China(Nanning)

တရုတ်ပြည်တွင်းဈေးကွက်၌ အလူမီနီယံဈေးနှုန်းများ အတက်ဘက်သို့ ပြန်လည်ရောက်ရှိလာ

Last Updated:

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံ၏ ပြည်တွင်းဈေးကွက်တွင် အလူမီနီ ယံဈေးနှုန်းများ အကျရပ်ပြီး တစ်ဖန်ပြန်လည်မြင့်တက်ခဲ့ပါသည်။

ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် တရုတ်နိုင်ငံအရှေ့ပိုင်းဈေးကွက်၌ ပြည်တွင်း အလူမီနီယံအချောင်းများ၏ ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၂၀,၃၇၀) ဖြစ်ပြီး၊ ဒီဇင်ဘာလအစ၌ ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၁၈,၉၀၀) မှ (၇.၇၈) ရာခိုင်နှုန်း ပြန်လည်မြင့်တက်ခဲ့ခြင်း ဖြစ်ပါသည်။

တရုတ်ပြည်တွင်း အလူမီနီယံဈေးကွက်၌ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၉) ရက်နေ့တွင် တစ်တန်လျှင် ယွမ်ငွေ  (၂၄,၂၄၀) ဖြင့် ဈေးနှုန်းအမြင့်ဆုံး ဖြစ်ခဲ့ပါသည်။

ဒီဇင်ဘာလအတွင်း အလူမီနီယံဈေးနှုန်းများ ပြန်လည်မြင့်တက်လာရသည့် အကြောင်းရင်းမှာ ဉရောပနိုင်ငံများတွင် စွမ်းအင်အကျပ်အတည်းဆက်လက်ဖြစ်ပွားနေပြီး၊ ဉရောပရှိ အလူမီနီယံထုတ်လုပ်သည့် ကုမ္ပဏီများက လုပ်ငန်းများပိတ်သိမ်းလာခြင်းကြောင့် ဖြစ်ပါသည်။ ထိုသို့ လက်ရှိပိတ်သိမ်းနေမှုများကြောင့် တန်ချိန် (၅) သိန်းမှ (၆) သိန်းခန့်အထိ ထုတ်လုပ်မှုလျော့ကျသွားနိုင်ကာ၊ အနာဂတ်တွင် တစ်ကမ္ဘာလုံးထုတ်လုပ်နေမှုမှ တန်ချိန် (၂) သန်းခန့် လျော့ကျသွားနိုင်ကြောင်း ခန့်မှန်းထားပါ သည်။ IAI အချက်အလက်များအရ ဉရောပနိုင်ငံများရှိ electrolytic အလူမီနီယံထုတ်လုပ်မှုများမှာ တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ထုတ်လုပ်နေမှုများ၏ (၁၁) ရာခိုင်နှုန်းခန့်ရှိကာ၊ တရုတ်နိုင်ငံမှ ထုတ်လုပ်နေမှုမှှ (၂၆) ရာခိုင်နှုန်းခန့်ရှိပါသည်။ ဉရောပရှိ အလူမီနီယံ တန်ချိန် (၂.၄) သန်းခန့်နီးပါးကို အရည်ကျိုနေသည့် လုပ်ငန်း များ၏ စွမ်းအင်ရင်းမြစ်မှာ သဘာဝဓာတ်ငွေ့ဖြစ်ကြောင်း သိရပါသည်။

ဤကဲ့သို့ အလူမီနီယံထုတ်လုပ်မှုများ ကျဆင်းလာသော်လည်း ဈေးကွက်ဝယ်လိုအားဘက်မှမူ ကောင်းမွန်နေဆဲဖြစ်သောကြောင့်၊ ဒီဇင်ဘာလအတွင်း အလူမီနီယံ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာခြင်း ဖြစ်ပါသည်။ သို့ရာတွင်  တရုတ်နိုင်ငံ၌  နွေဉီးရာသီပွဲတော်ရက် နီးကပ်လာပြီဖြစ်ပြီး၊ ဝယ်လိုအားနှေးကွေးနေသဖြင့်  အလူမီနီယံ ဈေးနှုန်းများမှာ ဒီဇင်ဘာလနှောင်းပိုင်း၌ ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းဝန်းကျင်၌ပင် ရှိနေနိုင်မည်ဟု  ခန့်မှန်းရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ SunSirs (၄-၁-၂၀၂၂)

Category: China(Nanning)