China(Nanning)

ဆောင်းရာသီ- နွေဦးရာသီ ရိတ်သိမ်းမှုများ ပြီးစီးသည့်အခါ ဗီယက်နမ်ဆန်ဈေးနှုန်းများ မြင့်တက်ဖွယ်ရှိ

Last Updated:

ဧပြီလနှောင်းပိုင်း၌ အရှေ့အလယ်ပိုင်းဈေးကွက်မှ ဝယ်လိုအားကြောင့် ထိုင်းဆန်ဈေးနှုန်း မြင့်တက်ခဲ့သည်မှအပ အာရှဆန်ဈေးကွက် တည်ငြိမ်ခဲ့ပါသည်။ အမေရိကန် လယ်ယာစိုက်ပျိုးရေးဈေးကွက်၌မူ ဂျုံ၊ ပြောင်းနှင့် ပဲပုပ်တို့အား ကုန်သွယ်မှု ကျဆင်းခဲ့ပါသည်။

ဧပြီလ နောက်ဆုံးရက်သတ္တပတ်အတွင်း ထိုင်းနိုင်ငံမှ (၅% အကျိုးအကြေ ပါဝင်သည့်) ဆန်ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၄၃၂) ဒေါ်လာမှ (၄၃၅) ဒေါ်လာကြား ရှိခဲ့ပြီး ယခင်ရက်သတ္တပတ်ကထက် (၂၂) ဒေါ်လာခန့် တက်ခဲ့ပါသည်။

အီရန်၊ အီရတ်တို့မှ ဝယ်လိုအားများအပြင် ဆော်ဒီအာရေဗျနှင့် ဆက်ဆံရေးတိုးတက်လာသဖြင့် ထိုင်းဆန်များကို ဝယ်လိုအားတက်လာခြင်းဖြစ်ကြောင်း သိရပါသည်။ သို့သော်လည်း သယ်ယူပို့ဆောင်ရေးစရိတ်စကများမှာ ထိုင်းဆန်တင်ပို့မှုအတွက် အဓိက စိန်ခေါ်မှုဖြစ်နေကြောင်းနှင့် အရှေ့အလယ်ပိုင်းမှ ဝယ်ယူသူများမှာ ကိုယ်ပိုင်သယ်ယူပို့ဆောင်ရေးယာဉ်များဖြင့် ဝယ်ယူကြခြင်းဖြစ်ကြောင်း သိရပါသည်။ ထိုင်းဘတ်ငွေနှင့် အမေရိကန်ဒေါ်လာတို့၏ ငွေလဲလှယ်ရာတွင် ဘတ်ငွေအားပျော့လာခြင်းကြောင့်လည်း ဆန်ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းဖြစ်ပါသည်။

ပေါင်းဆန်တင်ပို့ရာတွင် ဦးဆောင်နေသည့် အိန္ဒိယနိုင်ငံမှ (၅% အကျိုးအကြေ ပါဝင်သည့်) ဆန်ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၆၁) ဒေါ်လာမှ (၃၆၅) ဒေါ်လာကြား ရှိခဲ့ပြီး ဈေးနှုန်းမပြောင်းလဲခဲ့ပေ။

ဧပြီလ ၂၈ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံမှ (၅% အကျိုးအကြေ ပါဝင်သည့်) ဆန်ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၄၁၅) ဒေါ်လာရှိခဲ့ပြီး ဈေးနှုန်းမပြောင်းလဲခဲ့ကြောင်း သိရပါသည်။ သို့ရာတွင် ဆောင်းရာသီ- နွေဦးရာသီရိတ်သိမးမှု ပြီးစီးလုပြီဖြစ်ကာ ရောင်းလိုအား နည်းလာသောကြောင့် လာမည့် ရက်သတ္တပတ်များတွင် ဈေးတက်ဖွယ်ရှိပါသည်။ ထို့ကြောင့် ကုန်သည်များမှာ ပို့ကုန်စာချုပ်အသစ်များ ချုပ်ဆိုရန် တွန့်ဆုတ်နေကြောင်း သိရပါသည်။

မေလ ၄ ရက်နေ့တွင် စိုချီမင်းဆိပ်ကမ်းမှ တန်ချိန် (၃၀၀၉၉၀) တန်နှင့် မေလ ၅ ရက်နေ့တွင် တန်ချိန် (၄) သောင်း သင်္ဘောတင်ခဲ့ပြီး ၎င်းဆန်အများစုကို ဖိလစ်ပိုင်၊ အာဖရိကနှင့် ကျူးဘားသို့ တင်ပို့ခြင်း ဖြစ်ပါသည်။

လက်ရှိရာသီတွင် ဘင်္ဂလားဒေ့ရှာ်အစိုးရကလည်း လယ်သမားများထံမှ ဆန်ပိုမိုဝယ်ယူနေပြီး လက်ရှိဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် တာကာ (၄၀) ဖြစ်ပါသည်။ ယခင်နှစ်က တစ်ကီလိုဂရမ်လျှင် (၃၆) တာကာဖြင့်သာ ဝယ်ယူခဲ့သည်ဟု သိရပါသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရသည် မေလ ၇ ရက်နေ့မှစ၍ ပြည်တွင်းစိုက်ပျိုးသူများထံမှ ဆန်နှင့် ဂျုံ တန်ချိန် (၁.၈) သန်းကို ဝယ်ယူမည်ဖြစ်ရာ ၎င်းဝယ်ယူမှုသည် ဆင်းရဲနွမ်းပါးသူများကို စားနပ်ရိက္ခာဝေငှပြီး ပြည်တွင်းဈေးနှုန်းကို တည်ငြိမ်စေရန် ဆောင်ရွက်မည့် အရှေ့တောင်အာရှနိုင်ငံများအတွက် အလွန်အရေးပါသည့် ရွေ့လျားမှု ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

Source: Vinanet.vn (1-5-2022)

 

Category: China(Nanning)