China(Nanning)

တရုတ်နိုင်ငံ၏ နေ့လယ်ခင်း လက်ဖက်ရည်ဈေးကွက်

Last Updated:

တရုတ်နိုင်ငံ၌ လူနေမှုအဆင့်အတန်းနှင့် ဝယ်ယူနိုင်စွမ်းမြင့်မားလာခြင်းနှင့်အတူ နေ့လယ်ခင်း လက်ဖက်ရည်နှင့်ဆက်စပ်သည့် ကုန်အမှတ်တံဆိပ် များ၏ ဈေးကွက်မှာ ကျယ်ပြန့်လာပါသည်။ အားလပ်ရပ်များ၏ နေ့လယ်နေ့ခင်းများတွင် လူစည်ကားရာနေရာများသို့ အလည်အပတ်ထွက်လေ့ရှိ သည့် လူငယ်များက လူငယ်များအကြိုက် ပြင်ဆင်ထားသည့် လက်ဖက်ရည်ဆိုင်များသို့ သွားရောက်လာတတ်ပြီဖြစ်ပြီး ဈေးကွက်မြန်ဆန်စွာ ထွန်း ကားလာပါသည်။

တရုတ်လက်ဖက်ရည်ဆိုင်များ၏ ဈေးနှုန်းများမှာ နိုင်ငံတကာအမှတ်တံဆိပ်ဖြစ်သည့် Starbucks ကော်ဖီဆိုင်များနှင့် အတူတူပင်ဖြစ်သော်လည်း စားသုံးသူအကြိုက် အရသာအမျိုးမျိုးကိုရွေးချယ်နိုင်သည့် လက်ဖက်ရည်နှင့် ဖျော်ရည်ဆိုင်များကို ပိုမိုနှစ်ခြိုက်ကြပါသည်။ များသောအားဖြင့် ချယ်ရီ အရသာ၊ ချိစ်အရသာနှင့် သစ်ကြမ်းပိုးခေါက်အရသာတို့ပါဝင်သည့် dorayaki pancake များကို လက်ဖက်ရည်ဖြင့် တွဲဖက်စားသုံးလေ့ရှိကြပါသည်။

၂၀၁၅ ခုနှစ်မှ ၂၀၂၁ ခုနှစ်အကြားတွင် Ele.me နှင့် AliResearch တို့ကပြုလုပ်ခဲ့သည့် ဈေးကွက်သုတေသနအရ တရုတ်နိုင်ငံ၏ နေ့လယ်ခင်း လက်ဖက်ရည်ဈေးကွက်မှာ အရေးပါသည့်အသွင်ပြောင်းလဲမှု (၂) ရပ်ဖြင့် ကြီးထွားနေပါသည်။ ၂၀၁၅ ခုနှစ်မတိုင်မီက နေ့လယ်ခင်းလက်ဖက်ရည် ဈေးကွက်မှာ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် အလယ်အလတ်တန်းမှ အကောင်းစားဟိုတယ်များတွင်သာ အဓိကတည်ရှိခဲ့ပါသည်။ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်ကြားတွင် ၎င်းဈေးကွက်မှာ အလုပ်နေရာဌာနများသို့ ရွေ့လျားလာခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်မှစ၍ ဒေသထွက်ပစ္စည်း များကို တန်ဖိုးထားသုံးစွဲတတ်သည့် စားသုံးသူအမူအကျင့် (guochao) မြင့်မားလာခြင်းကြောင့် နေ့လယ်ခင်းတွင် လက်ဖက်ရည်သောက်သုံးမှုမှာ တရုတ်နိုင်ငံ၏ လက်ဖက်ရည်ယဉ်ကျေးမှုနှင့် ပိုမိုနီးကပ်စွာ ဟန်ချက်ညီလာပါသည်။ လက်ဖက်ရည်နှင့်အတူ ဖုတ်ထားသည့်မုန့်များနှင့် ကြက်ကြော် များပါ နေ့လယ်ခင်းလက်ဖက်ရည်သောက်သုံးသည့် ယဉ်ကျေးမှုတွင် ပါဝင်လာပါသည်။

အွန်လိုင်းမှ မှာယူစားသုံးနိုင်မှုများ ခေတ်စားလာသည့်အခါ သမာရိုးကျ လက်ဖက်ရည်ရောင်းချသည့်ပုံစံများမှသည် အွန်လိုင်းပေါ်တွင် လက်ဖက် ရည်တံဆိပ်အမျိုးမျိုး တည်ဆောက်ပြီး ဈေးကွက်ထိုးဖောက်သည့် နည်းလမ်းများကို ပိုမိုရှာဖွေနိုင်သည့် အခွင့်အရေးများ ရရှိလာပါသည်။

ဥပမာပေးရလျှင် T9 Premium Tea လက်ဖက်ရည်ဆိုင်ကို ၂၀၁၇ ခုနှစ်က ရှန်ဟိုင်း၌ တည်ထောင်ခဲ့ပါသည်။ တည်ထောင်ပြီး (၄) နှစ်အတွင်း (၂၈) စတုရန်းမီတာသာ ကျယ်ဝန်းသည့် ၎င်း၏ ပထမဆုံးဆိုင်ခွဲမှ လစဉ်ဝင်ငွေမှာ ယွမ် (၆) သိန်း (အမေရိကန်ဒေါ်လာ ၉၄၄၅၉) ဝန်းကျင်ရရှိခဲ့ပါသည်။ အရောင်းသွက်သည့်နေ့ရက်များတွင် နေ့စဉ်ဝင်ငွေမှာ ယွမ် (၄) သောင်းမှ (၅) သောင်းကြား ရှိပါသည်။ T9 Premium Tea ၏ CEO က ၎င်းတို့ ကုမ္ပဏီမှ ရောင်းချသည့် လက်ဖက်ရည်များတွင် Colorful Collection, Legend Collection, Royal Collection ဟူသည့် အတွဲ (၃) မျိုးရှိကြောင်း၊ လက်ဖက်ရည်ကြမ်း၊ ဆေးဖက်ဝင်လက်ဖက်ရည်နှင့် သစ်သီးလက်ဖက်ရည်တို့အောက်တွင် အမျိုးအစားပေါင်း (၅၀) ကျော်ရရှိနိုင်ပြီး ဈေးနှုန်းမှာ အထုပ်ကြီးတစ်ထုပ်လျှက် ယွမ် (၁၀၀) မှ ယွမ် (၁၀၀၀၀) အထိရှိကြောင်း၊ တရုတ်ဈေးကွက်ကို စတင်ဝင်ရောက်စဉ်က သာမန်ဖောက်သည်များ လက်လှမ်းမီသော ယွမ် (၃၀၀) ဝန်းကျင် တန်ဖိုးရှိသည့် Colorful Collection ဖြင့်စတင်ခဲ့ကာ ထပ်မံလာရောက်ဝယ်ယူသည့် ဖောက်သည် ရာခိုင်နှုန်းမှာ (၄၀) ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ရောင်းချသည့်ဘက်တွင် ဂျာမနီနိုင်ငံ၊ Hanburg တွင် အခြေစိုက်သည့် နှစ် (၂၀၀) အတွေ့အကြုံရှိသော လက်ဖက်ရောင်းချသည့်လုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်ကြောင်း၊ အရည်အသွေးထိန်းချုပ်နိုင်ရန်အတွက် အမျိုးအစားအလိုက် လက်ဖက်ရွက်များ ကို သိမ်းဆည်းထားနိုင်သည့် ကိုယ်ပိုင်သိုလှောင်ရုံများကို တည်ဆောက်ထားကြောင်း သိရပါသည်။

နောက်ထပ် တရုတ်လက်ဖက်ရည်လုပ်ငန်းတစ်ခုဖြစ်သည့် Guangzhou Zetian Trading Co., Ltd မှာ dorayaki pancake ကိုလည်း ရောင်းချပြီး တံဆိပ်ခေါင်းစုစည်းသည့်ပွဲများကို ပြုလုပ်၍ ဆိုင်များသို့ dorayaki ချစ်သူများ လာရောက်ကြကာ ၎င်းတို့၏ pancake များကိုဝယ်ယူရန် ဆွဲဆောင် ပါသည်။ အလားတူပင် ရှန်ဟိုင်းအခြေစိုက် Pros Coffee Roaster ကလည်း အပြာရောင်မှ အဖြူရောင်အထိ အရောင်အမျိုးမျိုးရှိပြီး အရာသာရှိစွာ ဖျော်စပ်ထားသည့် Blue Latte ကို တီထွင်ရောင်းချပါသည်။

Generation Z မျိုးဆက်သစ်လူငယ်များ အရွယ်ရောက်လာသောကြောင့် စားသုံးသူများ၏ အစားအသောက်နှင့် အဖျော်ယမကာရွေးချယ်မှုများမှာ အဆင့်မြင့်လာကြပြီး ကျန်းမာရေးကို အထောက်အကူပြု၍ အရည်အသွေးကောင်းမွန်သည်များကို ရွေးချယ်ကြသည့် လမ်းကြောင်းများ ဖြစ်ပေါ်လာ ကြောင်း၊ အရသာရှိ၍ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာနှင့် အဖျော်ယမကာများကိုလည်း ရာသီပွဲတော်များနှင့် လိုက်လျောညီထွေဖြစ်စေ ရေး တီထွင်ကြံဆထုတ်လုပ်ရန် လိုအပ်ကြောင်း လက်ဖက်ရည်လုပ်ငန်းကျွမ်းကျင်သူများက သုံးသပ်ကြပါသည်။

Ele.me နှင့် AliResearch မှ ဈေးကွက်သုတေသနအရ တရုတ်နိုင်ငံ၏ နေ့လယ်ခင်းလက်ဖက်ရည်ဈေးကွက်အတွက် အဓိကတွန်းအား (၄) ရပ်မှာ ဖောက်သည်လိုအပ်ချက်အသစ်များ၊ ရောင်းလိုအားပြတ်လပ်မှုများ၊ လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်းနှင့် အစိုးရလမ်းညွှန်မှုနှင့် ကြီးကြပ်မှုတို့ဖြစ် ကြောင်း သိရပါသည်။ ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုများရှိနေသော်လည်း တရုတ်ပြည်သူများ၏ နေ့လယ်ခင်းလက်ဖက်ရည်သောက်သုံး သည့် အလေ့အထမှာ ဆက်လက်ဖွံ့ဖြိုးလျက်ရှိကြောင်း၊ တတိယအဆင့်နှင့် စတုတ္ထအဆင့်မြို့အချို့တွင် ဈေးကွက်ရယူမှုများရှိထားပြီး သောက်သုံး အား လျင်မြန်စွာမြင့်တက်နေသောကြောင့် လုပ်ငန်းများ လျင်မြန်စွာတိုးတက်နေကြောင်း ၎င်းဈေးကွက်သုတေသနတွင် ဖော်ပြထားပါသည်။

ဈေးကွက်မြှင့်တင်သည့် လုပ်ငန်းတစ်ခုဖြစ်သည့် Interpublic Group China မှ စီးပွားရေးပညာရှင်ချုပ် Bo Wenxi က တရုတ်ပြည်သူများ၏ နေ့လယ်ခင်းသောက်သုံးသည့် ကျန်းမာရေးနှင့်ညီညွတ်သော အရည်အသွေးမြင့် လက်ဖက်ရည်များကို ဝယ်လိုအားမြင့်မားလာရာ ကုန်သည်များ အနေဖြင့် ပြောင်းလဲနေသော စားသုံးသူအကြိုက်ကို ပိုမိုအလေးပေးပြီး ဈေးကွက်မြှင့်တင်ခြင်း၊ ကုန်ပစ္စည်းဖြည့်တင်းခြင်းနှင့် ရောင်းလိုအားတို့ အကြား လက်တွေ့ကျကျ နီးနီးကပ်ကပ် ပေါင်းစပ်ဆောင်ရွက်နိုင်စေရန် ပြုလုပ်သင့်ကြောင်း၊ သို့မှသာ ထိရောက်၍ အချိန်ကိုက်ဆောင်ရွက်နိုင်မည့် တိကျသော စီးပွားရေးမဟာဗျူဟာများကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း အကြံပြုပြောကြားထားပါသည်။

၂၀၂၁ ခုနှစ်၊ မေလတွင် တရုတ်လယ်ယာစိုက်ပျိုးရေးသိပ္ပံလက်အောက်ရှိ Tea Research Institute က အဖွဲ့အစည်းအချို့နှင့် ပူးပေါင်း၍ လက်ဖက် ရည်များအတွက် ကုန်စည်စံနှုန်းလမ်းညွှန်ချက်ကို ပထမဦးဆုံး စတင်ခဲ့ပါသည်။ ၎င်းစံသတ်မှတ်ချက် ပထမအသုတ်တွင် နို့လက်ဖက်ရည်များ၊ နို့ပါဝင်သည့် လက်ဖက်ရည်များ၊ သစ်သီးလက်ဖက်ရည်များ၊ ပုလဲလက်ဖက်ရည်များနှင့် လက်ဖက်ရည်အအေးများအတွက် သတ်မှတ်ချက်များ ပါဝင်ပါသည်။ ထိုသို့ စံသတ်မှတ်ချက်များကို စတင်မိတ်ဆက်လိုက်ခြင်းမှာ ပိုမိုတင်းကြပ်မည့် လက္ခဏာပင်ဖြစ်ကြောင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ သို့ လက်ဖက်ရည်တင်ပို့ရောင်းချရန် စိတ်ဝင်စားသည့် လုပ်ငန်းများအတွက် သိရှိနိုင်စေရန် ရည်ရွယ်လျက် ရေးသားဖော်ပြအပ်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)
Source: CHINA DAILY (4-4-2022)

 

Category: China(Nanning)