Germany

စွမ်းအင်ကဏ္ဍအကျပ်အတည်းနှင့် ပလပ်စတစ်ထုတ်လုပ်မှုလျော့ချရေး

Last Updated:

တစ်ခါသုံးပလပ်စတစ် ထုပ်ပိုးရေးဆိုင်ရာ ထုတ်လုပ်မှုလုပ်ငန်းများသည် ရေနံသဘာဝဓါတ်ငွေ့များရရှိမှုပေါ် မှီတည်နေခြင်းကြောင့် ထုတ်လုပ်မှုလျော့ချခြင်းမှ စွမ်းအင်အကျပ်အတည်းကို တစ်နည်းတစ်ဖုံ ဖြေရှင်းနိုင်မှုအတွက် လေ့လာဆန်းစစ်မှုများ ပြုလုပ်လာကြပါသည်။ Global break free from plastic movement နှင့် Non-government Center for International Environmental Law (CIEL) တို့၏ လေ့လာဆန်းစစ်မှုများအရ ဥရောပဒေသတွင် ပလပ်စတစ်ထုတ်လုပ်မှုသည် ၁၉၅၀ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း တန်ချိန် (၀.၃၅) သန်းမှ (၅၅) သန်းအထိတိုးတက်လာခဲ့ပြီး ထုတ်ပိုးလုပ်ငန်းများအတွက် အများဆုံးဖြစ်ခဲ့ပါသည်။ အီးယူဒေသ တွင်လည်း ပလပ်စတစ်သည် ရေနံဓာတုစက်မှုလုပ်ငန်း၏ ကြီးမားသောဈေးကွက် တစ်ခုဖြစ်ပါသည်။ ထို့အပြင် ၂၀၂၀ ခုနှစ်အတွင်း အီးယူဒေသတွင် ဓါတ်ငွေ့သုံးစွဲမှု ၏ ၁၅ ရာခိုင်နှုန်းနီးပါးနှင့် ရေနံသုံးစွဲမှု၏ ၁၄ ရာခိုင်နှုန်းနီးပါးတို့သည် ရေနံဓာတုပစ္စည်းများပြုလုပ်ရန် သုံးစွဲခဲ့ကြပြီး အများစုမှာ ပလပ်စတစ်ထုတ်လုပ်ရန်ဖြစ် ကြောင်းလည်း တွေ့ရှိရပါသည်။

အီးယူအဖွဲ့ဝင်နိုင်ငံများအနက် ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ စပိန်၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်နှင့် ပိုလန်နိုင်ငံတို့သည် ပလပ်စတစ်ထုတ်လုပ်ရန်အတွက် ရေနံနှင့် ဓါတ်ငွေ့ အများဆုံးအသုံးပြုကြပြီး အီးယူဒေသ ပလပ်စတစ်ထုပ်ပိုးပစ္စည်းစွန့်ပစ်မှုများ၏ (၇၇) ရာခိုင်နှုန်းမှာ အဆိုပါနိုင်ငံများမှ ဖြစ်နေပါသည်။ လေ့လာတွေ့ရှိမှု အစီရင်ခံစာများတွင် အိမ်ထောင်စုများတွင် စွမ်းအင်သုံးစွဲမှုဘီလ်များ မြင့်တက်လာနေချိန်တွင် ရေနံဓာတုစက်မှုလုပ်ငန်းများသည် တစ်ခါသုံးပလပ်စတစ်ထုတ်လုပ်မှု များအတွက် လောင်စာစွမ်းအင်များကို သုံးစွဲနေခြင်းသည် အီးယူဒေသ၏ စွမ်းအင်အကြပ်အတည်းဖြစ်ပေါ်နေမှုကို ပိုမိုတိုးပွားစေခြင်းသာဖြစ်ကြောင်း၊ ရေနံဓာတု စက်မှုလုပ်ငန်းစက်ရုံများ ဆောက်လုပ်ခြင်း ရပ်တန့်ရန်နှင့် ပလပ်စတစ်ထုပ်ပိုးမှုများ လျော့ချရန်တို့ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အနည်းဆုံး ဆောင်းရာသီအတွင်း ပလပ်စတစ်စက်ရုံများ လည်ပတ်မှုရပ်နားထားသင့်ကြောင်းတို့ကို ဝေဖန်ဖော်ပြလာကြပါသည်။ အီးယူကော်မရှင်အနေဖြင့် ပလပ်စတစ်ထုတ်လုပ်မှုလျော့ချရေး အစီ အစဉ်များကို မဟာဗျူဟာများချမှတ်၍ ဆောင်ရွက်နေသော်လည်း လုပ်ဆောင်ရမည့် အဆင့်များ ကျန်ရှိနေဆဲဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source:https://www.dw.com/en/russia-gas-crisis-single-use-plastic-packaging-industry-consumer-winter-heating/a-63250228

 

Category: Germany