China(Beijing)

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရန် မျှော်မှန်းထား

Last Updated:

တရုတ်နိုင်ငံသည် နိုင်ငံတော်၏ စီးပွားရေးတည်ငြိမ်ရေးနှင့် ပွင့်လင်းမြင်သာမှုမြှင့်တင်ရေး စသည့်မူဝါဒများ စဉ်ဆက်မပြတ်ချမှတ်ခြင်း၊ ကြီးမားသည့် စျေးကွက်အရွယ်အစား၊ ပြည့်စုံမှုရှိသော ထောက်ပံ့ရေးကွင်းဆက်များကို ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း အစိုးရအရာရှိများနှင့် အပြည်ပြည်ဆိုင်ရာကော်ပို ရေးရှင်းများ၏ အကြီးအကဲများက ဆွေးနွေးပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ယခုနှစ် ပထမနှစ်လအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ယွမ် ၂၁၅.၀၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၉.၇၅ ဘီလီယံ) ရှိခဲ့ကာ ကာလတူထက် ၂၀ ရာခိုင် နှုန်း နီးပါး ကျဆင်းသွားခဲ့ကြောင်း၊ အသစ်တည်ထောင်ထားသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းအရေအတွက်သည် ၇၁၆၀ သို့ ရောက်ရှိခဲ့ပြီး ကာလတူထက် ၃၅ ရာခိုင်နှုန်းနီးပါး မြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက် အလက်များအရ သိရှိရပါသည်။

တိုင်းတာချက်အရ တရုတ်နိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှ အမှန်တကယ်အသုံးပြုမှုမှာ ယွမ် ၂၆၈.၄၄ ဘီလီယံရှိပြီး ယခင်နှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း စံချိန်တင် မြင့်မားခဲ့ကြောင်း၊ ယခုနှစ်တွင် ကျဆင်းသွားသော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်ကာလကို ပြန်လည်လေ့လာကြည့်ပါက တတိယမြောက် အမြင့်ဆုံးအဖြစ်ရှိနေဆဲဖြစ်ကြောင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ အကြီးအကဲက အွန်လိုင်းထုတ်ပြန်ချက် တစ်ခုတွင် ပြောကြားခဲ့ကြောင်းလည်း သိရှိရပါသည်။

ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ရှုထောင့်မှ လေ့လာပါက တရုတ်နိုင်ငံ၏  နည်းပညာမြင့် စက်မှုလုပ်ငန်းများ၌ ပထမနှစ်လအတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကုမ္ပဏီအသစ် ၁,၈၆၅ ခုကို တည်ထောင်ခဲ့ပြီး ကာလတူထက် ၃၂ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ အဆိုပါကဏ္ဍတွင် FDI ၏ အမှန်တကယ် အသုံးပြုမှုမှာ ယွမ် ၇၁.၄၄ ဘီလီယံဖြစ်ပြီး နိုင်ငံရှိ စုစုပေါင်း၏ ၃၃ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံအနေဖြင့် အရည်အသွေးမြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်မြှင့်တင်နေချိန်တွင် FDI စဉ်ဆက်မပြတ် ကူးပြောင်းတိုးတက်ရေးနှင့် အဆင့်မြှင့်တင်မှုများကို လုပ်ဆောင်နေကြောင်း၊ ပြင်သစ်၊ စပိန်၊ သြစတြေးလျနှင့် ဂျာမနီတို့မှ FDI များမှာ ပထမနှစ်လအတွင်း သိသာစွာ တိုးတက်ခဲ့ပြီး ၅၈၆ ရာခိုင်နှုန်း၊ ၃၉၉ ရာခိုင်နှုန်း၊ ၁၄၄.၅ ရာခိုင်နှုန်းနှင့် ၂၀ ရာခိုင်နှုန်း အသီးသီးတိုးလာခဲ့ကြောင်း၊ ၎င်းကိန်းဂဏန်းများသည် တရုတ်စျေးကွက်ကို မတူညီသော နိုင်ငံများက ယုံကြည်မှုနှင့် စိတ်ဝင်စားမှုအဆင့်များ မြင့်တက်လျက်ရှိသည်ကို ပြသနေကြောင်း ဖော်ပြထားပါသည်။

Apple Inc ၏ CEO Mr. Tim Cook ၊ Mercedes-Benz Group AG ၏ ဥက္ကဌ Mr. Ola Kallenius နှင့် HP Inc ၏ ဥက္ကဌနှင့် CEO Mr. Enrique Lores တို့ပါဝင်သည့် အပြည်ပြည်ဆိုင်ရာကော်ပိုရေးရှင်း အကြီးအကဲများနှင့် တွေ့ဆုံစဉ်အတွင်း တရုတ်နိုင်ငံသည် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများအတွက် စံချိန်စံညွှန်းပြည့်ဝသည့် ပွင့်လင်းမြင်သာမှုနှင့် အရည်အသွေး ကောင်းမွန်သည့် ဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်းဖြင့် အရည်အသွေးမြင့်ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရန် ကတိပြုထားကြောင်း၊ စျေးကွက်စီးပွားရေး ဦးတည်ဆောင်ရွက်မှု၊ တရားဥပဒေစိုးမိုးမှုနှင့် နိုင်ငံတကာစံနှုန်းများစသည့် သွင်ပြင်လက္ခဏာရှိသော ထိပ်တန်းစီးပွားရေးဝန်းကျင်ကို စဉ်ဆက်မပြတ် ထူထောင်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Wang Wentao က ပြောကြားခဲ့ကြောင်းလည်း သိရှိရပါသည်။

၂၀၂၄ ခုနှစ် တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဖိုရမ် “2024 China Development Forum” မတိုင်မီပြောကြားရာ၌ တရုတ်နိုင်ငံအနေဖြင့် ခေတ်မီတိုးတက်ရေးဆောင်ရွက်ရာတွင် နိုင်ငံကို ဘက်စုံတိုးတက်စေရေးအတွက် အရည်အသွေးမြင့် ကုန်ထုတ်စွမ်းအားများ မြှင့်တင်ရန်၊ အသိဉာဏ်ဖွံ့ဖြိုးတိုးတက်မှုနှင့် အစိမ်းရောင်ဖွံ့ဖြိုးမှုတို့ကို မြှင့်တင်ရန်အာရုံထားကြောင်း၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ကမ္ဘာအနှံ့ရှိကုမ္ပဏီများအတွက် တိုးတက်မှုအခွင့် အလမ်းများ ပေးစွမ်းနိုင်မည်ဖြစ်ကြောင်းတို့ကိုလည်း ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Mercedes-Benz ၏ လျှပ်စစ်ကားများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုကို ပြသသော အားဖြင့် Mr. Kallenius က ဂျာမန်ကားထုတ်လုပ်သူအနေဖြင့် တရုတ်နိုင်ငံတွင် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများ သိသိသာသာ တိုးမြင့်လာစေရန် ရည်ရွယ်ထားကြောင်း၊ ကန့်သတ်ဆောင်ရွက်ခြင်းကြောင့် အခက်အခဲများကို ဖြစ်ပေါ်စေပြီး အခြားတစ်ဖက်တွင် စျေးကွက်ပွင့်လင်းစွာ ဆောင်ရွက်ခြင်းဖြင့် စက်မှုလုပ်ငန်း တိုးတက်စေရေးချဲ့ထွင်မှုကို အထောက်အကူပြုနိုင်သည့် စျေးကွက်ပွင့်လင်းမှုဆီသို့ ဦးတည်နိုင်ကြောင်း၊ Mercedes-Benz အနေဖြင့် ကားထုတ်လုပ်မှု နယ်ပယ်အတွင်းရှိ မိတ်ဖက်အဖွဲ့အစည်းများနှင့် ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများ တိုက်ဖျက်ရေးတွင် တက်ကြွစွာဆောင်ရွက်ရန်နှင့် တရားမျှတစွာ ယှဉ်ပြိုင်မှုများအတွက် သေချာခိုင်မာမှုရှိစေရေး ဆောင်ရွက်ရန်လည်း စိတ်အားထက်သန်လျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

HP Inc မှ Mr. Lores ကလည်း တရုတ်နိုင်ငံသည် HP ၏ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်အတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်နေပြီဖြစ်ကြောင်း၊ အမေရိကန်ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု အလားအလာကို ယုံကြည်ပြီး တရုတ်နိုင်ငံတွင် ဆက်လက်ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်ဟုလည်း သိရှိရပါသည်။

တရုတ်နိုင်ငံအနေဖြင့် ပွင့်လင်းမြင်သာမှုကို ပိုမိုမြှင့်တင်ရန် စိတ်အားထက်သန်လျက်ရှိပြီး နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုများအတွက် နိုင်ငံလုံး အတိုင်းအတာနှင့် ရှေ့ပြေးဆောင်ရွက်လျက်ရှိသည့် လွတ်လပ်သော ကုန်သွယ်မှုဇုန်များအတွက် ထုတ်ပြန်ထားသည့် Negative List စာရင်းကိုကြေညာခဲ့ပြီး ဧပြီလ ၂၁ ရက်နေ့တွင် အသက်ဝင်မည်ဖြစ် ကြောင်း သိရှိရပါသည်။

ဝန်ဆောင်မှုများတွင် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုအတွက် Negative List စာရင်း စီမံခန့် ခွဲမှုစနစ်တည်ထောင်ခြင်းသည် နိုင်ငံတကာရှိ စံနှုန်းမြင့်မားသော စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းများနှင့် လိုက်လျောညီထွေဖြစ်စေရေးနှင့် အဖွဲ့အစည်းဆိုင်ရာ ပွင့်လင်းမြင်သာမှုကို တိုးတက်စေရေးအတွက် နိုင်ငံ၏အရေးကြီးသည့် အစပျိုးမှုဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အခြားကြေညာချက်တစ်ရပ်တွင် ထည့်သွင်းထုတ်ပြန်ထားသည်ဟုလည်း သိရှိရပါသည်။

 

 

Source: Officials: China set to pull in more FDI (www.gov.cn)

(စီးပွားရေးသံမှူး၊ ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ)       

Category: China(Beijing)