Thailand

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့ဝက်သားတင်ပို့မှုကို ယာယီဆိုင်းငံ့ခြင်း

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း၌ ဝက်သားဈေးနှုန်း တဟုန်ထိုးတိုးတက်နေခြင်းအား တိုက်ဖျက်ရန်အတွက် ပြည်ပသို့ ဝက်သားတင်ပို့မှုကို ယာယီဆိုင်းငံ့ထားရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါတားမြစ်ချက်သည် (၆-၁-၂၀၂၂) ရက်နေ့မှစတင်၍ အသက်ဝင်မည်ဖြစ်ကြောင်း မွေးမြူရေးဌာနမှ ထိပ်တန်းအရာရှိများ တက်ရောက်ခဲ့ကြသည့် ဝန်ကြီးဌာန ၏ အဆင့်မြင့်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဝန်ကြီးမစ္စတာဂျူရင်က ဝက်နှင့် ဝက်ပေါက်ကလေးများကို ဧပြီလ (၅) ရက်နေ့အထိ ပြည်ပတင်ပို့ခွင့် ယာယီပိတ်ထားမည်ဖြစ်ခြင်းကြောင့် ပြည်တွင်းဝက်သား အလုံအလောက်ရရှိလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယခင်နှစ်က ပြည်တွင်းဈေးကွက်အတွက် ဝက်ကောင်ရေ (၁၈) သန်းထောက်ပံ့ပေးခဲ့ပြီး ပြည်ပသို့ ဝက်ကောင်ရေ (၁) သန်းတင်ပို့ခဲ့ကြောင်း သိရှိရပါသည်။
ယခုနှစ်တွင် ပြည်တွင်းစားသုံးမှုအတွက် ဖြည့်ဆည်းပေးရန် ဝက်ကောင်ရေ (၁၃) သန်းအထိ ကျဆင်းသွားနိုင်ကြောင်း၊ ၎င်းမှာ ယခင်နှစ်ကိန်းဂဏန်းများနှင့် နှိုင်းယှဉ် ပါက ပြည်တွင်းစား
သုံးမှုအတွက် ဝက်ကောင်ရေ (၅) သန်းခန့် လျှော့နည်းသွားနိုင်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဝက်ကောင်ရေ (၅၀၀) ကျော် မွေးမြူထားသူများ၊ ပြည်ပသို့ဝက်ကောင်ရေ (၅၀၀) ကျော်တင်ပို့သူများနှင့် ဝက်သား (၅) တန်ကျော် သိုလှောင်ထားနိုင်သည့် အအေး ခန်းသိုလှောင်ရုံရှိသူများအနေဖြင့် ၎င်းတို့၏ လက်ကျန်စာရင်းနှင့် ဈေးနှုန်းများကို ပြည်တွင်းကုန်သွယ်ရေးဉီးစီးဌာနသို့ အစီရင်ခံတင်ပြရန် (၅-၁-၂၀၂၂) ရက်နေ့က ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ထုတ်ပြန်ညွှန်ကြားခဲ့ကြောင်း သိရှိရပါသည်။

ဈေးများအားလုံးတွင် ဝက်သားလက်လီဈေးနှုန်းများကို ရှင်းရှင်းလင်းလင်းပြသထားရမည်ဖြစ်ကြောင်းနှင့် ရောင်းချသူများအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန်ဖြစ်ကြောင်း သိရှိရပါသည်။    

ဝက်သားဈေးကြီးမြင့်မှုနှင့်ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနအနေဖြင့် စိုးရိမ်မှုမြင့်တက်လာပြီးနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ လယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန ဒုတိယဝန်ကြီး Prapat Pothasuthon က ပြည်ပသို့ ဝက်သားတင်ပို့ရောင်းချမှုဆိုင်းငံ့ရေး အမိန့်ထုတ်ပြန်နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အစောပိုင်းက ပြောကြားထားခဲ့ပါသည်။ မိမိတို့အနေဖြင့် အခြေအနေကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ မိမိတို့တွင် အစားအစာဖူလုံစေရေးအတွက် ကာလလတ်နှင့် ရေရှည်စီမံကိန်းများရှိပါကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

အဆိုပါအစည်းအဝေးမှ ဝက်သားဈေးတက်ရခြင်းမှာ အိမ်နီးချင်းနိုင်ငံများတွင် အာဖရိကဝက် အပျင်းဖျားရောဂါ African Swine Fever (ASF) ဖြစ်ပွားမှုကြောင့်နှင့်  ထိုင်းနိုင်ငံအနေဖြင့် အဆိုပါရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန် ပြင်းထန်သော အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် တွန်းအားပေးခဲ့ကြောင်းဖြင့် အဆိုပါအစည်းအဝေး တွင် ကောက်ချက်ချ သုံးသပ်ခဲ့ကြောင်း သိရှိရပါသည်။

မွေးမြူရေးဉီးစီးဌာနအနေဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသမဝါယမဘဏ်၏ ပံ့ပိုးကူညီမှုဖြင့် သတ်မှတ်ထားသော ဒေသများရှိ အသေးစားလယ်သမား များ၏ ဝက်မွေးမြူရေးကို မြင့်တင်ဆောင်ရွက်သွားလိမ့်မည်ဖြစ်ကြောင်းနှင့် ကြီးမားသော ဝက်မွေးမြူရေးခြံများတွင် ဝက်သားပေါက်များ ပိုမိုမွေးမြူသွားရန် တောင်း ဆိုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

 

Category: Thailand