Korea

တောင်ကိုရီးယားနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌသစ်က ယခင်အမဲစက်များပယ်ဖျက်ရန် ပွင့်လင်းမြင်သာမှုရှိစွာဆောင်ရွက်သွားမည်ဟု ကတိပြု

Last Updated:

တောင်ကိုရီးယားနိုင်ငံရှိ စီးပွားရေးလုပ်ငန်းကြီးများအကြား ၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့သည့် အစိုးရအပေါ်လွှမ်းမိုးချုပ်ကိုင်နိုင်ရန် လာဘ်ပေးလာဘ်ယူမှုများကဲ့သို့သော အမဲစက်များ မရှိစေရန် ပွင့်လင်းမြင်သာမှုရှိသည့် ကုမ္ပဏီယဉ်ကျေးမှုကို စီးပွားရေးအသိုင်းအဝန်းတစ်ခုလုံးတွင် အမြစ်တွယ်သွားသည်အထိ အားပေးမြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် အစိုးရနှင့်ပုဂ္ဂလိကအကြား ပူးပေါင်းကြံစည်မှုများကို တားဆီးကာကွယ်နိုင်မည်ဖြစ် ပါကြောင်းကို  ၂၂-၈-၂၀၂၃ ရက်နေ့က ကျင်းပခဲ့သည့် တောင်ကိုရီးယားနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (Federation of Korean Industries- FKI) ၏ အထူးအစည်းဝေးတွင်  FKI ၏ ဥက္ကဋ္ဌသစ်အဖြစ် ခန့်အပ်ခံရသော Poongsan Group ၏ ဥက္ကဋ္ဌဖြစ်သည့် Mr. Ryu Jin က ကတိ သစ္စာပြုခဲ့ပါသည်။

အစိုးရနှင့်ပုဂ္ဂလိကတို့ ပူးပေါင်းကြံစည်မှုများကို တားဆီးကာကွယ်နိုင်ရန် ကြိုးပမ်းမည်ဖြစ်သော်လည်း အစိုးရနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းကြီးများအကြား ရင်းနှီးသောဆက်ဆံရေးဖြင့် ပူးပေါင်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့မှုရှိစေရန် FKI ၏ ဥက္ကဋ္ဌအနေဖြင့် ဆောင်ရွက်သွားရေးသည် FKI ၏ အဓိကအရေးကြီး တာဝန်ဖြစ်ပါကြောင်း Mr. Ryu Jin က ပြောကြားခဲ့ပါသည်။ နိုင်ငံ၏ စီးပွားရေးအုပ်စုကြီး (၄) ခုဖြစ်သည့် ဆမ်မ်ဆောင်း၊ ဟွန်ဒိုင်း၊ SK နှင့် LG များ အပါအဝင် အဓိကစီးပွားရေးအဖွဲ့ဝင်များသည် FKI အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်၍ FKI နှင့် ဝေးကွာစွာနေခဲ့ကြ သော်လည်း FKI ၏ အစီအစဉ်သစ်ဖြစ်သည့် စီးပွားရေးလော်ဘီအုပ်စု (သို့မဟုတ်) KFI ၏ အဖွဲ့ဝင်ဖြစ်သည့် ကိုရီးယားစီးပွားရေးသုတေသနသိပ္ပံနှင့်ပူးပေါင်း၍ အတွေးအခေါ်ပညာရှင်အုပ်စုအဖြစ်ရပ်တည်မည့်  အစီအစဉ်ကြောင့် အဆိုပါစီးပွားရေးအုပ်စုကြီး (၄) ခုက FKI ၏ အဖွဲ့ဝင်အဖြစ် ပြန်လည်ရပ်တည်လာမည်ဖြစ်ပါကြောင်း အစည်းအဝေးတွင် ကြေညာခဲ့ပါသည်။

ဒုတိယဥက္ကဋ္ဌအဖြစ် ဆယ်စုနှစ် (၂)ခုကြာတာဝန်ထမ်းဆောင်ခဲ့သည့်အတွက် Mr. Ryu Jin အပေါ် အထက်ပါ စီးပွားရေးအုပ်စုကြီး (၄) ခုက ယုံကြည်မှုရှိသည့်အတွက် ပြန်လည်၍ အဖွဲ့ဝင်အဖြစ် ဝင်ရောက်လာခြင်းဖြစ်ပါကြောင်း၊ အစိုးရနှင့်ပုဂ္ဂလိကအကြား ပူးပေါင်းကြံစည်မှုများကို တားဆီးကာကွယ်နိုင်ရန် ကျင့်ဝတ်ဆိုင်ရာကော်မတီ (Ethics Committee) ကိုထူထောင်မည် ဖြစ်ပြီး ကျင့်ဝတ်ဆိုင်ရာ သိက္ခာပုဒ်များ (Charter of Ethics) ကို ပြည်သူများ၏ မျှော်လင့်ချက်များနှင့်ညီစေရန်သာမက နိုင်ငံ၏မြင့်မားသောဂုဏ်သိက္ခာနှင့်လည်းကိုက်ညီစေရန် ချမှတ်ပြဌာန်းကျင့် သုံးစေကာအကျင့်ဆိုးများကို ပယ်ဖျက်သွားမည်ဖြစ်ပါကြောင်းနှင့် ပြင်ပဖိအားများ (သို့မဟုတ်) လွှမ်းမိုးချုပ်ကိုင်မှုများကိုလည်း တင်းတင်းကျပ်ကျပ် ခုခံဖြေရှင်းသွားမည် ဖြစ်ပါကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာလုံးဆိုင်ရာ အထောက်အပံ့ကွင်းဆက်များကို ပြန်လည်ချိန်ညှိမှုများ ဖြစ်ပေါ်နေချိန်တွင် ကြုံတွေ့ရသောစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးနှင့် ရှေ့လျှောက်တွင် တောင်ကိုရီးယားနိုင်ငံ၏ စီးပွား‌ရေးသည် ကမ္ဘာ့အလယ်တွင် ခုန်ကျော်တက်သွားစေရန် စတင်တက်လှမ်းရာနေရာ (Springboard) အဖြစ် FKI က ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် တောင်ကိုရီးယား နိုင်ငံ၏ စီးပွား‌ရေးအတွက် လမ်းပြမြေပုံနှင့် အသေးစိတ်လုပ်ငန်းစဉ်များကိုလည်း ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း Mr. Ryu Jin က အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

 

 

 

 

Source; The Korea Herald

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea