China (HongKong)

တရုတ်ပြည်မကြီးနှင့် နယ်စပ်ဂိတ်အား ၂၀၂၂ ခုနှစ်၊ ဇွန်လကုန်တွင် အပြည့်အဝ ပြန်လည် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း

Last Updated:

ဟောင်ကောင်ဒေသသည် ကန့်သတ်စောင့်ကြည့်မှု ကင်းလွတ်သည့် ခရီးသွားလာမှုအတွက် နောက်အကျဆုံးအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် တရုတ်ပြည်မကြီးနှင့် နယ်စပ်ဂိတ်များ အပြည့်အဝဖွင့်လှစ်ရန် ခန့်မှန်းထားကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် နယ်စပ်ဂိတ်များပိတ်ထားခဲ့သဖြင့် ဒေသ၏ စီးပွားရေးအပေါ် ထိခိုက်လျက်ရှိကြောင်း၊ ဒီဇင်ဘာလလယ်မှ စတင်၍ အဆင့် (၃) ဆင့်ဖြင့် နယ်စပ်ဂိတ်ဖွင့်လှစ်ရန် ဆောင်ရွက်သည့်စီမံကိန်း အဆင်ပြေချောမွေ့ပါက ၂၀၂၂ ခုနှစ်၊ ဇွန်လ ထက်စော၍ နယ်စပ်ဂိတ်များအား အပြည့်အဝ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသနယ်စပ်ရှိ ရှန်းကျန့်ဒေသမှ စတင်၍ ခရီးသွားများ ဝင်ရောက် ခွင့်ပြုမည်ဖြစ်ကြောင်း၊ လေကြောင်းဖြင့် ခရီးသွားလာမှုဖွင့်လှစ်ရန် စတင်ဆောင်ရွက်ခြင်း မရှိသေးကြောင်း၊ အစီအစဉ်ဆောင်ရွက်မှု အစောပိုင်းတွင် ကွမ်တုံးပြည်နယ်မှ ခရီးသွားများအတွက် အ‌ရေအတွက်ခွဲတမ်းအား တရုတ်ပြည်မကြီးမှ ကန့်သတ်ထားမည်ဖြစ်ကြောင်း၊ ဦးစားပေးအနေဖြင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများနှင့် သက်ကြီးရွယ်အိုများ အလည်အပတ်သွားရောက်မှုနှင့် ဈာပနအခမ်းအနားများတက်‌ရောက်ရန်အတွက် သွားလာခွင့်ပြုမည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက် နေ့ထုတ် South China Morning Post သတင်းစာ၌ Wiilliam Zheng နှင့် Jack Tsang က Full Reopening of Mainland Border ‘By June’”ခေါင်းစဉ်ဖြင့် ရေးသား ဖော်ပြထားပါသည်။

အဆိုပါသတင်း၌ ခရီးသွားများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်‌ဆေးထိုးနှံထားခြင်း၊ ကိုဗစ်-၁၉ ကူးစက်မှုဆေးစစ်ထားခြင်း၊ ဟောင်ကောင်‌ဒေသ၌ အသုံးပြုသည့် ကူးစက်မှု များနှင့် ထိတွေ့မှုနောက်ကြောင်းလိုက်သည့် Leave Home Safe application မှတ်တမ်းများတင်ပြခြင်းနှင့် တရုတ်ပြည်မကြီးသို့ရောက်ရှိချိန်တွင် Health Code ရရှိရန် လျှောက်ထားခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ခရီးသွားအရေအတွက် ခွဲတမ်းကန့်သတ်ချက်ဖြင့် စမ်းသပ်‌ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါဆောင်ရွက်မှု အဆင်ပြေသည့်အပေါ် အခြေခံ၍ ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် ခရီးသွားအရေအတွက် ပိုမိုခွင့်ပြုသွားမည်ဖြစ်ပြီး၊ဇွန်လတွင် ခရီးသွားအရေအတွက် အကန့်အသတ်မရှိ အပြည့်အဝဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကူးစက်မှုနှုန်း အနည်းဆုံးဒေသအဖြစ် သတ်မှတ်မှုတွင် (၁၄) ရက်ကြာ ကာလအတွင်း ကိုဗစ်-၁၉ ကူးစက်မှု အတည်ပြုချက် (၁၀) ဦးအောက်နည်းပြီး  ကိုဗစ်-၁၉ အစုလိုက်အပြုံလိုက်ကူးစက်မှုတွင် တစ်နေရာတည်းတွင် (၅) ဦးအောက်နည်းသည့် အရေအတွက်ဖြင့် ကူးစက်မှုတစ်ခုသာ ရှိရမည်ဖြစ်ကြောင်း၊ အဆိုပါရက်သတ္တပတ် (၂) ပတ်အတွင်း ကူးစက်မှုမှာ သတ်မှတ်ချက်အရေအတွက်ထက် ကျော်လွန်ပါက ကူးစက်မှုနှုန်း မြင့်မား သည့် ဒေသအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် မိသားစုများ ကြာရှည်စွာ ခွဲခွာနေရမှုမှာ အချိန်ကာလ (၂) နှစ်ကျော် ကြာမြင့်ပြီ ဖြစ်သောကြောင့် ဒေသခံနှင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များမှ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရန် ပြောကြားလျက်ရှိသောကြောင့် ဟောင်ကောင်ဒေသအစိုးရ အတွက် ဖိအားများဖြစ်ပေါ် လျက်ရှိကြောင်း၊ နယ်စပ်ဖြတ်ကျော်သွားလာမှု ကန့်သတ်ချက်များကြောင့် တရုတ်ပြည်မကြီးရှိ ရှန်ဟိုင်းမြို့၌ ကျင်းပပြုလုပ်မည့် တရုတ်နိုင်ငံ နိုင်ငံတကာပို့ကုန်သွင်းကုန်ပြပွဲသို့ ဒေသခံစီးပွားရေလုပ်ငန်းရှင်များ သွားရောက်နိုင်ခဲ့ခြင်းမရှိကြောင်း  ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)