Belgium

ဆောက်လုပ်ရေးကုန်ကြမ်းပစ္စည်းများ ဈေးတက်မှုကြောင့် ဘယ်လ်ဂျီယံနိုင်ငံ၏ ဆောက်လုပ်ရေး ကုမ္ပဏီများက စိုးရိမ်လာကြခြင်း

Last Updated:

၂၀၂၂ခုနှစ်၊ နှစ်ဉီးပိုင်းမှစတင်၍ ဆောက်လုပ်ရေးကုန်ကြမ်းပစ္စည်းများ၏ ဈေးနှုန်းမှာ (၁၆) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း ဘယ်လ်ဂျီယံ ဆောက်လုပ်ရေးအဖွဲ့ချုပ်က ထုတ်ပြန်သည့် စစ်တမ်းအရသိရပါသည်။ ၎င်းအဖွဲ့ချုပ်အနေဖြင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခက်အခဲများနှင့် ရုရှား-ယူကရိန်း ပဋိပက္ခတို့၏ သက်ရောက်မှုအပေါ် ဘယ်လ်ဂျီယံဆောက်လုပ်ရေးကုမ္ပဏီ (၃၀၂) ခုအား စစ်တမ်းကောက်ယူခဲ့ကြောင်း၊ စစ်တမ်း ကောက်ယူသည့် ကုမ္ပဏီများ၏ ထက်ဝက်ကျော်သည် ဆောက်လုပ်ရေးကုန်ကြမ်းပစ္စည်း ဈေးနှုန်းမတည်ငြိမ်မှု၊ ကုန်ကျစရိတ်မြင့်တက်မှုနှင့် ပစ္စည်း ရရှိရန် ကြန့်ကြာမှုများကြောင့် ဖောက်သည်များအတွက် customer quotes deadline ကိုလျှော့ချကြရပြီး၊ ကုမ္ပဏီများ၏ (၄၄) ရာခိုင်နှုန်းမှာ ရက်အနည်းငယ် သက်တမ်းရှိသည့် offer quotes များကိုသာ ပေးနိုင်သည်ဟုဆိုသည်။

အစိုးရပိုင်းအနေဖြင့် ဆောက်လုပ်ရေးကုမ္ပဏီများအတွက် ကုန်ကြမ်းဝယ်ယူရေးနှင့် ဆောက်လုပ်ရေးစာချုပ်များတွင် ပို၍ပြောင်းလွယ်ပြင်လွယ်ခွင့်ပြု ပေးရန်နှင့် ကုန်ကြမ်းရရှိမှုအခက်အခဲကြောင့် စာချုပ်အမီ ဆောက်လုပ်လွှဲအပ်နိုင်ခြင်းမရှိသည့် ကုမ္ပဏီများအပေါ် ဘဏ္ဍာရေးအရ အရေးယူမှုများမှ ကာကွယ်ပေးရန် ဘယ်လ်ဂျီယံဆောက်လုပ်ရေးအဖွဲ့ချုပ်၏ စီအီးအိုဖြစ်သူ NikoDemeester က တောင်းဆိုထားကြောင်းသိရပါသည်။

ဆောက်လုပ်ရေးကုမ္ပဏီများအနေဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားချိန်မှစတင်၍ ကုန်ကြမ်းပစ္စည်းဈေးနှုန်းမြင့်တက်မှုကို ကြုံတွေ့ရကြောင်း၊ အထူးသဖြင့် သံမဏိ၊ သတ္တု၊ သစ်သား၊ ပိုက်ဆက်ပစ္စည်းနှင့် လျှပ်ကာပစ္စည်းများကဲ့သို့သော အရေးပါသည့် ကုန်ကြမ်းများရရှိနိုင်မှုအပေါ်တွင် သက် ရောက်မှုရှိခဲ့ခြင်းဖြစ်ကြောင်း၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ သယ်ယူပို့ဆောင်မှုကြာမြင့်ချိန်သည် ပြီးခဲ့သည့်ဇန်နဝါရီလမှစတင်ကာ ပို၍ကြာရှည်လာ ခဲ့ကြောင်း၊ ဆောက်လုပ်ရေးကုမ္ပဏီအများစုအနေဖြင့် ကုန်ကြမ်းပြတ်လပ်မှုကြောင့် ၎င်းတို့၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်အချို့ ပိတ်သိမ်းရမည့် အခြေအနေနှင့် ကုန်ကြမ်းအခက်အခဲ ဆက်လက်ဖြစ်ပေါ်နေပါက ဆုံးရှုံးမှုကြီးမားနိုင်သည့်အခြေအနေတို့အပေါ် စိုးရိမ်နေကြကြောင်း သိရပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စီးပွားရေးလုပ်ငန်းများအား အထောက်အကူပြုစေရေးအတွက် ဆောင်ရွက်ခဲ့သည့် ယာယီအလုပ်လက်မဲ့အစီ အစဉ်ကို ဘယ်လ်ဂျီယံနိုင်ငံ၊ ဖက်ဒရယ်အစိုးရက သက်တမ်းတိုးမြှင့်သွားရန် ဆုံးဖြတ်ချက်ကြောင့် စက်မှုလုပ်ငန်းကဏ္ဍအတွက် ဖိအားလျော့ပါးစေခဲ့ ကြောင်း၊ ပြီးခဲ့သည့် မတ်လ (၁၅) ရက်မှ ဧပြီလ (၁၅) ရက်ကာလအတွင်း ဆောက်လုပ်ရေးကုမ္ပဏီများ၏ (၆၂) ရာခိုင်နှုန်းမှာ အလုပ်သမားများအား ခွင့်အဖြစ် သတ်မှတ်ပေးထားရကြောင်း သိရပါသည်။

ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားနေခြင်းကလည်း ဆောက်လုပ်ရေးကဏ္ဍအပေါ် ထိခိုက်စေကြောင်း၊ ယူရိုဇုန်တွင် ငွေကြေးဖောင်းပွနှုန်းသည် ပြီးခဲ့သည့် မတ်လတွင် (၇.၅) ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပြီး၊ ဘယ်လ်ဂျီယံနိုင်ငံအနေဖြင့် (၈.၃) ရာခိုင်နှုန်းဖြင့် ငွေကြေးဖောင်းပွနှုန်းစံချိန်တင် မြင့်မားခဲ့ကြောင်း၊ ကုန်ဈေးနှုန်းနှင့် အလိုအလျောက် လိုက်ပါချိတ်ဆက်နေသည့် ဘယ်လ်ဂျီယံနိုင်ငံ၏ လုပ်ခလစာတိုးမြှင့်နှုန်းထားအရ လုပ်သားအတွက် ကုန်ကျစရိတ် များမှာလည်း အနည်းဆုံး (၉.၂၂) ရာခိုင်နှုန်းဖြင့် တိုးတက်လာနိုင်ကြောင်း သိရပါသည်။ ကန်ထရိုက်စာချုပ်များတွင် ဈေးနှုန်းပြင်ဆင်ချက် ပုံသေနည်း အသေးစိတ်ကို ရှင်းလင်းစွာ ထည့်သွင်းဖော်ပြခြင်းနှင့်အတူ စီးပွားရေးလုပ်ငန်းများ၏ စွမ်းအင်သုံးစွဲမှုအပေါ် စည်းကြပ်ခွန်များ လျှော့ချနိုင်ရေးကို ဘယ်လ်ဂျီယံဆောက်လုပ်ရေးအဖွဲ့ချုပ်က လုပ်ဆောင်လျက်ရှိကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)
ရင်းမြစ် -  https://www.brusselstimes.com/belgium/219376/soaring-price-of-building-materials-puts-belgian-construction-companies-at-risk

 

Category: Belgium