Australia

တရုတ်နိုင်ငံတွင် COVID-19 ဆိုင်ရာ ပိတ်ဆို့မှုများကြောင့် ဆိပ်ကမ်းများတွင် နှောင့်နှေးမှု များက ဩစတြေးလျ ကုန်သွယ်မှုအပေါ် သက်ရောက်မှုရှိနေခြင်း

Last Updated:

တရုတ်နိုင်ငံတွင် COVID-19 ဆိုင်ရာပိတ်ဆို့မှုများကြောင့် ကမ္ဘာ့အကြီးဆုံးဆိပ်ကမ်းအချို့တွင် ကုန်သွယ်မှုနှေးကွေးနေသဖြင့် ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်ရေးနောက်ကျမှုသည် နှစ်ပေါင်းများစွာ တုန်လှုပ်ခြောက်ခြားသွားဖွယ်ရှိကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ၏ အကြီးဆုံးမြို့နှင့် ကမ္ဘာပေါ်တွင် အလုပ်အများဆုံး ကွန်တိန်နာဆိပ်ကမ်းဖြစ်သည့် ရှန်ဟိုင်းသည် COVID-19 လှိုင်းလုံးကြီးတစ်ခု ထပ်မံ ကြုံတွေ့နေရသောကြောင့် အာဏာပိုင်များ၏ အလုံးစုံပိတ်ဆို့မှုများကို အလူးအလဲခံနေရလျက်ရှိသည်။ ကမ်းလွန်ပင်လယ်ပြင်တွင် ကုန်တင်သင်္ဘော များ ဆိုက်ကပ်ရန်နှင့် ကုန်ချရန် စောင့်ဆိုင်းနေသည့်အရေအတွက် တိုးပွားလာနေကြောင်း သိရှိရသည်။
သြစတြေးလျ Peak Shippers Association ၏ ကုန်စည်ပို့ဆောင်ရေးနှင့် ကုန်သွယ်မှုမဟာမိတ်အဖွဲ့ ဒါရိုက်တာနှင့် အတွင်းရေးမှူးဖြစ်သူ Paul Zalai က တရုတ်နိုင်ငံက  ပိတ်ဆို့ခြင်းမပြုမီ ကုန်သွယ်မှုမှာ ပိတ်ဆို့သည့်အခြေအနေသို့ ရောက်ရှိနေပြီးဖြစ်ကြောင်း၊  ကမ္ဘာတစ် ဝှမ်းရှိဆိပ်ကမ်းများတွင် ကြီးမားသော ပိတ်ဆို့မှုများရှိနေပါသေးကြောင်း၊ ယင်းတို့ထဲတွင် တရုတ်လည်းအပါအဝင်ဖြစ်ပြီး၊ အမေရိကန်ကမ်းရိုးတန်းတွင်လည်း ကွန်တိန်နာ သင်္ဘော အများအပြား လော့စ်အိန်ဂျလိစ်တွင် ပိတ်မိနေကြောင်း ပြောကြားခဲ့သည်။
သြစတြေးလျနိုင်ငံ၏ အရွယ်အစားနှင့် ပြည်တွင်းသင်္ဘောလိုင်းများမရှိခြင်းသည် နိုင်ငံအား သက်ရောက်မှုများဖြစ်ပေါ်စေကြောင်း သိရှိရသည်။ ဩစတြေးလျနိုင်ငံတွင် သင်္ဘောလိုင်း လုပ်ကိုင်ဆောင်ရွက်သူများမှာ နိုင်ငံခြားသားပိုင်ကုမ္ပဏီများ ဖြစ်သည်။ ဆုတ်ယုတ်မှုများ များပြားလာသဖြင့် ကုမ္ပဏီများသည် ခက်ခဲသော စီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်များ စတင်ကြရမည်ဖြစ်ကြောင်းနှင့် တခြားပြဿနာမှာ ကုန်သွယ်မှုက အပြန်အလှန် ကုန်သွယ်မှုဖြစ်ရာ ဩစတြေးလျတင်ပို့သူများလည်း အလားတူထိခိုက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ရှန်ဟိုင်းသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုဗဟိုချက်ဖြစ်ရုံသာမက သြစတြေးလျ သိုးမွှေးကုန်သွယ်မှုအတွက် ကမ္ဘာ့အရေးအကြီးဆုံးဆိပ်ကမ်းများ ထဲမှ တစ်ခုလည်းဖြစ်သည်။ ဩစတြေးလျ သိုးမွှေးတင်ပို့သူနှင့် ထုတ်လုပ်သူကောင်စီ ဥက္ကဌ Josh Lamb က သိုးမွှေးများ သင်္ဘောများပေါ်တွင် ပိတ်မိ နေရုံတင်က ပြဿနာမဟုတ်ကြောင်း ပြောကြားခဲ့သည်။ ယင်းက သြစတြေးလျမှ တရုတ်သို့ သိုးမွှေးများတင်ပို့မှုအတွက် ပေးဆောင်ပြီးဖြစ်ရာ ရှန်ဟိုင်းမြို့ပြင်ရှိ သင်္ဘောပေါ်တွင် ပိတ်မိနေခြင်းသည် ဩစတြေးလျ၏ ပြဿနာမဟုတ်သော်လည်း ယခုဖြစ်ပေါ်နေသည့် ထောက်ပံ့ပို့ဆောင်ရေး ပြဿနာသည် ဩစတြေးလျမှ သိုးမွှေးဝယ်ယူသည့် တရုတ်နိုင်ငံရှိ စက်ရုံများအပေါ် ထိခိုက်မှုများရှိသည့်အတွက် ငွေကြေးစီးဆင်းမှုကို သက်ရောက် စေရာ သိုးမွှေးများမရောက်မချင်း အဆိုပါဖောက်သည်များနှင့် လုပ်ငန်းသစ်များ လုပ်ကိုင်နိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ယခုအခါ လုပ်ငန်းကဏ္ဍသည် ရေရှည်အတွက် မျှော်မှန်း၍ ထောက်ပံ့ပို့ဆောင်ရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းနေပြီဖြစ်ကြောင်း သိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)
www.abc.net.au

 

Category: Australia