Korea

တောင်ကိုရီးယားနိုင်ငံ၏ပျမ်းမျှလစဉ်လုပ်အားခသည် ကိုရီးယားဝမ်(၃.၂) သန်းအထိ မြင့်တက်လာကြောင်း စစ်တမ်းများမှသုံးသပ်ရရှိ

Last Updated:

Statistics Korea ၏ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ စာရင်းများကို ပြန်လည်လေ့လာသုံးသပ်မှု အရ ၂၀၂၀ ပြည့်နှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ ပျမ်းမျှလစဉ် လုပ်အားခသည် ကိုရီးယားဝမ် (၃.၂)သန်း  (ခန့်မှန်း အမေရိကန်ဒေါ်လာ ၂,၆၈၀) အထိမြင့်တက်လာကြောင်း၊ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အကြားတွင် အနိမ့်ဆုံး လုပ်ခလစာနှုန်းများ ရုတ်ချည်းမြင့်တက်ခဲ့ခြင်းကြောင့် တောင်ကိုရီးယားဝန်ထမ်းများအတွက် ပျမ်းမျှလစဉ်လစာနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း (၂၁-၂-၂၀၂၁) ရက်နေ့ကထုတ်ပြန်ကြေညာ သော နိုင်ငံပိုင်စာရင်းအင်းသတင်းအချက်အလက်များအရ လေ့လာသိရှိရပါသည်။

Statistics Korea ၏အချက်အလက်များအရ ပျမ်းမျှ တစ်လလျှင်လုပ်ခလစာသည် ၂၀၁၆ ခုနှစ် တွင်  ဝမ်(၂.၇၇)သန်း ရှိခဲ့ရာမှ လေးနှစ်အတွင်း  ပျမ်းမျှ တစ်လလုပ်ခလစာ ဝမ် (၄၃၀,၀၀၀) (သို့မဟုတ်) (၁၅.၅) ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ထိ ကာလများ အတွင်း အနိမ့်ဆုံးလုပ်ခလစာနှုန်း (Minimum Wage)သည် တစ်နာရီလျှင် ဝမ် (၆,၀၃၀) မှ (၈,၅၉၀) ဝမ်သို့ (၄၂.၄) ရာခိုင်နှုန်းခန့် တိုးတက်လာသဖြင့်  အလုပ်သမားတစ်ဉီးသည် လစဉ် အလုပ်ချိန် ပုံမှန် အနေအထား ရှိပါကလစဉ်အနိမ့်ဆုံးလုပ်ခသည် ဝမ်(၁.၂၆)သန်းမှ (၁.၇၉)သန်းအထိ တိုးတက်လာသည်ကိုတွေ့ရကြောင်း၊  ၂၀၂၀ ပြည့်နှစ်တွင် ဝမ် (၁.၅) သန်းမှ (၂.၅) သန်းကြား လစာရရှိသူအလုပ်သမား (၂၇.၉) ရာခိုင်နှုန်း၊ ဝမ် (၂.၅) သန်းမှ (၃.၅) သန်းကြား လစာရရှိသူ အလုပ်သမား (၁၇.၁) ရာခိုင်နှုန်း ရှိကြောင်း၊ ပုံမှန် အချိန်ပြည့် အလုပ်ချိန်မရှိသော ဝန်ထမ်းများအနေဖြင့် ဝမ် (၈၅၀,၀၀၀) အောက်လုပ်အားခရရှိသူ (၁၃.၉) ရာခိုင်နှုန်း၊ ဝမ် (၈၅၀,၀၀၀) မှ (၁.၅) သန်းကြား လုပ်အားခရရှိသူ (၁၀.၂) ရာခိုင်နှုန်းခန့်ရှိခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

မှတ်သားဖွယ်အနေဖြင့် မှတ်တမ်းပြုစုထားသော အလုပ်သမားများအားလုံး၏ (၂.၆) ရာခိုင်နှုန်း သည် တစ်လလျှင် ဝမ် (၁၀) သန်း (သို့မဟုတ်) ဝမ် (၈) သန်းမှ (၁၀) သန်း ကြားတွင်ရရှိသူ (၂.၆) ရာခိုင်နှုန်းဖြစ် ကြောင်း၊  ဝမ် (၆.၅) သန်းနှင့် ဝမ်(၈)သန်းကြားတွင် ရရှိသူ (၄.၆) ရာခိုင်နှုန်းဖြစ်ကြောင်း၊ ပျမ်းမျှ လစဉ် လုပ်အားခ ဝမ်(၈)သန်းထက် ပိုမိုရရှိသူ လုပ်သားများ(၅)ရာခိုင်နှုန်းကျော်လာခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း၊ လုပ်ငန်းစုကြီးများနှင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် လုပ်ကိုင်သူ များအကြား လစာကွာဟချက်မှာ ဝမ်(၂.၇)သန်း ဝန်းကျင်ခန့်ကွာဟမှုရှိကြောင်း လေ့လာသိရှိရပါသည်။

အလုပ်အမျိုးအစားအားဖြင့် ငွေရေးကြေးရေး၊ အာမခံလုပ်ငန်းကဏ္ဍများတွင် လုပ်ကိုင်သူများ သည် လုပ်ခလစာမြင့်မားလေ့ရှိပြီး၊ ပျှမ်းမျှ ဝမ် (၆.၆) သန်းခန့်ရရှိနိုင်ကြောင်း၊ နိုင်ငံခြားငွေကြေးထောက်ပံ့ သောကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်းများတွင် လုပ်ကိုင်သူများ၏ ပျမ်းမျှလစာ ဝမ်(၄.၇၈)သန်းခန့်ရရှိနိုင် ကြကြောင်း၊  အစားအသောက် ဝန်ဆောင်မှုများတွင်လုပ်ကိုင်သောဝန်ထမ်းများနှင့် စိုက်ပျိုးရေး၊ သစ်တော၊ ငါးလုပ်ငန်းများတွင်လုပ်ကိုင်သော အလုပ်သမားများအနေဖြင့် ဝမ် (၁.၆၃) သန်းဝန်းကျင်ခန့် ရရှိကြသဖြင့် ၎င်းတို့အကြား ကိန်းဂဏန်းအတန်သင့် ကွာခြားမှုမြင့်မားလျက်ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။

ထို့ပြင် အမျိုးသားများအတွက်ပေးချေမှုပမာဏသည် အမျိုးသမီးများအတွက်ပေးချေမှုပမာဏ ထက်များပြားလေ့ရှိပြီး၊ ဝမ် (၃.၇၁) သန်းနှင့် ဝမ် (၂.၄၇) သန်း အသီးသီး ဖြစ်သော်လည်း ကွာဟချက် ကျဉ်းမြောင်းလာသည်ကို တွေ့ရှိရကြောင်း၊ အမျိုးသမီးနှင့် အမျိုးသားများအတွက် လုပ်အားခအချိုးသည် ၂၀၁၆ ခုနှစ်တွင် (၆၃.၁) ရာခိုင်နှုန်းမှ ၂၀၂၀ ပြည့်နှစ်တွင် (၆၆.၆) ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၁၉ ခုနှစ်တွင် (၃.၁) ရာခိုင်နှုန်းမှ ၂၀၂၀ ပြည့်နှစ်တွင် (၄.၇) ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ကြောင်း၊ အသက်အရွယ်အလိုက်တွင်မူ အသက် (၄၀)နှစ်အရွယ်ဝန်ထမ်းများသည် ဝမ် (၃.၉၃)သန်း၊ အသက် (၅၀)နှစ်၀န်းကျင်သည် ဝမ် (၃.၇၁) သန်း၊ အသက် (၃၀)နှစ်၀န်းကျင်သည် ဝမ် (၃.၄၄) သန်း၊ အသက် (၂၀)နှစ် ၀န်းကျင်သည် ဝမ် (၂.၂၉) သန်းနှင့် အသက် (၆၀) နှစ်ကျော်သူများသည် ဝမ် (၂.၁၇) သန်းအသီးသီးရရှိကြကြောင်း၊ သို့ရာတွင် ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက တစ်နှစ်ထက်တစ်နှစ်တိုးတက်မှုသည် အသက်(၆၀)နှစ်ကျော်သူ ဝန်ထမ်းများ၏ လုပ်အားခ ရရှိမှုတွင် (၄.၈) ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ကြောင်း၊ အမျိုးသားအလုပ်သမားများသည် အသက်(၄၀)နှစ်ဝန်းကျင်တွင် ပျမ်းမျှလစာ ဝမ်(၄.၅၄)သန်း ဖြင့်အမြင့်ဆုံး ဖြစ်ပြီး၊ အမျိုးသမီးအလုပ်သမားများသည် အသက် (၃၀)နှစ်နှစ်ဝန်းကျင်တွင် ဝမ်(၃.၀၄) သန်းဖြင့် အများဆုံး ဖြစ်ကြောင်း၊ သို့ဖြစ်၍ စာရင်းအင်းအချက်အလက်အားလုံးကို ခြုံငုံ၍လေ့လာသုံးသပ်ပါက ပျမ်းမျှလုပ်အားခ သည် ၂၀၁၆ ခုနှစ်တွင် ဝမ် (၂.၀၃) သန်းမှ ၂၀၂၀ ပြည့်နှစ်တွင် ဝမ် (၂.၄၂)သန်းအထိ မြင့်တက်လာခဲ့သည်ကို လေ့လာတွေ့ ရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

ရင်းမြစ်- The Korea Herald (22-2-2022)

Category: Korea