India (Delhi)

ဇိုခေါသာ အကောက်ခွန်စစ်ဆေးရေးစခန်းအား အဆင့်မြှင့်တင်ရန် အိန္ဒိယအစိုးရက ရန်ပုံငွေချမှတ်

Last Updated:

မီဇိုရမ်ပြည်နယ်၊ Champhai ခရိုင်အတွင်း အိန္ဒိယ- မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ ဇိုခေါသာ အကောက်ခွန်စစ်ဆေးရေးစခန်း (Zokhawthar Land Customs Station) ၌ သယ်ယူပို့ဆောင်မှု၊ အခွန်ကောက်ခံမှု၊ လူဝင်မှုကြီးကြပ်ရေး၊ ကုန်စည်ကိုင်တွယ်မှုနှင့် အခြားဝန်ဆောင်မှုများ ဆောင်ရွက်ရာတွင် ပိုမိုအားကောင်းလာစေရန် ရည်ရွယ် လျက် အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းအား အဆင့်မြှင့်တင်မည့် လုပ်ငန်းများ၌ ရူပီးငွေ ၁၅ ကုဋေကျခံသုံးစွဲရန် အိန္ဒိယအစိုးရက ခွင့်ပြုမိန့်ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။ 

မီဇိုရမ်ပြည်နယ် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Dr. R. Lalthangliana က မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ၎င်းတို့ပြည်နယ်အကြား နယ်စပ် ဖြတ်ကျော်ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရန် ဗဟိုအစိုးရသည် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ချန်ဖိုင်ခရိုင်၊ ဇိုခေါသာကျေးရွာရှိ အင်ဒို- မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်း၏ လုပ်ငန်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းစေရေးအတွက် လုံလောက်သည့်အစီအမံများကို ဗဟိုအစိုးရက ချမှတ်ထား ရှိကြောင်း၊ ၎င်းစခန်း၌ တာဝန်ထမ်းဆောင်မည့် အရာထမ်း၊ အမှုထမ်းများအတွက် နေအိမ်ဆောက်လုပ်ရာတွင် ဗဟိုအစိုးရ၏ ရန်ပုံငွေများကို အသုံးပြုမည်ဖြစ်ကြောင်း ဖြင့် ပြည်နယ်လွှတ်တော်၌ လက်ရှိအနိုင်ရပါတီဖြစ်သော Mizo National Front ပါတီမှ ဥပဒေပြု လွှတ်တော်အမတ်ဖြစ်သူ Mr. Z R Thiamsanga ၏ မေးမြန်းချက် အပေါ် ဖြေကြားခဲ့သည်။

ဗဟိုအစိုးရမှ ခွင့်ပြုမိန့်ချမှတ်ခဲ့သော အဆိုပါရန်ပုံငွေကို ဇိုခေါသာ အကောက်ခွန်စစ်ဆေးရေးစခန်းရှိ အိမ်ရာများ၊ လူဝင်မှုစစ်ဆေးရေးစခန်းများ၊ တိရစ္ဆာန်များ သီးသန့် ခွဲခြားထားရှိရေးစခန်းများ၊ သီးနှံကာကွယ်ရေးဓာတ်ခွဲခန်းများ၊ အစားအစာဓာတ်ခွဲခန်းများ၊ ယာဉ်နှင့် ကုန်သေတ္တာများ၏ အလေးချိန်ကို ချိန်တွယ်သည့်ကတ္တားများနှင့် သိုလှောင်ရုံများ စသည့် အခြေခံအဆောက်အအုံများအား အဆင့်မြှင့်တင်တည်ဆောက်ရာတွင် အသုံးပြုမည်ဖြစ်သည်။

အခြားတစ်ဖက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျက်ရှိသော Lunglei ခရိုင်ရှိ Kawrpuichhuah ဒေသတွင် စုပေါင်းစစ်ဆေးရေးစခန်းအဖြစ် အဆင့်မြှင့် တင်ရန် အဆိုပြုထားသော မြေနေရာအား ပြုပြင်ခြံစည်းရိုးခတ်ခြင်းကို အကောက်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းစီမံကိန်း၏ အသေးစိတ်အစီရင်ခံစာကို ပြည်ထဲရေးဝန်ကြီးဌာနရှိ အိန္ဒိယ ကုန်းတွင်းဆိပ်များ ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (Land Ports Authority of India) က အတည်ပြုထားပြီးဖြစ်ကြောင်း၊ ထို့အပြင် Lunglei ခရိုင်အတွင်း နယ်စပ်ဈေး ၁ ခုနှင့် Mamit ခရိုင်အတွင်း နယ်စပ်ဈေး ၃ ခုတို့ကို ဖွင့်လှစ်နိုင်ရေးအတွက် ဗဟိုအစိုးရသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ သက်ဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း  Dr. R. Lalthangliana က ပြည်နယ် လွှတ်တော်၌ ပြောကြားခဲ့သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         Centre Sanctions Rs 15 Crores for Strengthening 'Land Customs Station' at Zokhawthar Hamlet, 3-3-2022, Northeast Today

Category: India (Delhi)