China(Beijing)

တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်းမှ အင်ဒိုချိုင်းနားကျွန်းဆွယ်အထိ ရောက်ရှိမည့် ကုန်သေတ္တာတင် မီးရထားလမ်းကြောင်းအသစ် စတင်ဖွင့်လှစ်ခဲ့

Last Updated:

တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်းရှိ ချုံချင်းမြူနီစပယ်အုပ်ချုပ်ရေးမြို့ရှိ ဂေါ်ရန်ဆိပ်ကမ်းမှ စတင်၍ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အထိ ကုန်သေတ္တာ သယ်ဆောင်သည့် ပထမဆုံးမီးရထားခရီးစဉ်အား ၇-၄-၂၀၂၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း ၈-၄-၂၀၂၂ ရက် နေ့တွင် ထုတ်ပြန်သည့် China Daily သတင်းစာတွင် ဖော်ပြထားပါသည်။

ယခုဖွင့်လှစ်လိုက်သည့် မီးရထားလမ်းကြောင်းအသစ်အရ တရုတ်နိုင်ငံ၊ ယန်ဇီမြစ်ဝှမ်းဒေသမှ အင်ဒိုချိုင်းနားကျွန်းဆွယ်အထိ ပင်လယ်ရေကြောင်း၊ မီးရထားလမ်းတို့ဖြင့် ကုန်ပစ္စည်း ပို့ဆောင်နိုင်ကြောင်း၊ ယန်ဇီမြစ်ဝှမ်း၊ ကုန်းတွင်းဆိပ်ငမ်းမှ ရန်ကုန်မြို့အထိ ရောက်ရှိနိုင်မည့် လမ်းကြောင်းအသစ်သည် ချုံချင်းမြူနီစပယ်အုပ်ချုပ်ရေးဒေသအား အိန္ဒိယသမုဒ္ဒရာနှင့် ချိတ်ဆက်ပေးနိုင်မည်ဖြစ် ကြောင်း၊ အဆိုပါလမ်းကြောင်းသစ်သည် တရုတ်နိုင်ငံ၊ အနောက်ပိုင်းဒေသရှိ ပြည်နယ်များနှင့် စင်ကာပူနိုင်ငံတို့အကြား ပူးပေါင်း ဖော်ဆောင်ခဲ့သည့် ကုန်သွယ်မှုနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း- ပင်လယ်ကုန်သွယ် ရေးစင်္ကြံ (International Land-Sea Trade Corridor) အသစ်၏ မူဘောင်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

တရုတ်အရှေ့ဘက်ကမ်းရိုးတန်းဒေသရှိ မြို့များသည် ယခင်က ကုန်စည်များအား ယန်စီမြစ်ဝှမ်းမှတစ်ဆင့် ပင်လယ်သို့ ရောက်ရှိ အောင် ပို့ဆောင်ရခြင်းဖြစ်ကြောင်း၊ ယခုဖော်ဆောင်လိုက်သည့် လမ်းကြောင်းအသစ်အရ ယခင်က ကနု်ပစ္စည်းသယ်ယူပို့ဆောင်ရန် ကြာမြင့်ချိန်ထက် ရက်ပေါင်း (၂၀) သက်သာစေမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းအထိ အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း- ပင်လယ်ကုန်သွယ်ရေးစင်္ကြဲ (International Land-Sea Trade Corridor) အရ ကမ္ဘာပေါ်ရှိနိုင်ငံနှင့် ဒေသစုစုပေါင်း (၁၀၇) ခုရှိ ဆိပ်ကမ်း (၃၁၇) ခုအထိ ကုန်စည်များ ပို့ဆောင်နိုင်ပြီဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Source: China Daily သတင်းစာ (8-4-2022)

Category: China(Beijing)