Korea

တောင်ကိုရီးယားနိုင်ငံ၌ ငွေကြေးဖောင်းပွမှုနှင့် ဗဟိုဘဏ်၏ အခြေခံအတိုးနှုန်းတိုးမြင့်လာမှုတို့ကြောင့် စီးပွားရေးရာမတည်ငြိမ်မှု စတင်ဖြစ်ပေါ်လျက်ရှိ

Last Updated:

တောင်ကိုရီးယားနိုင်ငံ၌ ငွေကြေးဖောင်းပွမှု၊ စျေးနှုန်းများကြီးမြင့်လာမှု၊ ဗဟိုဘဏ်၏ အခြေခံအတိုးနှုန်းမြင့်တက်မှု၊ ကိုရီးယားပြည်တွင်းသုံး ဝမ်ငွေ ကြေး၏ ခိုင်မာမှုအားနည်းလာမှု စသည်တို့သည် နိုင်ငံ၏ စီးပွားရေးအပေါ် သက်ရောက်လာသဖြင့် မတည်မငြိမ်ဖြစ်လာမှုအား သက်ဆိုင်ရာကဏ္ဍ အလိုက် လိုအပ်သကဲ့သို့ ကြိုတင်ပြင်ဆင်၍ ကာကွယ်ရန် တောင်ကိုရီးယားအစိုးရက တိုက်တွန်းထားပါသည်။   

တရုတ်နိုင်ငံ၏ ဒေသအချို့တွင် ပြင်းထန်သော ကိုဗစ်-၁၉ ဆိုင်ရာ ပိတ်ဆို့ကန့်သတ်မှုများနှင့်အတူ ဆက်လက်ဖြစ်ပွားနေသော ရုရှား- ယူကရိန်း ပဋိပက္ခအခြေအနေများသည် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမှုအပေါ် အဟန့်အတားဖြစ်စေသကဲ့သို့ ကမ္ဘာတစ်ဝှမ်းတွင် စွမ်းအင်စျေးနှုန်း များ မြင့်တက်လာခြင်းနှင့် ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုများ ဖြစ်ပေါ်လာသည့်အတွက် အများစုက တောင်ကိုရီးယားနိုင်ငံ၏ ၂၀၂၂ ခုနှစ် အတွက် စီးပွားရေးတိုးတက်မှုနှုန်း မျှော်မှန်းချက်ဖြစ်သော (၃.၁) ရာခိုင်နှုန်း ပြည့်မီနိုင်ရေးအပေါ်  စိုးရိမ်မှုများ မြင့်တက်လာကြပါသည်။

Statistics Korea ၏ စာရင်းများအရ၊ စားသုံးသူစျေးနှုန်းများ (Consumer Prices) သည် တောင်ကိုရီးယားဗဟိုဘဏ် (Bank of Korea-BOK) ၏ ခန့်မှန်း ထားမှု (၂.၁) ရာခိုင်နှုန်းထက်ကျော်လွန်၍ ၂၀၂၂ ခုနှစ်၊ မတ်လတွင် (၄.၁) ရာခိုင်နှုန်းသို့ ရောက်ရှိလာခဲ့ပြီး၊ ယင်းသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ နောက်ပိုင်းတွင် (၃) ရာခိုင်နှုန်း ခန့်ထပ်မံတိုးမြင့်လာသည့် အမြင့်ဆုံးအနေအထားဖြစ်ကြောင်း၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund-IMF) သည် ၂၀၂၂ ခုနှစ်၊ ဧပြီလ ဒုတိယပတ်အတွင်းတွင် တောင်ကိုရီးယားနိုင်ငံအတွက် ၎င်း၏ငွေကြေးဖောင်းပွမှု ခန့်မှန်းချက်ကို  မူလ (၃.၁) ရာခိုင်နှုန်းမှ (၄) ရာခိုင်နှုန်းသို့ တိုးမြှင့်၍ပြင်ဆင်ခဲ့ကြောင်း၊ ထိုကဲ့သို့ ငွေကြေးဖောင်းပွမှုအတွက် IMF ၏ခန့်မှန်းမှုသည် နယူးဇီလန်၏ (၅.၉) ရာခိုင် နှုန်းပြီးလျှင် တောင်ကိုရီးယားနိုင်ငံ၏ (၄) ရာခိုင်နှုန်းက ဒုတိယအမြင့်ဆုံးဖြစ်ကြောင်း၊ သို့ဖြစ်၍ ဂျပန်၊ သြစတြေးလျ၊ စင်ကာပူ၊ ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်တို့အပါအဝင် IMF ကသတ်မှတ်ထားသော အာရှဒေသရှိ အဆင့်မြင့် စီးပွားရေးရှစ်နိုင်ငံအနက်တွင် တောင်ကိုရီးယားနိုင်ငံ၏ ငွေကြေးဖောင်းပွမှုရာခိုင်နှုန်းသည် ဒုတိယအမြင့်ဆုံးဖြစ်နေကြောင်း လေ့လာတွေ့ရှိရပါသည်။

တောင်ကိုရီးယားဗဟိုဘဏ်၏ အခြေခံအတိုးနှုန်းအား (၁.၅) ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်ခြင်းသည် ၂၀၂၁ ခုနှစ်၊ သြဂုတ်လမှစ၍  BOK ၏ စတုတ္ထ အကြိမ်မြောက် အတိုးနှုန်းတိုးမြှင့်ခြင်းဖြစ်ပြီး သုံးနှစ်နီးပါးကာလအတွင်း အမြင့်ဆုံးဖြစ်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ခြင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ပုံမှန်စီးပွားရေးတိုးတက်မှုအခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် အဓိကစီးပွားရေး နိုင်ငံကြီးများ၏ ငွေကြေးမူဝါဒများနှင့်အညီ လုပ် ဆောင်ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း BOK ၏ (၁.၅) ရာခိုင်နှုန်းသို့ အခြေခံအတိုးနှုန်းထားတိုးမြှင့်လိုက်မှုသည် အစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာ အကူ အညီပေးရေးအစီအစဉ်၏ နောက်ကွယ်တွင် အဟန့်အတားများဖြစ်စေမည်ကို ပြည်သူအများက စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိပြီး၊ အကြွေးပြန်ဆပ်ရန် ရှိသော တောင်ကိုရီးယား အိမ်ထောင်စုများအပေါ်လည်း အတိုးဝန်ထုပ်ဝန်ပိုးကို ပိုမိုမြှင့်တင်ပေးရာရောက်လျက်ရှိပါသည်။ ထို့ပြင် အခြေခံအတိုးနှုန်း သည် ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် (၂) ရာခိုင်နှုန်းအထိ တက်လာနိုင်မည်ဟု ခန့်မှန်းထားကြပြီး ငွေကြေးဖောင်းပွမှုသည် လည်းရပ်တန့်သွားမည့် အရိပ် အယောင်မရှိသေးကြောင်း တောင်ကိုရီးယား စီးပွားရေးပညာရှင်အသိုက်အဝန်းက ခန့်မှန်းထားကြပါသည်။

ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးတိုးတက်မှု နှစ်ရပ်လုံးကို တစ်ပြိုင်နက်ကိုင်တွယ်ဖြေရှင်းရခြင်းသည် စီးပွားရေးတွင် အခက်ခဲဆုံးအလုပ်ဖြစ်ပြီး၊ တောင် ကိုရီးယားနိုင်ငံ၏ စီးပွားရေးအခြေအနေသည် တည်ငြိမ်မှုအဆင့်သို့ လုံးလုံးလျားလျားပြန်လည်မရောက်ရှိသေးသည့်အတွက် အထူးသတိထား ရန်လို အပ်ကြောင်း ဆိုးလ်အမျိုးသားတက္ကသိုလ်မှ စီးပွားရေးပါမောက္ခ Ahn Dong-hyun က သုံးသပ်ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယားဗဟိုဘဏ်၏ အတိုးနှုန်းမြင့်တက်ခြင်းအရှိန်အဟုန်သည် အမေရိကန်ဗဟိုဘဏ်၏ မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်စွာကျဆင်းမှုကို ထိန်းကျောင်းနိုင်သည်ဆို သည်ကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

ကိုရီးယား ဝမ်ငွေတန်ဖိုးအနေဖြင့် လျော့ကျလျက်ရှိပြီး (၂၂-၄-၂၀၂၂) ရက်နေ့ ရောင်းဝယ်မှုတွင် အမေရိကန်‌ဒေါ်လာ (၁) ဒေါ်လာလျှင်  (၁၂၄၀) ဝမ်၊ (၂၅-၄-၂၀၂၂) ညနေပိုင်းတွင် (၁၂၅၀.၅၀) ဝမ်သို့ ရောက်ရှိလာသည်ကို တွေ့ရှိရပါသည်။ ယခုနှစ်တွင် ဆက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် တောင်ကိုရီးယား စတော့ဈေးကွက်အတွင်း KOSPI နှင့် ဒုတိယ Kosdaq တို့၏ အခြေခံစံနှုန်းများတွင် စတော့တန်ဖိုး ဝမ် (၂၀.၈) ထရီလီယံ (အမေရိ ကန်ဒေါ်လာ ၁၆.၈ ဘီလီယံ) ခန့် နစ်နာခဲ့ကြောင်း သိရှိရပြီး၊  IMF သည် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးအလားအလာခန့်မှန်းချက်ကို မူလ ခန့်မှန်းထားသည့် (၃) ရာခိုင်နှုန်းမှ (၂.၅) ရာခိုင်နှုန်းသို့ လျှော့ချခဲ့သကဲ့သို့ Fitch Ratings အနေဖြင့်လည်း ၎င်း၏ခန့်မှန်းချက်ကို (၃) ရာခိုင်နှုန်း မှ (၂.၇) ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Source - The Korea Times (25-4-2022)

Category: Korea