Korea

တောင်ကိုရီးယားနိုင်ငံ၏ Hybrid Car ရောင်းချနိုင်မှုမြင့်တက်ခဲ့သဖြင့် မော်တော်ယာဉ်ပို့ကုန် (၂၄.၂) ရာခိုင်နှုန်း တိုးတက်တင်ပို့နိုင်ခဲ့

Last Updated:

တောင်ကိုရီးယားနိုင်ငံသည် ၂၀၂၁ ခုနှစ်အတွင်း မော်တော်ယာဉ်တင်ပို့မှုတွင် အမေရိကန်ဒေါ်လာ (၄၆.၄၇) ဘီလီယံအထိ တင်ပို့နိုင်ခဲ့ ပြီး၊ ကိုဗစ်-၁၉ ကြောင့် အပြင်းအထန်ထိခိုက်ခဲ့ရသည့် ၂၀၂၀ ပြည့်နှစ်ကထက် (၂၄.၂) ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့ကြောင်း ၁၈-၁-၂၀၂၂ ရက်နေ့တွင် အစိုးရစာရင်း အချက်အလက်များ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ ၂၀၂၁ ခုနှစ်တွင် တောင်ကိုရီးယား နိုင်ငံ၏ စုစုပေါင်းမော်တော်ယာဉ်တင်ပို့နိုင်မှု ပို့ကုန်ပမာဏသည် (၈.၆) ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး၊ အရေအတွက်အားဖြင့် (၂.၀၅) သန်း သို့ တိုးတက်လာခဲ့သဖြင့် (၉) နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် ကုန်သွယ်မှုတွင် အရေအတွက်ရော တန်ဖိုးပါ နှစ်မျိုးလုံး မြင့်တက်ခဲ့ခြင်း ဖြစ်ပါသည်။

တစ်ဖက်တွင်လည်း တောင်ကိုရီးယားနိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်နိုင်မှုတွင် အရေအတွက်အားဖြင့် (၃.၄၆) သန်းဖြင့် (၁.၃) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊  ပြည်တွင်းရောင်းချမှုပမာဏတွင် (၁.၇၃) သန်းဖြင့် (၈.၅) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ကုန်သွယ်ရေး၊ စက်မှု နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မော်တော်ယာဉ်ပို့ကုန်တိုးတက်လာမှုသည် Eco-friendly Car များရောင်းချမှုနှင့် ကိုရီးယားအမှတ်တံဆိပ် မော်တော်ယာဉ်များ၏ ကမ္ဘာလုံးဆိုင်ရာ စျေးကွက်ဝေစုအခြေအနေ မြင့်တက်လာခြင်းတို့ကြောင့် ဖြစ် ကြောင်း၊ ကိုရီးယားအမှတ်တံဆိပ်ကားများ၏ ကမ္ဘာလုံးဆိုင်ရာ စျေးကွက်ဝေစုသည် ၂၀၁၇ ခုနှစ်တွင် (၇.၄) ရာခိုင်နှုန်းမှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအထိတွင် (၈.၄) ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း၊ ပြည်တွင်းရောင်းချရမှုနှင့် တင်ပို့နိုင်မှုကို လေ့လာကြည့် ပါမူ မော်တော်ယာဉ်အမျိုးအစားများအနက် မော်တော်ယာဉ် (၅) စီးတွင် Eco-friendly Car (၁) စီးနှုန်းဖြင့် ပါဝင်ရောင်းချ တင်ပို့ရ လျက်ရှိကြောင်း၊ Eco-friendly Car တင်ပို့နိုင်မှုသည် ၂၀၂၀ ပြည့်နှစ်နှင့်နှိုင်းယှဉ်လျှင် (၅၀) ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့ကာ အရေ အတွက်အားဖြင့် စုစုပေါင်း (၄၀၆,၉၂၂) စီးတင်ပို့နိုင်ခဲ့ကြောင်း၊ ၎င်းတို့အနက် ထက်ဝက်ကျော်သည် Hybrid အမျိုးအစားများဖြစ်ကြပြီး (၇၁) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကာ အရေအတွက်အားဖြင့် (၂၁၂,၈၅၇) စီး တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။

ဒေသအလိုက် တိုးတက်တင်ပို့နိုင်မှုအနေဖြင့် ဥရောပသမဂ္ဂသို့ (၃၇.၈) ရာခိုင်နှုန်း၊ ဥရောပအရှေ့ပိုင်းသို့ (၅၆.၄) ရာခိုင်နှုန်း၊ အရှေ့ အလယ်ပိုင်းဒေသသို့ (၁၂.၆) ရာခိုင်နှုန်း၊ အလယ်ပိုင်းနှင့် တောင်အမေရိကဒေသသို့ (၆၉.၇) ရာခိုင်နှုန်း၊ အာဖရိကသို့ (၇၁.၆) ရာခိုင်နှုန်း၊ Oceania ဒေသသို့ (၄၁.၆) ရာခိုင်နှုန်း၊ အာရှဒေသသို့ (၃၁.၉) ရာခိုင်နှုန်း အသီးသီးတိုးတက်တင်ပို့နိုင်ခဲ့ကြောင်း၊ ထို့ပြင် ကမ္ဘာ တစ်ဝှမ်းတွင် မော်တော်ကားဝယ်လိုအား မြင့်တက်ရောင်းချနိုင်မှုများကြောင့် မော်တော်ယာဉ်အစိတ်အပိုင်းများတင်ပို့နိုင်မှုသည် အမေရိကန်ဒေါ်လာ (၂၂.၇၈) ဘီလီယံဖြင့် (၂၂.၂) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကာ (၇) နှစ်တာအတွင်း ပထမဆုံးတိုးတက်မှုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။ ပြည်တွင်းရောင်းအားတွင်မူ ၂၀၂၀ ပြည့်နှစ်တွင် စံချိန်ချိုးခဲ့သည့် ကိန်းဂဏန်းမှ (၁၀.၄) ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း တွေ့ရှိရပြီး၊ ပြည်ပမှတင်သွင်းသည့် ကားစီးရေအနေဖြင့် (၂၉၇,၀၀၀) စီးဖြင့် (၂) ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။ သို့ရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ကာလရှည်ကြာနေမှုနှင့် ကမ္ဘာလုံးဆိုင်ရာ Semiconductor များပြတ်လပ်ခဲ့မှုကြောင့် မော်တော်ယာဉ်ထုတ်လုပ်နိုင်မှု အနည်းငယ်ကျဆင်းသွားခဲ့သော်လည်း တောင်ကိုရီးယား နိုင်ငံသည် တရုတ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ပြီးလျှင် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် မော်တော် ယာဉ် အများဆုံးထုတ်လုပ်နိုင်သည့်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိပါသည်။

၂၀၂၁ ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံ၏ ရောင်းအားအကောင်းဆုံးမော်တော်ယာဉ်များမှာ Hyundai Grandeur (၈၉,၀၈၄) စီး၊ နောက်တွင် Kia Carnival (၇၃,၅၀၃) စီး၊ Hyundai Avante (၇၁,၀၃၆) စီး၊ Kia Sorento (၆၉,၉၃၄) စီးနှင့် Hyundai Sonata (၆၃,၁၀၉) စီးတို့ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ တောင်ကိုရီးယားနိုင်ငံ၌ ၂၀၂၁ ခုနှစ်တွင် Eco-friendly Car များရောင်းချနိုင်မှုသည် ယခင်နှစ် ထက် (၅၄.၅) ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး အင်ဂျင်မော်တော်ယာဉ်များရောင်းချရမှုမှာ (၁၇) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် တွင် ရောင်းချရသည့် မော်တော်ယာဉ်များ၏ (၁၂.၉) ရာခိုင်နှုန်းသည် Hybrid အမျိုးအစားဖြစ်ပြီး၊ (၅.၆) ရာခိုင်နှုန်းသည် လျှပ်စစ်ကား များဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်ကထက်  (၈.၇) ရာခိုင်နှုန်းနှင့် (၂.၄) ရာခိုင်နှုန်းတို့ အသီးသီးမြင့်တက်ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

တောင်ကိုရီးယားနိုင်ငံသည် ၂၀၂၁ ခုနှစ်အတွင်း ပို့ကုန်တန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ (၆၄၄.၄၃၉) ဘီလီယံခန့် တင်ပို့နိုင်ခဲ့ပြီး၊ မော်တော်ယာဉ်များသည် အဓိကတင်ပို့နိုင်ခဲ့သည့် ပို့ကုန်(၁၀)မျိုး စာရင်းတွင် ဒုတိယနေရာ၌ ရပ်တည်လျက်ရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး, ဆိုးလ်မြို့)

Source: The Korea Herald (19-1-2022)

Category: Korea