တရုတ်နိုင်ငံ၊ Hubei ပြည်နယ်၏ မြို့တော် ဝူဟန်မြို့တွင် နိုဗယ်ကိုရိုနာ ကူးစက်ရောဂါပျံ့နှံ့ဖြစ်ပွားမှု ပေါ်ပေါက်လာသဖြင့် တစ်နိုင်ငံလုံးသို့ တပ်လှန့်လိုက်ချိန်တွင် လူအချို့က ဇီဝဓာတုဗေဒဆိုင်ရာတိုက်ခိုက်မှုဖြစ်မည်ဟု ချက်ချင်းစွပ်စွဲပြောဆိုကြပါသည်။
သတင်းရင်းမြစ်သေချာရှင်းလင်းခြင်းမရှိသေးသော်လည်း တိရိစ္ဆာန်အရှင်များကို သတ်ဖြတ်ရောင်းချရာ ပင်လယ်စာဈေးမှာ သံသယဖြစ်ဖွယ်ဖြစ်လာပါသည်။ သို့ရာတွင် အခြားဖြစ်နိုင်သည့်အချက်မှာလည်း တရုတ်အား ဇီဝဓာတုဗေဒဆိုင်ရာ တိုက်ခိုက်ခံရ သဖြင့် ရောဂါဖြစ်ပွားရခြင်းဖြစ်ကြောင်း အငြင်းပွားနေသူများရှိလာပါသည်။ အကျပ်အတည်းဖြစ်ပွားချိန်၌ လျှို့ဝှက်ကြံစည်သည်ဟူသော သီအိုရီများမှာ ဟိုနေရာမှ၊ သည်နေရာမှ ပေါ်လာလေ့ရှိသည်။ သို့ရာတွင် ၎င်းတို့အား ခိုင်မာသည့်သက်သေ အထောက် အထားဖြင့် ပြသရန်လိုသည်။
ယခုကာလ၌ လေ့လာတွေ့ရှိသည့်အချက်မှာ လူအများအပြားက ခေတ်မီ ဇီဝလက်နက်ဖြင့် တိုက်ခိုက်မှုများအပေါ် သတိထားမိလာကြလျက် ကြောက်ရွံ့နေကြသည်ဟူသည်ကို ဖော်ပြနေသည်။ တရုတ်အစိုးရအပါအဝင် မည်သည့်အစိုးရမဆို ထိုကဲ့သို့ တိုက်ခိုက်ခံလာရပါက မည်သို့တန်ပြန်မည်ဟူသည့်အပေါ် အသင့်အနေအထားရှိရန် လိုအပ်လာပါသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း ဇီဝ(ရောဂါပိုးမွှား) လက်နက်ဖြင့် တိုက်ခိုက်ခံရပြီး၊ ကူးစက်ရောဂါပျံ့နှံ့ဖြစ်ပွားမှု၏ အခြေခံဗဟုသုတအား နားလည်ထားရန် လိုအပ်လာပါသည်။
ဇီဝလက်နက်ကို အသုံးပြု၍စစ်ဆင်ခြင်းဆိုသည်မှာ သေစေရန် သို့မဟုတ် မသန်မစွမ်းဖြစ်စေရန်နှင့် ထိတ်လန့်ကြောက်ရွံ့မှုဖြစ်စေရန် ဇီဝဓာတုဗေဒဆိုင်ရာ အဆိပ်အတောက်များနှင့် ပိုးမွှားများကို လက်နက်အဖြစ် အသုံးပြုခြင်းကို ဆိုလိုသည်။ စစ်အတွင်း ဂျာမနီနှင့် ဂျပန်နိုင်ငံတို့က ဇီဝလက်နက်များနှင့် အစီအမံများကို အသုံးပြုခဲ့ပြီးနောက် အမေရိကန်၊ ဗြိတိန်နှင့် ယခင်ဆိုဗီယက်နိုင်ငံတို့ကလည်း ဇီဝလက်နက်များပြုလုပ်ရန် သုတေသနများစတင်ပြုလုပ်လာခဲ့ကြခြင်းဖြစ်ပါသည်။
ဇီဝလက်နက်များအသုံးပြုမှုကို နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်းထန်စွာရှုံ့ချ လျက်ရှိပြီး တဖြည်းဖြည်းတားမြစ်လာပါသည်။ ဉပမာ ၁၉၂၅ ဂျနီဗာအခြေပြစာချုပ် (Geneva Protocol) က စစ်ပွဲအတွင်း ဇီဝဆိုင်ရာနှင့် ဓာတုဆိုင်ရာလက်နက်များ အသုံးပြု မှုကိုတားမြစ်ထားသည်။ ၁၉၇၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် အသက်ဝင်ခဲ့သည့် ဇီဝဗေဒဆိုင်ရလက်နက်များသဘောတူညီချက် (BWC) က အကြီးအကျယ်ပျက်စီးစေတတ်သော လက်နက်များအားလုံးကို ဖွံ့ဖြိုးခြင်း၊ ထုတ်လုပ်ခြင်းနှင့် စုဆောင်းခြင်းတို့ အားတားမြစ်ထားသည်။ ၂၀၁၆ ခုနှစ်တိုင်အောင် BWC အား ပြန်လည်သုံးသပ်သည့် အစည်းအဝေး (၈) ကြိမ်ကျင်းပခဲ့ပြီး (၉) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၁ ခုနှစ်တွင် ကျင်းပရန်ရည်ရွယ်ထားသည်။
သို့ရာတွင် ဇီဝဓာတုဆိုင်ရာစစ်ပွဲများ၏ ခြိမ်းခြောက်မှုမှာ ကျန်ရှိနေဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဇီဝဓာတုဆိုင်ရာလက်နက်များသည် သမားရိုးကျ လက်နက်များထက် ကုန်ကျစရိတ်နည်းကာ နေရာကြီးကြီးတွင် ထိခိုက်ဆုံးရှုံးမှုထုနှင့် ထည်နှင့် ဖြစ်စေနိုင်သောကြောင့်ဖြစ်ကာ အကြမ်းဖက်မှုများအတွက် အသုံးချမှုတစ်ခု ဖြစ်လာသောကြောင့်ဖြစ်သည်။
ထောင့်သန်းနာ (anthrax)၊ အစာအဆိပ်သင့်ခြင်း (botulism)၊ ပလိပ်ရောဂါ (plague)၊ ကျောက်ရောဂါ (smallpox)၊ တိရိစ္ဆာန်အချင်းချင်းကူးစက်ဖြစ်ပွားသော ယုန်တုပ်ကွေး (tularemia) နှင့် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် အမေရိကန် ဌာနများမှ အုပ်စု (က) တွင် ဖော်ပြထားသော အီဘိုလာနှင့် လာဆာတို့ကဲ့သို့သော ကူးစက်ပျံ့ပွားတတ်သော အဖျားရောဂါများမှာ နိုင်ငံများ၏ အမျိုးသားအဆင့်လုံခြုံရေးသို့ ကြီးစွာအန္တရာယ်ဖြစ်စေသော ဘေးရောဂါများဖြစ်ကြပြီး၊ အများပြည်သူ တည်ငြိမ် အေးချမ်းရေး၊ ပြည်သူ့ကျန်းမာရေးနှင့် အကျင့်စာရိတ္တတို့အပေါ် ဆိုးကျိုးသက်ရောက်မှု ကျယ်ပြန့်သောကြောင့်ဖြစ်သည်။ ထို့ပြင် ယခုနောက်ပိုင်းဖြစ်ပွားလာသော ဝက်တုပ်ကွေး (Nipah)၊ ဇီကာ၊ အလွန်ပြင်းထန်သော အသက်ရှုလမ်းကြောင်း ရောဂါ ဖြစ်ပွားစေသည့် ကိုရိုနာဗိုင်းရပ်၊ အရှေ့အလယ်ပိုင်း အသက်ရှုလမ်းကြောင်းရောဂါ (MERS) နှင့် အီဘိုလာတို့ကဲ့သို့သော ကူးစက်ရောဂါပိုးများကို လူသားများက ထိရောက်စွာနှိမ်နင်းနိုင်ခြင်း မရှိကြသေးပါ။ Nipah ပိုးမွှားကဲ့သို့သော ယခုမှဖြစ်လာသည့် ကူးစက် ရောဂါများကို အမေရိကန် CDC ၏ အုပ်စု (ဂ) ဇီဝအကြမ်းဖက်မှုစာရင်းတွင် ထည့်သွင်း ဖော်ပြထားပါသည်။
ထို့ကြောင့် ဇီဝဓာတုဆိုင်ရာစစ်ပွဲများမှ ကာကွယ်ရန်နှင့် လျော့ပါးသက်သာစေရန် စွမ်းဆောင်ရည်တိုးမြှင့်မှုကို အမျိုးသားလုံခြုံရေးအတွက် နိုင်ငံများက မရှိမဖြစ် ဆောင်ရွက်ထားကြရန်နှင့် အစိုးရပိုင်းသာမက ပြည်သူများဘက်မှလည်း ဇီဝဆိုင်ရာနှင့် ဓာတု ဆိုင်ရာပိုးမွှားများနှင့် ရောဂါများ၏ အန္တရာယ်ဖြစ်နိုင်ခြေကို သိရှိထားရန် လိုအပ်လှသည်။
ရာစုသစ်တွင် ဇီဝဆိုင်ရာကာကွယ်မှုလုံခြုံရေးကို တည်ထောင်လာကြသည့် အတွက် ပြည်သူများအနေဖြင့်လည်း ကြိုတင်ကာကွယ်ရေးသတိပြုချက်များ တိုးမြင့် လာနိုင်ကြပါသည်။ အမျိုးသားလုံခြုံရေး ၊ အမျိုးသားစီးပွားရေး၊ ပြည်သူများ၏ လူနေမှုဘဝ နှင့် ပြည်သူ့ကျန်းမာရေးတို့တွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည့် လုပ်ငန်းများနှင့် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ တင်းကြပ်စွာစီမံခန့်ခွဲသင့်ကြသည်။ ထို့ပြင် ဇီဝဆိုင်ရာစစ်ပွဲများမှ လျော့ပါးသက်သာစေရန်နှင့် ခေတ်နောက်ကျမကျန်ခဲ့စေရန် အတွက် နိုင်ငံတော်ကာကွယ်ရေး၏ သိပ္ပံနှင့် နည်းပညာစွမ်းရည်ကိုလည်း ဇီဝနည်းပညာနှင့် တွဲလျက်တိုးမြှင့်သွားသင့်သည်။
ယခုကိုရိုနာကူးစက်ရောဂါပိုးကြောင့် ကြုံတွေ့ဖြစ်ပွားနေမှုများမှာ ၂၀၀၂-၂၀၀၃ ခုနှစ်များဆီက SARSရောဂါအား တိုက်ဖျက်နေစဉ် ခက်ခဲမှုများနှင့် ကြောက်ရွံထိတ်လန့် မှုများကို ပြန်လည်အမှတ်ရစေပါသည်။ ရောဂါပိုးအသစ်နှင့် ၎င်းအား ကုသနိုင်မှုကို အာရုံစိုက်နေကြချိန်တွင် ဇီဝဓာတုလက်နက်ဖြင့် တိုက်ခိုက်ခံရသလားဟူသည့် အခြေ အမြစ်မရှိသည့် သံသယမှာ အများပြည်သူ၏ ထိတ်လန့်ကြောက်ရွံ့မှုကို လျှော့ချပေးရန် သို့မဟုတ် ထိန်းချုပ်ရန် အကူအညီတစ်စုံတစ်ရာမဖြစ်နိုင်ပေ။
လက်ရှိအခြေအနေတွင် တရုတ် ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီနှင့် နိုင်ငံတော် ကောင်စီ၊ တရုတ်၏ အစိုးရဝန်ကြီးများအဖွဲ့တို့က ရောဂါဖြစ်ပွားနေမှုအား နီးကပ်စွာ အာရုံစိုက်ဆောင်ရွက်ပေးနေကာ၊ နိုင်ငံအဝှမ်း ဖြန့်ကျက်ဆောင်ရွက်ခြင်းနှင့် ရောဂါ ထိန်းချုပ်ရေးအတွက် စုစည်းဆောင်ရွက်ခြင်း၊ ပိုးမွှားသုတေသနပြုခြင်းနှင့် အများပြည်သူ လုံခြုံရေးဆောင်ရွက်ပေးခြင်းတို့ကြောင့် ယခုအကျပ်အတည်းအား အောင်မြင်စွာ ကျော်လွှားသွားနိုင်မည်ဟု ယုံကြည်နေကြပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)
ရင်းမြစ်၊ China Daily (၃-၂-၂၀၂၀)