Korea

တောင်ကိုရီးယားနိုင်ငံ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ကုန်ပစ္စည်းများ၏ တင်သွင်းမှုဈေးနှုန်းများ (၃၀) ရာခိုင်နှုန်းကျော် မြင့်တက်မှုအခြေအနေ

Last Updated:

တောင်ကိုရီးယားနိုင်ငံ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ကုန်ပစ္စည်းများ၏ သွင်းကုန်စျေးနှုန်းများမြင့်တက်လာခြင်းဖြင့် နိုင်ငံ၏ စားသုံးသူစျေးနှုန်း (Consumer Price) များသည်လည်း ယခုရက်ပိုင်းအတွင်း သိသာစွာတိုးမြင့်လာခဲ့ကြောင်း၊ Korea Trade Statistics Promotion Institute ၏ အချက်အလက်များအရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ကုန်ထုတ်ကုန်များ၏ သွင်းကုန်စျေးနှုန်း ညွှန်းကိန်း (Import Price Index) သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် (၁၁၂.၆) သို့ရောက်ရှိခဲ့ပြီး ယခင်နှစ်ကထက် (၃၁.၇) ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

Import Price Index သည် ၂၀၁၅ ခုနှစ်တွင် (၁၀၀) အဆင့်တွင်ရှိခဲ့သည်ဟု ယူဆ၍ တွက်ချက်ထားပြီး  ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် (၃၃.၅) ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် (၃၁.၅) ရာခိုင်နှုန်းနှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် (၃၁.၇) ရာခိုင်နှုန်း စသည်ဖြင့် (၃) လဆက်တိုက် ဆက်လက်တိုးမြင့်လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လယ်ယာထွက်ကုန်များ၏ သွင်းကုန်ဈေးနှုန်း များသည် ယခင်နှစ်ကာလတူထက် (၃၃.၃) ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ကြောင်း၊ ကောက်ပဲသီးနှံများတွင် ပဲတီစိမ်း တင်သွင်းမှု ဈေးနှုန်းသည် (၆၈.၁) ရာခိုင်နှုန်း၊ ဂျုံမှုန့်တင်သွင်းမှုစျေးနှုန်းသည် (၅၈.၄) ရာခိုင်နှုန်း၊ တိရစ္ဆာန်အစာအဖြစ်အသုံးပြုသည့် ပြောင်းတင် သွင်းမှုစျေးနှုန်းသည် (၅၂.၄) ရာခိုင်နှုန်း၊  စားသောက်ကုန်လုပ်ငန်းများအတွက် အသုံးပြုသည့် ပြောင်းတင်သွင်းမှု‌စျေးနှုန်းသည် (၄၂.၃) ရာခိုင်နှုန်း စသဖြင့် အသီးသီးမြင့်တက်လာခဲ့သည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် ဂျုံနှင့် ပြောင်းတို့သည် ပြုပြင်ပြီးစားသောက်ကုန် အမျိုးမျိုးအတွက် ကုန်ကြမ်းအဖြစ် အသုံးပြုရသောကြောင့် ၎င်းတို့၏ သွင်းကုန်စျေးနှုန်းမြင့်တက်လာမှုသည် စားသုံးသူများ၏ ဈေးနှုန်း ကြီးမြင့်မှုကို တိုက်ရိုက်သက်ရောက်မှုရှိစေပါသည်။

ဟင်းသီးဟင်းရွက်များတွင် မုန်လာဥဖြူဈေး (၂၇၀.၆) ရာခိုင်နှုန်း၊ မုန်လာဥနီ (၆၁.၈) ရာခိုင်နှုန်း၊ ကြက်သွန်နီ (၅၇.၃) ရာခိုင်နှုန်းနှင့် ကြက်သွန်ဖြူ  (၅၂.၃) ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ သစ်သီးများတွင် နာနတ်သီး (၂၀.၇) ရာခိုင်နှုန်း၊ စပျစ်သီး (၁၉.၁) ရာခိုင်နှုန်းနှင့် သံပုရာသီး (၁၃.၆) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ မွေးမြူရေးထွက်ကုန် သွင်းကုန်ဈေးနှုန်းများသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်ပါက (၃၆.၇) ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ အမဲသားဈေးနှုန်းသည် (၄၇ မှ ၅၃) ရာခိုင်နှုန်း၊ ကြက်သားစျေးနှုန်း သည် (၄၇.၅) ရာခိုင်နှုန်းနှင့် ဝက်သားစျေးနှုန်းသည် (၆.၄) ရာခိုင်နှုန်း  မြင့်တက်လာကြောင်း၊ ရေထွက်ကုန်များ၏ ဈေးနှုန်းများသည် ပျမ်းမျှအနေဖြင့် (၁၃.၅) ရာခိုင်နှုန်းတိုးမြင့်လာခဲ့ပြီး၊ ငါးအရှင်သည် (၃၈.၆) ရာခိုင်နှုန်း၊ လတ်ဆတ်သောငါး (၃၀) ရာခိုင်နှုန်းနှင့် အေးခဲ ငါး (၈.၈) ရာခိုင်နှုန်းခန့်  အသီးသီးစျေးနှုန်းများ မြင့်တက်လာသည်ကို လေ့လာတွေ့ရှိရပါသည်။

ဤကဲ့သို့ စျေးနှုန်းများမြင့်တက်လာမှုသည် အဓိကအားဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စီးပွားရေးပုံမှန်အခြေအနေသို့ ပြန် လည်ရောက်ရှိစေရန် ဆောင်ရွက်နေစဉ်တွင် ကမ္ဘာ့ဝယ်လိုအား သိသိသာသာတိုးတက်လာခြင်းနှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် ရုရှား- ယူကရိန်း နယ်မြေပဋိပက္ခ စတင်ဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၊ မတ်လတွင် သွင်းကုန်စျေးနှုန်းများသည် သိသိသာသာ တိုးမြင့်လာခြင်းတို့ကြောင့် စျေးကွက်လေ့လာသူများက သုံးသပ်ကြပါသည်။ သွင်းကုန်စျေးနှုန်းများ ကြီးမြင့်လာခြင်း၏ အခြားသောအကြောင်းရင်းတစ်ခုမှာ ငွေလဲနှုန်းဖြစ်ပါသည်။ အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် တောင်ကိုရီးယားငွေကြေး၏ ခိုင်မာ မှုသည် အားနည်းသည့်အလျောက် ယခင်နှစ် (၁၅-၂-၂၀၂၁) ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၁) ဒေါ်လာလျှင် (၁,၁၀၁.၄) ဝမ်ရှိခဲ့ရာမှ  ယခုနှစ် (၁၅-၂-၂၀၂၂) ရက်နေ့တွင် (၁,၁၉၉.၈) ဝမ်သို့ မြင့်တက်လာခဲ့ကြောင်း၊ (၂၄-၂-၂၀၂၂) ရက်နေ့နောက်ပိုင်းတွင် (၁,၂၀၀) ဝမ် အထက်တွင်သာ ဆက်လက်ရပ်တည်နေသည်ကို လေ့လာတွေ့ရှိရပါသည်။ ကိုရီးယားဝမ်ငွေတန်ဖိုးကျဆင်းသဖြင့် တောင်ကိုရီးယား နိုင်ငံနေ အိမ်ထောင်စုများနှင့် လုပ်ငန်းလုပ်ကိုင်သူများ၏ ဝယ်ယူမှု၊ သုံးစွဲနိုင်မှုစွမ်းအားကို ကျဆင်းစေလျက်ရှိပါသည်။

သို့ဖြစ်၍ တောင်ကိုရီးယားနိုင်ငံ၊ သမ္မတအသွင်ကူးပြောင်းရေးအဖွဲ့ (The Presidential Transition Team) ဥက္ကဋ္ဌ Ahn Cheol-soo က စီးပွားရေးကဏ္ဍ ဝန်ထုပ်ဝန်ပိုးများကို ဖြေလျှော့ရန် လျှပ်စစ်ဓာတ်အားခနှင့် ဓာတ်ငွေ့ခနှုန်းထားများကို မပြောင်းလဲစေရေး အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ပြောကြားခဲ့ကြောင်း၊ ကမ္ဘာ့ရေနံစိမ်းအပါအဝင် ကုန်ကြမ်းပစ္စည်းဈေးနှုန်းများ အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိ၍ စားသုံးသူပြည်သူများနှင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများသည် ဈေးနှုန်းကြီးမြင့်မှု၏ ဝန်ထုပ် ဝန်ပိုးဒဏ်ကို ပိုမိုရင်ဆိုင်ခံစားနေကြရကြောင်း၊ ကမ္ဘာ့ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာမှုအပေါ် ကြိုတင်ကာကွယ်မှု အစီအမံ များပြုလုပ်ရန် လက်ရှိအစိုးရနှင့် ၂၀၂၂ ခုနှစ်၊ မေလတွင် တာဝန်ယူမည့် အစိုးရအသစ်နှစ်ရပ်လုံးတွင် တာဝန်ရှိကြောင်း၊ ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ဘိလပ်မြေစျေးနှုန်းများသည်လည်း သိသာစွာမြင့်တက်လာရာ လက်ရှိအစိုးရသည် သြစတြေးလျနိုင်ငံမှ Bituminous Coal ကျောက်မီးသွေးတင်သွင်းခြင်းမျိုးကဲ့သို့သော ကုန်သွယ်မှုလမ်းကြောင်းအသစ်များမှ သွင်းကုန်တင်သွင်းရန် နည်း လမ်းများရှာဖွေခြင်းမျိုးကို ဆက်လက်လုပ်ဆောင်သွားရန် လိုအပ်ကြောင်းသည်ဟု သမ္မတအသွင်ကူးပြောင်းရေးအဖွဲ့ (The Presidential Transition Team) ဥက္ကဋ္ဌ Ahn Cheol-soo က သုံးသပ်ပြောကြားခဲ့ပါသည်။

မည်သို့ပင်ဆိုစေကာမူ တောင်ကိုရီးယားနိုင်ငံ၌ (၁-၄-၂၀၂၂) ရက်နေ့မှစ၍ ဓါတ်ငွေ့အသုံးပြု အနွေးဓါတ်အားခ၊ လျှပ်စစ်ဓါတ်အားခ၊ အခြေခံစားသောက်ကုန်စျေးနှုန်းနှင့် မုန့်ပဲသရေစာစျေးနှုန်းများသည် သွင်းကုန်စျေးနှုန်းများမြင့်တက်လာမှုကို အခြေပြု၍ အသီးသီး ဘက်စုံ/ ကဏ္ဍစုံမှ မြင့်တက်လျက်ရှိပါသည်။  

 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Source - The Korea Herald (5-4-2022)

Category: Korea