Belgium

စွမ်းအင်ဈေးနှုန်းမြင့်တက်မှုကို ဥရောပနိုင်ငံများ ပေါင်းစည်းတုံ့ပြန်သွားရန် ပြင်သစ်နှင့် စပိန်နိုင်ငံ တို့က တိုက်တွန်းခြင်း

Last Updated:

ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများမြင့်တက်နေသဖြင့် အီးယူရှိ ဆင်းရဲနွမ်းပါးသူပြည်သူများ၊ စီးပွား ရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် အီးယူ၏ ၂၀၅၀ ပြည့်နှစ်၊ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရေးအစီအမံတို့ကို ကာကွယ်ပေးရန်အတွက် ဥရောပနိုင်ငံများအကြား ပေါင်းစည်းတုံ့ပြန်မှု တစ်ရပ်ကိုလုပ်ဆောင်ရန် ပြင်သစ်နှင့်စပိန်နိုင်ငံတို့က တောင်းဆိုတိုက်တွန်းခဲ့ကြောင်း၊  ယင်းတောင်းဆိုမှုသည် စွမ်းအင်ဈေးနှုန်းမြင့်တက်နေမှုဖြေရှင်းရေး ဥရောပကော်မရှင်၏ ဆောင်ရွက်ချက်အား ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။

သဘာဝဓါတ်ငွေ့အဓိကထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၏ ရောင်းလိုအားသည် ဝယ်လိုအားကို ပြည့်မီမှုမရှိခြင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါမှ စီးပွားရေးပြန်လည်နာလန်ထူလာရန် ကြိုးပမ်းနေမှုများကြောင့် ကမ္ဘာ့စွမ်းအင်ဝယ်လိုအား မြင့်တက်လျက်ရှိရာ အီးယူတစ်ဝန်း၌လည်း စက်သုံးဆီ ဓါတ်ငွေ့ဈေးနှုန်းများ စံချိန်တင်မြင့်တက်နေခြင်းဖြစ်သည်ဟုဆိုသည်။ ယခုအခါ ဥရောပ၏ ဆောင်းရာသီ ဝင်ရောက်လာပြီဖြစ်၍ အနွေးပေးရန်အတွက် ဓါတ်ငွေ့ကို ပိုမိုအသုံးပြုရမည်ဖြစ်ရာ အီးယူရှိစားသုံးသူများအပေါ် စွမ်းအင်/ဓါတ်ငွေ့ဈေးနှုန်းမြင့်တက်မှုဖိအားများ ရှိလာကြောင်း သိရပါ သည်။

အီးယူတစ်ဝန်း စွမ်းအင်ဈေးနှုန်းများမြင့်တက်နေသဖြင့် ယူရိုဇုန်၏ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးကို လူဇင်ဘတ်နိုင်ငံ၌ ၄-၁၀-၂၀၂၁ ရက်တွင် ကျင်းပခဲ့ကြောင်း၊ စွမ်းအင်ဈေးနှုန်း မြင့်တက်မှုကြောင့်ဖြစ်ပေါ်သည့် ငွေကြေးဖောင်းပွမှုနှုန်းတက်လာခြင်းမှာ ယာယီသာဖြစ်၍ ၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျဆင်းသွားမည်ဖြစ်သော်လည်း ယင်းမှာစိုးရိမ်ဖွယ်ကောင်းပြီး၊ စောင့်ကြည့်ရန် လိုအပ်ကြောင်း ၎င်းတို့က သဘောတူခဲ့ကြသည်ဟုသိရသည်။

စွမ်းအင်ဈေးနှုန်းများ မကြုံစဖူးမြင့်တက်နေသည်ကို တွေ့ရကြောင်း၊ ယင်းကို တစ်နိုင်ငံချင်း ဖြေရှင်း၍မရနိုင်ဘဲ ဥရောပနိုင်ငံများအကြား ပေါင်းစပ်ညှိနှိုင်းတုံ့ပြန်ရန်လိုအပ်သည်ဟု စပိန်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ Nadia Calvino ကပြောကြားကြောင်း၊ စပိန်နိုင်ငံအနေဖြင့် စွမ်းအင် ဈေးနှုန်းမြင့်တက်မှုဖြေရှင်းနိုင်ရေး ဖြစ်နိုင်ဖွယ်နည်းလမ်းများပါဝင်သည့် စာတမ်းတစ်စောင်ကို လည်း ပြုစုထားသည်ဟု ၎င်းက ပြောကြားကြောင်း သိရပါသည်။

စပိန်နိုင်ငံက တင်ပြသည့် စာတမ်းပါ ဖြစ်နိုင်ဖွယ်နည်းလမ်းများအနက် တစ်ခုမှာ အီးယူ(၂၇) နိုင်ငံရှိ စားသုံးသူပြည်သူများအတွက် ဈေးနှုန်းသက်သာစေရေး ဆောင်ရွက်ရာတွင် အထောက်အကူပြုစေမည့် မဟာဗျူဟာမြောက်    ဥရောပ၏ အရံဓါတ်ငွေ့သိုလှောင်မှု (strategic European Gas Reserve) ကို လုပ်ဆောင်ရန် ဖြစ်ကြောင်း သိရပါသည်။ အီးယူ၏ သဘာဝဓါတ်ငွေ့ဝယ်ယူရာတွင်   ညှိနှိုင်းဝယ်ယူနိုင်စွမ်း တိုးတက်လာစေရေးအတွက် ဗဟိုမှထိန်းချုပ်ဝယ်ယူသည့် စင်္ကြန်တစ်ခုလိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများဝယ်ယူရာတွင် ဗဟိုမှဝယ်ယူသည့်ပုံစံဖြင့်ဆောင်ရွက်ခဲ့ပြီး၊ အောင်မြင်မှုရှိခဲ့သဖြင့် ယင်းပုံစံကို စွမ်းအင်ဝယ်ယူမှုကဲ့သို့သော မဟာဗျူဟာမြောက်နယ်ပယ်များတွင် အသုံးပြုသင့်သည်ဟု ၎င်းစာတမ်းကဆိုသည်။

ပြင်သစ်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ Bruno le Maire က ဥရောပ၏ အရံဓါတ်ငွေ့ သိုလှောင်ထားရှိရေးနှင့် လျှပ်စစ်ဓါတ်အားခဈေးနှုန်းနှင့် ဓါတ်ငွေ့ဈေးနှုန်းအကြား ချိတ်ဆက်နေမှုကို ဖြတ်တောက်နိုင်ရေးအဆိုပြုခဲ့ကြောင်း သိရသည်။ ဥရောပ၏ စွမ်းအင်ဈေးကွက်သည် ဥရောပ တစ်ဝန်း၌ စွမ်းအင်ရရှိမှုသေချာစေသည့် အားသာချက်ရှိပြီး၊  လျှပ်စစ်ဓါတ်အားဈေးနှုန်းနှင့် လောင်စာဆီဓါတ်ငွေ့ဈေးနှုန်း ယှဉ်တွဲချိတ်ဆက်နေသည့် အဓိကအားနည်းချက်လည်း ရှိနေကြောင်း၊ ဓါတ်ငွေ့ကဲ့သို့သော ရုပ်ကြွင်းလောင်စာဆီဈေးနှုန်းနှင့် ဆက်လက်ချိတ်ဆက်နေမည်ဆိုပါက လောင်စာဆီသုံး အင်ဂျင်များကို အသုံးမပြုဘဲ လျှပ်စစ်ဓါတ်အားကို ပိုမိုသုံးစွဲ၍  ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များသို့ ကူးပြောင်းရေး အီးယူ၏ အစီအမံမှာ တိုးတက်မှုရရှိမည်မဟုတ်ဘဲ စွမ်းအင်ဈေးနှုန်းမြင့်တက်မှုဖြင့်သာ အဆုံးသတ်စေနိုင်ကြောင်း Bruno le Maire က ပြောကြားခဲ့သည်ဟု သိရပါသည်။

စွမ်းအင်ဈေးနှုန်းများနှင့် လောင်စာဆီဓါတ်ငွေ့ဈေးနှုန်းများအကြား ယှဉ်တွဲချိတ်ဆက်နေမှုနှင့်  ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များအတွက်  ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ရန်လိုအပ်ချက်တို့ကြောင့် ရာသီဉတုပြောင်းလဲမှုတိုက်ဖျက်ရေးအစီအစဉ်များသည် ကာလရှည်ကြာ စွမ်းအင် ဈေးနှုန်းမြင့်တက်မှုကို ဖြစ်စေနိုင်ကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များမှ လျှပ်စစ်ဓါတ်အားပိုမိုရရှိရန် လိုအပ်ချက်ရှိနေသေးသဖြင့် စွမ်းအင်ဈေးနှုန်းကြီးမြင့်မှုကို ကာလရှည် ရင်ဆိုင်ကြုံတွေ့ရနိုင်သည်ဟု ၎င်းကပြောကြားခဲ့ကြောင်းသိရပါသည်။

 

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ် -  (Euractiv)

Category: Belgium