China (HongKong)

တရုတ်ပြည်မကြီးသို့ တင်ပို့မည့်ဟောင်ကောင်ဒေါ်လာ (၁.၂) ဘီလီယံ တန်ဖိုးရှိကုန်ပစ္စည်း များ အကောက်ခွန်ဌာနမှ ဖမ်းဆီးသိမ်းဆည်းရမိခဲ့ခြင်း

Last Updated:

ဟောင်ကောင်အကောက်ခွန်ဌာနသည် တရုတ်ပြည်မကြီးသို့ တင်ပို့မည့် သင်္ဘောပေါ်ရှိ ကွန်တိန်နာ (၂၄) ခုပေါ်တွင် တန်ဖိုးအားဖြင့် ဟောင်ကောင်ဒေါ်လာ (၁.၂) ဘီလီယံ တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများ  ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Clifford Lo က“Customs Seizes Record HK” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါ သတင်းတွင် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တွင်လည်း ပင်လယ်ရေကြောင်းမှ တရားမဝင်ကုန်ကူးမှု (၂၁၁)ခု ဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါဖမ်းဆီးရရှိခဲ့မှုတွင် တန်ဖိုးမြင့်မားသည့် လက်ကိုင်အိတ်များ၊ ပင်လယ်စာများ၊ လျှပ်စစ်ပစ္စည်းကိရိယာများ အစရှိသည်တို့ပါဝင်ခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း (၁၀)လပိုင်းအထိ တရားမဝင် ကုန်ကူးမှု (၈၁) ခု တန်ဖိုးအားဖြင့် ဟောင်ကောင်ဒေါ်လာ (၂.၀၇) ဘီလီယံ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွန်တိန်နာ (၈၀) ကျော် သယ်ဆောင်လာသောသင်္ဘောအား ၁၄-၁၀-၂၀၂၁ ရက်နေ့က စစ်‌ဆေးခဲ့ရာတွင် Polypropylene ပစ္စည်းစာရင်းဖြင့် အကောက်ခွန် ရှင်းလင်းထားသော ကွန်တိန်နာ (၂၄) ခုတွင် တရားမဝင်ကုန်ပစ္စည်းများ ရှာဖွေ တွေ့ရှိခဲ့ပါသည်။

အဆိုပါ Polypropylene အမြောက်အမြား ပါဝင်သည်ဆိုသည့် ကွန်တိန်နာ (၂၄) ခုအား တင်ဆောင်လာသည့် သင်္ဘောအားစစ်ဆေးခြင်းသည် အကောက်ခွန်ရှင်းလင်း ခြင်းမှာ ပုံမှန်မဟုတ်ဘဲ သံသယဖြစ်ဖွယ်ရှိသောကြောင့်ဖြစ်ကြောင်း၊ အဆိုပါ တရားမဝင်ကုန်ပစ္စည်းများတွင် တန်ဖိုးမြင့်မားသည့် အလှကုန်ပစ္စည်းများ၊ ငါးမျိုးစိတ်များ၊ အမေရိကန်ဂျင်စင်း၊ အလှကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ တန်ဖိုးကြီးနာရီများ၊ အဝတ်အစားများ၊ လက်ကိုင်အိတ်များ၊ တစ်ပုလင်းလျှင် အမေရိကန်ဒေါ်လာထောင် ကျော် တန်ဖိုးရှိသည့် ဂျပန်ဆန်အရက် (ဆာကေး) အစရှိသည့် ကုန်ပစ္စည်းများ ပါဝင်ကြောင်း၊ လက်ကိုင်အိတ်များတွင် Gucci ၊ Hermes ၊ Louis Vuitton နှင့် Fendi အစရှိ သည့် အမျိုးအစားတို့ပါဝင်ပြီး နာရီတွင် Chopard နှင့် Rolex အစရှိသည်တို့ ပါဝင်ကြောင်း၊ လျှပ်စစ်ပစ္စည်းများ စာရင်းတွင် Cryptocurrency mining အတွက် ဒီဇိုင်းရေးဆွဲထားသော တစ်ခုလျှင် ဟောင်ကောင်ဒေါ်လာ ၇,၀၀၀ တန်ဖိုးရှိသော High-end graphics cards များပါဝင်ကြောင်း၊ တရားမဝင်ကုန်ပစ္စည်း စုစုပေါင်း ခန့်မှန်းတန်ဖိုးမှာ ဟောင်ကောင်ဒေါ်လာ (၁.၂) ဘီလီယံရှိကြောင်း၊ အဆိုပါ ဖမ်းဆီးရရှိမိသည့်ပစ္စည်းများအား တရုတ်ပြည်မကြီးသို့ တင်ပို့ရာတွင် ပေးသွင်းရမည့် သွင်းကုန်ခွန်နှုန်းမှာ ကုန်ပစ္စည်းတန်ဖိုး၏ (၁၆၀) ရာခိုင်နှုန်းရှိကြောင်း၊ တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရရှိမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ဆဲဖြစ် ကြောင်း ရေးသားဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)