China(Beijing)

တရုတ်နိုင်ငံ၏ ပြောင်းဝယ်ယူတင်သွင်းသည့် ဈေးကွက် ပြောင်းလဲလာနိုင်ဖွယ်ရှိကြောင်း

Last Updated:

လက်ရှိဖြစ်ပေါ်လျှက်ရှိသည့် ယူကရိန်းအရေးကြောင့် ကမ္ဘာ့ပြောင်းနှင့် ဂျုံဈေးနှုန်းများ မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း၊ တရုတ်နိုင်ငံ သို့ တင်သွင်းလျက်ရှိသည့် ပြောင်းစုစုပေါင်း၏ (၃၀) ရာခိုင်နှုန်းအား ယူကရိန်းနိုင်ငံမှ ဝယ်ယူတင်သွင်းခြင်းဖြစ်သည့်အတွက် တရုတ် နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးထွက်ကုန်တင်သွင်းမှုအပေါ် ရိုက်ခတ်မှုများ အတန်အသင့်ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည်ဟု လယ်ယာ စိုက်ပျိုးရေးကဏ္ဍ လေ့လာစောင့်ကြည့်သူများမှ ပြော ကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်မှစတင်၍ ယူကရိန်းနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်လာပြီး ၂၀၂၁ ခုနှစ်အတွင်း နှစ်နိုင်ငံ အကြား ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၁၉.၃) ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း၊ ယူကရိန်းနိုင်ငံသည် တရုတ်နိုင်ငံသို့ သံရိုင်းနှင့် လယ်ယာစိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိပြီး တရုတ်နိုင်ငံမှ လျှပ်စစ်နှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူတင် သွင်းလျက်ရှိကြောင်း၊ ယခုဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများကြောင့် နှစ်နိုင်ငံကုန်သွယ်မှုအပေါ် ရိုက်ခတ်မှုများဖြစ်ပေါ်လျက်ရှိ ပြီး တရုတ်နိုင်ငံမှ ယူကရိန်းနိုင်ငံသို့ ကုန်စည်တင်ပို့ရန် အမှာစာလက်ခံရရှိမှုများ သိသာစွာကျဆင်းလာကြောင်း၊ အလားတူပင် သယ်ယူပို့ဆောင်ရေးအပါအဝင် အခြားကိစ္စ ရပ်များအပေါ် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံသည် ၂၀၁၃ ခုနှစ်မှစ၍ ယူကရိန်းနိုင်ငံမှ ပြောင်းတင်သွင်းခဲ့ရာ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံသို့ ပြောင်းစုစုပေါင်း တင်သွင်းမှု၏ ၆၀% သည် ယူကရိန်းနိုင်ငံမှ တင်သွင်းခြင်းဖြစ်ကြောင်း၊ သို့ရာတွင် တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့် နှစ်မှစတင်၍ အမေရိကန်ပြည်ထောင်စုထံမှ ပြောင်းစတင်ဝယ်ယူတင်သွင်းခဲ့ခြင်းကြောင့် ယူကရိန်းနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြောင်း တင်သွင်းမှုအနည်းငယ်ကျဆင်းခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ရုရှား၊ မြန်မာနှင့် လာအိုနိုင်ငံများမှလည်း ပြောင်းအရေအတွက် အနည်းငယ် ဝယ်ယူတင်သွင်းလျက်ရှိကြောင်း ဖော်ပြထားပါသည်။

အမေရိကန်ပြည်ထောင်စု၌ ပြောင်းဈေးနှုန်း (၈) လဆက်တိုက် မြင့်တက်လျက်ရှိပြီး ဂျုံဈေးနှုန်းသည်လည်း (၉) နှစ်ကျော်ကာလ အတွင်း အမြင့်ဆုံးနှုန်းသို့ ရောက်ရှိလာကြောင်း၊ ကမ္ဘာ့ဈေးကွက်၌ ပြောင်းဈေးနှုန်းမြင့်တက်လျက်ရှိပြီး တရုတ်နိုင်ငံ၏ ပြောင်းဈေး နှုန်းသည်လည်း အဆမတန် မြင့်တက်လာကာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၄၁၁.၂၉) အထိ ရောက်ရှိလာကြောင်း၊ ယူကရိန်း နိုင်ငံသည် ၂၀၂၀- ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံများသို့ ပြောင်းတန်ချိန် (၂၃.၈၆) သန်း တင်ပို့သည့် နိုင်ငံဖြစ်ကြောင်း၊ ဂျုံအဓိက တင်ပို့သူလည်းဖြစ်ပြီး ကမ္ဘာ့ဈေးကွက်၌ ၁၂% ပါဝင်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ ယူကရိန်းနိုင်ငံမှ ပြောင်းတင်ပို့မှု ရပ်ဆိုင်းသွားပါက ကမ္ဘာ့ပြောင်းဈေးနှုန်း ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံသည် ပြည်တွင်းဈေးကွက်၌ ပြောင်းဈေးနှုန်း အဆမတန်မြင့်တက်ခဲ့သည့်အတွက် မွေးမြူရေးလုပ်ငန်းများတွင် အသုံးပြု ရန် ပြောင်း၊ ဂျုံနှင့် ဘာလီတို့အား ပြည်ပနိုင်ငံများမှ ပိုမိုတင်သွင်းလျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း ပြောင်းတန်ချိန်သန်းပေါင်း (၈.၂၄) သန်း တင်သွင်းခဲ့ပြီး ပြည်တွင်းဝယ်လိုအား ပြည့်မီစေရေးအတွက် အခြားနိုင်ငံများမှ ပိုမိုတင်သွင်းလာနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Source: https://www.globaltimes.cn/page/2O22O2/1253t38.shtml

Category: China(Beijing)