India (Delhi)

ဈေးနှုန်းများမြင့်တက်ရန် မျှော်မှန်းလျက် သကြားတင်ပို့မှုစာချုပ်များ ချုပ်ဆိုခြင်းကို အိန္ဒိယကုန်သည် များက ဆိုင်းငံ့လျက်ရှိခြင်း

Last Updated:

ကမ္ဘာ့သကြားထုတ်လုပ်တင်ပို့မှုတွင် ထိပ်တန်းနိုင်ငံဖြစ်သော ဘရာဇီးနိုင်ငံ၌ ရာသီဥတုဆိုးရွားမှုကြောင့် ကြံစိုက်ခင်းများ ထိခိုက်ပျက်စီးမှုရှိပြီး ဈေးနှုန်းများ မြင့်တက်လာနိုင်ဖွယ်ရှိသည့် အခြေအနေကို စောင့်ကြည့်လျက် အိန္ဒိယနိုင်ငံရှိ ပို့ကုန်လုပ်ငန်းရှင်များသည် သကြားတင်ပို့မှုစာချုပ်များချုပ်ဆိုခြင်းကို ဆိုင်းငံ့ထားကြ ကြောင်း သိရှိရပါသည်။

နယူးယောက် သကြားကုန်ကြမ်းဈေးကွက်၌ ၁ ပေါင်လျှင် ၂၀.၅ ဆင့်ခန့်အထိ ဈေးနှုန်းမြင့်တက်လာ ဖွယ်ရှိသဖြင့် အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့် မဟာရဋ္ဌပြည်နယ် အနောက်ပိုင်းရှိ သကြားစက်လုပ်ငန်းရှင်များအတွက် ဆွဲဆောင်မှုဖြစ်ပေါ်လျက်ရှိကြောင်း၊ မကြာသေးမီကာလများ၌ ဈေးနှုန်းများမြင့်တက်ခဲ့၍ အိန္ဒိယရှိ ကုန်သည် များသည် ရှေ့နှစ်တွင်ထွက်ရှိလာမည့် သကြားထုတ်လုပ်မှုမှ တန်ချိန် ၁.၂ သန်းခန့်ကို ပြည်ပသို့တင်ပို့ရန် အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း၊ ထို့အပြင် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ မြင့်တက်လျက်ရှိသဖြင့် ဘရာဇီးလုပ်ငန်းရှင်များအား ကြံမှ အီသနောလောင်စာဆီထုတ်လုပ်ရန် ပိုမိုတွန်းအားဖြစ်စေပြီး နိုင်ငံတကာဈေးကွက်တွင် သကြားဈေးနှုန်းများ မြင့်တက်ဖွယ်ရှိကြောင်း၊ သို့ဖြစ်ရာ ယခုအခါ အိန္ဒိယလုပ်ငန်းရှင်များသည် သကြားတင်ပို့မှု စာချုပ်အသစ်များ ထပ်မံ ချုပ်ဆိုမှုမပြုပဲ ဈေးနှုန်းမြင့်တက်လာမည့် အခွင့်အလမ်းကို မျှော်လင့်လျက်ရှိ ကြကြောင်း၊ ကမ္ဘာ့သကြားဈေးနှုန်းသည် ၁ ပေါင်လျှင် ၂၁.၅ ဆင့်အထိ ရရှိပါက ကြံအဓိကစိုက်ပျိုးသည့် ဥတာပရာဒေ့ရှ်ပြည်နယ်အပါအဝင် အိန္ဒိယမြောက်ပိုင်းဒေသရှိ သကြားစက်လုပ်ငန်းရှင်များ အနေဖြင့် အဆင်သင့်တင်ပို့ကြမည်ဖြစ်ကြောင်း စသည်ဖြင့် အိန္ဒိယ သကြားစက်လုပ်ငန်းရှင်များ အသင်းမှ ညွှန်ကြားရေးမှူးချုပ် Mr. Abinash Verma က ပြောဆိုပါသည်။

အိန္ဒိယနိုင်ငံ၌ ရှေ့လာမည့် အောက်တိုဘာလတွင် အရန်သကြားတန်ချိန် ၉ သန်းခန့်ရှိလာနိုင်ပြီး ကုန်သည်များ၏ ရောင်းလိုအားနှေးကွေးနေမှုက နိုင်ငံတကာ ဈေးကွက်၌ သကြားဈေးနှုန်းမြင့်မားမှုအပေါ် ပိုမို၍ တွန်းအားသက်ရောက်ဖွယ်ရှိပါသည်။ ဘရာဇီးနိုင်ငံရှိ ကြံစိုက်ခင်းများ၌ မိုးခေါင်ခြောက်သွေ့မှုနှင့် နှင်းခါးရိုက်မှု တို့ကို ကြုံတွေ့ရပြီးနောက် နယူးယောက်ဈေးကွက်တွင် ၄ နှစ်တာအတွင်း အမြင့်မားဆုံးအဖြစ် ၂၂-၉-၂၀၂၁ နေ့ရှိ သကြား ၁ ပေါင်ဈေးနှုန်းမှာ ၂၀.၀၄ ဆင့်သို့ ရောက်ရှိခဲ့သည်။

Indian Sugar Exim Corp ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Mr. Adhir Jha က မကြာသေးမီက ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းများမြင့်တက်လာမှုကြောင့် သကြား တင်ပို့မှုစာချုပ်အသစ်များ ချုပ်ဆိုမှုမှာ နှောင့်နှေးမှုများရှိနေကြောင်း၊ အကယ်၍ ဈေးနှုန်းများ ဆက်လက်မြင့်တက်မည့် အခြေအနေရှိပါက သကြားစက်လုပ်ငန်းရှင် များအနေဖြင့် ပြည်တွင်းဈေးကွက်သို့ ဦးစား‌ပေးရောင်းချစေရန် အစိုးရက ဝင်ရောက်ကြပ်မတ်ဖွယ်ရှိကြောင်း၊ သို့ဖြစ်ရာ ရှေ့လာမည့် တင်ပို့မှုရာသီအသစ်၌ အောက်တိုဘာလ လကုန်ပိုင်းခန့်မှသာ သင်္ဘောတင်ပို့မှုလုပ်ငန်းများကို လုပ်ဆောင်နိုင်ချေရှိကြောင်း ပြောဆိုပါသည်။ ကမ္ဘာ့သကြားထုတ်လုပ်မှုတွင် ဒုတိယနေရာ ၌ရှိသော အိန္ဒိယနိုင်ငံရှိ ပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် အစိုးရ၏ ကူညီထောက်ပံ့မှု အစီအစဉ်များနှင့်အတူ ယခုနှစ် သကြားတင်ပို့မှုရာသီကာလတွင် ပြည်ပသို့ တန်ချိန် ၇ သန်းအထိ တင်ပို့ဖွယ်ရှိကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         India sugar mills pause export deals in bet price will rise more, 23-9-2021, Economic Times

Category: India (Delhi)