Thailand

စီးပွားရေးသည် စိတ်ချရသော လက်ထဲတွင်ရှိကြောင်း ဝန်ကြီးချုပ်ပရာယွတ်ပြောကြား

Last Updated:

ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ က ဘဏ္ဍာရေးဝန်ကြီး Predee Daochai ရာထူးမှနှုတ်ထွက်ခြင်းသည်ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုအပေါ် အကျိုးသက်ရောက်မှုရှိလိမ့်မည် မဟုတ်ကြောင်း အာမခံပြောကြားခဲ့ပါသည်။ သူ့အနေဖြင့် စီးပွားရေးကိုရှေ့သို့ဆက်၍ ဉီးဆောင်နိုင်ရန် စီးပွားရေးအဖွဲ့၏ ဦးဆောင်သူအကြီးအကဲအဖြစ် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ စီးပွားရေးအခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၏ ဗုဒ္ဗဟူးနေ့ (၂-၉-၂၀၂၀ ရက်နေ့) တွင် ကျင်းပခဲ့သော အစည်းအဝေး အပြီးတွင် မစ္စတာပရက်ဒီ နှုတ်ထွက်ရခြင်းနှင့် ပတ်သက်၍ ကျန်းမာရေး အကြောင်းပြချက်အပေါ် သူ့အနေဖြင့်နားလည်ကြောင်း ဝန်ကြီးချုပ်ပရာယွတ်က ပြောကြားခဲ့ပါသည်။

မစ္စတာပရီဒီ က တစ်လမပြည့်ခင် အလုပ်မှနှုတ်ထွက်ကြောင်း အင်္ဂါနေ့(၁-၉-၂၀၂၀ရက်နေ့)တွင် ရုတ်တရက်ကြေငြာခဲ့ရာ၌ သူ့တွင် ကျန်းမာရေးဆိုင်ရာ ပြဿနာများရှိနေကြောင်း အကြောင်းပြချက်ပေးခဲ့ခြင်း ဖြစ်ပါသည်။ သူ၏ နှုတ်ထွက်စာသည် ယမန်နေ့က  စတင်၍  အသက်ဝင်ခဲ့ပြီဖြစ်ပါသည်။ တိုင်းပြည်ကို အုပ်ချုပ်ရေးနှင့် ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ပြဌာန်းထားသည့်အတွက် အစိုးရအနေဖြင့် ဆက်လက် အလုပ်လုပ်သွားလိမ့်မည်ဟု ယုံကြည်ကြောင်း ၊ စီးပွားရေးဆိုင်ရာ တာဝန်ခံ ဒုတိယဝန်ကြီးချုပ်က ဘဏ္ဍာရေးဝန်ကြီးဌာနအား ကြီးကြပ်နေဆဲဖြစ်ကြောင်း၊ စိတ်မပူကြစေလိုကြောင်း၊ ဝန်ကြီးချုပ် တစ်ဉီးအနေဖြင့် မိမိသည် အရာရာကို ကြီးကြပ်သွားမည်ဖြစ်ပါကြောင်း ဝန်ကြီးချုပ်ပရာယွတ်က ပြောကြားခဲ့ပါသည်။

မစ္စတာပရီဒီ နှုတ်ထွက်ခြင်းအတွက် အစိုးရ၏ စီးပွားရေးအပေါ် ကိုင်တွယ်မှုနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုအပေါ် တုန်လှုပ်သွားစေနိုင်မည်လားဟု သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ဝန်ကြီးချုပ်က ပြောကြားရာတွင် စီးပွားရေးအပေါ်လှုံ့ဆွသည့် အစီအမံများမှာ  ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ စီးပွားရေးအဖွဲ့၏ အကြီးအကဲအနေဖြင့် စီမံကိန်းများကို အကောင်အထည်ဖေါ်ရန် သူ့အနေဖြင့် အစိုးရအဖွဲ့နှင့်အတူ လုပ်ကိုင်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ မိမိအနေဖြင့် ဆက်လက်တာဝန်ခံဆောင်ရွက်လျက်ရှိကြောင်းနှင့် မိမိအနေဖြင့် ညွှန်ကြားချက်များပေးနိုင်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။ မိမိတို့အနေဖြင့် စီမံကိန်းများကို အရင်ကအတိုင်း ဆက်လက်ရှေ့ဆက် ဆောင်ရွက်သွားမည်ဖြစ်သည်ကို ယုံကြည်စိတ်ချစေချင်ကြောင်း၊ Covid-19 လျော့ပါးသွားသောအခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ကြိုဆိုလိမ့်မည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့ပါသည်။

ဘဏ္ဍာရေးဝန်ကြီးအသစ် ခန့်အပ်ရန်မည်မျှကြာမြင့်မည်နည်းဟု မေးမြန်းမှုအပေါ် ဝန်ကြီးချုပ်ကအချိန်မီလုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပလန်လရာချာရတ်ပါတီ ခေါင်းဆောင် Prawit က  ဘဏ္ဍာရေးဝန်ကြီးသစ် ရွေးချယ်ရေးနှင့် ပတ်သက်၍  ဝင်ရောက်စွက်ဖက်လိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။ သို့ရာတွင် ဝန်ကြီးချုပ် အနေဖြင့် ဆုံးဖြတ်ချက်ကို အမြန်ချမှတ်ရန်မျှော်လင့်ကြောင်း၊ ပါတီ၏ အားထားရသော ဘဏ္ဍာရေးဒုတိယဝန်ကြီး Santi Promphat က သူ့အနေဖြင့် ရာထူးတိုးမြင့်မှုအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဗိုလ်ချုပ်ကြီး Prawit က PPRP အနေဖြင့် အစားထိုးခန့်ထားမည့် ဘဏ္ဍာရေးဝန်ကြီး အတွက် ဆုံးဖြတ်ချက်အား ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်လိမ့်မည်ဟု ပြောကြားခဲ့ပါသည်။ သူ့အနေဖြင့် Mr. Santi နှင့်Mr.Predee တို့အကြား သဘောထားကွဲလွဲမှုက ဘဏ္ဍာရေးဝန်ကြီး ရာထူးမှ နှုတ်ထွက်ခြင်းဖြစ်သည်ဟူသော သတင်းများကိုလည်းငြင်းပယ်ခဲ့ကြောင်း သိရှိရပါသည်။

Mr. Santi နှင့် Mr.Predee တို့   အနေဖြင့် ယစ်မျိုးဌာန ညွှန်ကြားရေးမှူးချုပ်အသစ် ခန့်အပ်ရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲခဲ့ကြကြောင်း၊ ၎င်းတို့အနေဖြင့် မတူညီသော ကိုယ်စားလှယ်လောင်းများကို မျက်နှာသာပေးခဲ့ကြကြောင်း သိရှိရပါသည်။ နောက်ဆုံးတွင် ဘဏ္ဍာရေးမူဝါဒရုံး ဒါရိုက်တာ Lavaron Sangsnit အား မစ္စတာ ပရီဒီက ရွေးချယ်ခဲ့ကြောင်းနှင့် Mr.Santiက နိုင်ငံတော် စီးပွားရေးမူဝါဒရုံး ညွှန်ကြားရေးမှူး Prapas Kong-led အား ပိုမိုနှစ်သက်ခဲ့ကြောင်း သိရှိရပါသည်။  သို့ရာတွင် Mr.Santi က သတင်းထောက်များအား သူ့အနေဖြင့် မစ္စတာ ပရီဒီနှင့် ပဋိပက္ခ မဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ သူ့အနေဖြင့် ဘဏ္ဍာရေးဝန်ကြီး ရာထူးအား ရယူဖို့ အဆင်သင့်ဖြစ်ပြီလားဆိုသည်မှာ ဝန်ကြီးချုပ်အပေါ် မူတည်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand