစီအမံများသည် ပြည်သူများအား ၎င်းတို့၏ အသုံးစရိတ်များတိုးမြင့်လာစေရန်နှင့် ဟင်းသီးဟင်းရွက်များနှင့် အခြားထုတ်ကုန်များအပေါ် ဝယ်လိုအားတိုးတက်လာစေရန် မျှော်လင့်ကြောင်း၎င်းက ပြောကြားခဲ့ပါသည်။

ပြည်တွင်းကုန်သွယ်ရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Wattanasak Sur-iam က ဟင်းသီးဟင်းရွက်များ၏ ဈေးနှုန်းများမြင့်တက်မှုမှာ ခဏတာဖြစ်ကြောင်း၊ အချိန်တိုအတွင်း ပုံမှန်အတိုင်းပြန်ဖြစ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက မိုးရွာသွန်းမှုမှာ စတင်လျှော့နည်းလာခဲ့ပြီဖြစ်ကြောင်းနှင့် ရာသီဉတုမှာ အေးစပြုလာပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Mr. Wattanasak ၏အဆိုအရ ၎င်း၏ဌာနအနေဖြင့် ရေကြီးမှုနှင့်စွမ်းအင်ဈေးနှုန်းများမြင့်တက်လာမှုကြောင့် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်များ၏ဈေးနှုန်းအပြောင်းအလဲများကို အနီးကပ်စောင့်ကြည့်နေကြောင်းသိရှိရပါသည်။

ပြည်တွင်းကုန်သွယ်ရေးဉီးစီးဌာနမှ အနီးကပ်စောင့်ကြည့်လျှက်ရှိသော ကုန်ပစ္စည်းများတွင် နေ့စဉ်သုံးလူသုံးကုန်ပစ္စည်းများ၊ သန့်ရှင်းရေးနှင့် လျှော်ဖွပ်ရေးပစ္စည်း များ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ အစားအစာများနှင့် ဆန်၊ ဉများ၊ သစ်သီးဝလံများ စသည့်လယ်ယာထုတ်ကုန်ပစ္စည်းများနှင့် ဝက်သားတို့ပါဝင်ကြပါသည်။

၎င်း၏ ပြည်တွင်းကုန်သွယ်ရေးဉီးစီးဌာနအနေဖြင့် လူနေမှုကုန်ကျစရိတ်ကိုလျှော့ချနိုင်ရန်အတွက် နေ့စဉ်သုံးမရှိမဖြစ်ပစ္စည်းများဖြစ်သည့် သန့်ရှင်းရေးနှင့် လျှော်ဖွပ် ရေးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် အခြားသောနေ့စဉ်သုံးထုတ်ကုန်များအား မိုဘိုင်းကုန်စုံကားများဖြင့် လှည့်လည်ရောင်းချမည့်အစီအစဉ်ဖြင့် ဆက်လက် ပံ့ပိုးဆောင်ရွက်သွားမည်ဟု ကတိပြုထားကြောင်း သိရှိရပါသည်။

ကပ်ရောဂါတတိယလှိုင်းကာလအတွင်း ပြည်တွင်းကုန်သွယ်ရေးဉီးစီးဌာနအနေဖြင့် ပြည်သူအများ၏ လူနေမှုစရိတ်ကို လျှော့ချပေးနိုင်ရန်အတွက် နိုင်ငံတစ်ဝှမ်းတွင် မိုဘိုင်းကုန်စုံစတိုးဆိုင်ကားအစီးရေ (၁,၀၀၀) ဖြင့် စေလွတ်ရောင်းချပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။ Mr. Wattanasak ၏ အဆိုအရ ပြည်တွင်း ကုန်သွယ်ရေးဉီးစီးဌာနအနေဖြင့် လယ်သမားများ၏ ထုတ်ကုန်များ၊ အထူးသဖြင့် ဆန်၊ ဉများနှင့် ဟင်းသီးဟင်းရွက်များကို ဖြန့်ဖြူးရောင်းချရာတွင် ကူညီရန်အတွက် ဒေသတစ်ခုစီရှိ ဗဟိုဈေးကြီးများ၊ လက်လီလက်ကားဈေးကွက်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။

ပြည်တွင်းကုန်သွယ်ရေးဉီးစီးဌာနအနေဖြင့် လယ်ယာထုတ်ကုန်များအတွက် ဖြန့်ဖြူးရေးလမ်းကြောင်းအသစ်များ ဖေါ်ဆောင်နိုင်ရန် ဌာနအနေဖြင့် PTT ၊ PTG Energy Plc (PTG) ၊ Shell ၊ Bangchak ကဲ့သို့သော ဗန်ကောက်မြို့တော်ရှိ ဓါတ်ဆီဆိုင်ကြီးများနှင့်လည်း ပူးပေါင်းချိတ်ဆက် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok post                                                          

 

Category: Thailand