Korea

တောင်ကိုရီးယားနိုင်ငံ၌ ငွေကြေးစျေးကွက် မတည်မငြိမ်ဖြစ်မှုကို ကြိုတင်တုံ့ပြန်ရန် ဘဏ္ဍာရေးဒုဝန်ကြီးက ကတိပြုခဲ့

Last Updated:

တောင်ကိုရီးယားနိုင်ငံ၏ ဘဏ္ဍာရေးနှင့် နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်သည် လက်ရှိအချိန်တွင် External Factor များ၏ ရိုက်ခတ်မှုအပေါ် အကဲဆတ်သော တုံ့ပြန်မှုဖြစ်နိုင်ချေ မြင့်မားနေကြောင်း၊ တောင်ကိုရီးယားနိုင်ငံ၏ မတည်ရင်းနှီးငွေများနှင့် ငွေကြေးဈေးကွက်တည်ငြိမ်မှုရှိစေရန် တုံ့ပြန်မှုအစီအစဉ်များကို လိုအပ်သကဲ့သို့ အချိန်မဆိုင်းဘဲ ဝင်ရောက်ဆောင်ရွက်ကြရန် မူဝါဒပိုင်းဆိုင်ရာ တာဝန်ရှိသူများအား (၅-၅-၂၀၂၂) ရက် နေ့တွင် ဒုတိယဘဏ္ဍာရေးဝန်ကြီး Lee Eog-weon က US Federal Reserve ၏ငွေကြေးတင်းကျပ်မှုကို တန်ပြန်အရေးယူ‌ဆောင်ရွက်ရန် ဆွေး နွေးသည့် အစည်းအဝေးတစ်ခုတွင် ထပ်လောင်းပြောကြားခဲ့ပါသည်။

၃-၅-၂၀၂၂ ရက်နေ့တွင် အမေရိကန်ဗဟိုဘဏ်၏ အခြေခံနှုန်းထားကို (၀.၂၅ ~ ၀.၅) ရာခိုင်နှုန်းမှ (၀.၇၅ ~ ၁) ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့ပြီးနောက် အဆိုပါ ဒုတိယဝန်ကြီး၏မှတ်ချက်သည် ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ နိုင်ငံတကာအရင်းအနှီးနှင့် ငွေကြေးဈေးကွက်အခြေအနေများ၏ လှုပ်ခတ် မှုတွင် တောင်ကိုရီးယား၏ ဘဏ္ဍာရေးဈေးကွက်မတည်ငြိမ်မှုများမှာလည်း မလွှဲမရှောင်သာ ပိုမိုကျယ်ပြန့်လာကြောင်း၊ သက်ဆိုင်ရာအေဂျင်စီများ နှင့် အနီးကပ်ညှိနှိုင်းဆောင်ရွက်ရာတွင် “အန္တရာယ်အမျိုးမျိုးကို ကြိုတင်ကာကွယ်ခြင်း” နှင့် “စျေးကွက်တည်ငြိမ်မှုအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ” ကို ကြိုတင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဒုတိယဝန်ကြီးက မှာကြားခဲ့ပါသည်။

ပြင်ပမှ တုန်လှုပ်ချောက်ချားဖွယ်ရာ အညွှန်းကိန်းများကို ရိုက်ခတ်လာသောအခါ အစိုးရမှဦးဆောင်သော လုပ်ဆောင်ချက်အမျိုးမျိုးကို စည်းရုံးခြင်း ဖြင့် စတော့ရှယ်ယာနှင့် ကိုရီးယားဝမ်နှင့် အမေရိကန်ဒေါ်လာလဲလှယ်ရေး ငွေကြေးစျေးကွက်မတည်ငြိမ်မှုကို လျှော့ချရန် အစိုးရက ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ မည်သို့ပင်ဆိုစေကာမူ အမေရိကန်ဒေါ်လာနှင့် အစိုးရငွေချေးစာချုပ်များအပေါ် အတိုးနှုန်းနှင့် ငွေလဲနှုန်း မတည်ငြိမ်မှုအတိုင်းအတာ တို့သည် အခြားသောနိုင်ငံကြီးများမှ ချုပ်ကိုင်ထားသော အလားတူအဆင့်တွင်ရှိနေကြောင်း၊ တောင်ကိုရီးယားနိုင်ငံအနေဖြင့် သမိုင်းကြောင်း တစ်လျှောက်တွင် ၎င်း၏ နိုင်ငံတော်ချေးငွေတန်ဖိုး အမြင့်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလအထိ စာရင်းအရ ပြည်တွင်း ၌  ပြင်ပ၏ လှုပ်ခတ်မှုများကို ကြံ့ကြံ့ခံနိုင်ရန် လုံလောက်သော နိုင်ငံခြားအရန်ငွေ (အမေရိကန်ဒေါ်လာ ၄၄၉ ဘီလီယံ) ရှိပါကြောင်း ဒုတိယဝန်ကြီး က ထောက်ပြသုံးသပ်ခဲ့ပါသည်။

ဒုတိယဝန်ကြီး၏ မှတ်ချက်များအရ နိုင်ငံခြားအရန်ငွေလုံလောက်စွာရှိသည့်တိုင် မူဝါဒပိုင်းဆိုင်ရာ လုံလောက်သော ပြင်ဆင်မှုများမရှိထားပါလျှင် နောက်ဆုံးတွင် ခံနိုင်ရည်မရှိနိုင်သည့်သဘောရှိ၍ လိုအပ်သည်များ ကြိုတင်ပြင်ဆင်ကြရန် ဆိုလိုထောက်ပြခြင်းဖြစ်ပါသည်။ (၆-၅-၂၀၂၂) ရက်နေ့ တွင် ငွေလဲလှယ်မှုနှုန်းထားသည် အမေရိကန်ဒေါ်လာ (၁) ဒေါ်လာလျှင် (၁၂၇၂.၇) ဝမ်သို့ ရောက်ရှိခဲ့ပြီး၊ နောက်ဆုံး Session ထက် (၆.၄) ဝမ် ပိုမိုမြင့်တက်လာခဲ့သဖြင့် ဝမ်ငွေတန်ဖိုး ကျဆင်းလျက် ရှိပါသည်။ 

တောင်ကိုရီးယားနိုင်ငံ၏ စံနှုန်းအခြေခံအတိုးနှုန်းကို ၂၀၂၂ ခုနှစ်၊ ဧပြီ (၁၄) ရက်နေ့တွင် (၁.၅) ရာခိုင်နှုန်းသို့ တိုးမြင့်သတ်မှတ်ခဲ့ပြီး၊ တောင်ကိုရီး ယားဗဟိုဘဏ် (ငွေကြေးမူဝါဒကော်မတီ) ၏ အတိုးနှုန်းသတ်မှတ်ခြင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ မေလ (၂၆) ရက်နေ့၌ ထပ်မံပြုလုပ်ရန် စီစဉ် ထားကြောင်း သတင်းရရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

 

 

 

Category: Korea