Korea

တောင်ကိုရီးယားနှင့် အာဆီယံအကြား ကုန်သွယ်မှုမြှင့်တင်ရေး Webinar ဆွေးနွေးပွဲများ၊ ကုန်စည်ပြပွဲများ ပူးပေါင်းဆောင်ရွက်လျက်ရှိ

Last Updated:

တောင်ကိုရီးယားနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စားသောက်ကုန်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာရေးအတွက် “Webinar on Trade Facilitation for F&B Industry between ASEAN & Korea) ကို တောင်ကိုရီးယားနိုင်ငံ၊ အာဆီယံ-ကိုရီးယားဗဟိုဌာန (ASEAN-Korea Centre-AKC) နှင့် တောင်ကိုရီးယား သွင်းကုန် လုပ်ငန်းရှင်များအသင်း (Korea Importers Association-KOIMA) တို့မှ ပူးပေါင်းကြီးမှူး၍ (၂၇-၁၀-၂၀၂၁) ရက်နေ့တွင် ဆိုးလ်မြို့တွင် အခြေပြု၍ ကျင်းပခဲ့ပါသည်။

အဆိုပါ Webinar တွင် AKC ၏အတွင်းရေးမှူးချုပ် H.E. Kim Hae-yong က အဖွင့်အမှာစကားပြောကြားခဲ့ရာ၊ အာဆီယံဒေသ၏ စားသောက်ကုန်ကဏ္ဍမှ တောင်ကိုရီးယားနိုင်ငံသို့ တင်သွင်းမှုသည် ၂၀၁၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁) ဘီလီယံသာရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ (၃.၂) ဘီလီယံရှိလာခဲ့ သဖြင့် ဆယ်စုနှစ်တာအတွင်း (၃) ဆခန့် မြင့်တက်လာခဲ့ကြောင်း၊ အာဆီယံနိုင်ငံများ၏ စားသောက်ကုန်ကဏ္ဍမှ ထုတ်လုပ်နိုင်မှုတန်ဖိုးသည် အာဆီယံနိုင်ငံများ စုစုပေါင်း GDP ၏ (၁၇)% ခန့်ရှိကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ ကုန်သွယ်မှုနှင့်သက်ဆိုင်သည့် ဌာနများ၏ သက်ဆိုင်ရာတာဝန်ရှိသူများက ASEAN-Korea Free Trade Agreement (AKFTA)၊ Regional Comprehensive Economic Partnership (RCEP) တို့မှ အကျိုးခံစားခွင့်ရရှိနိုင်မှုအခြေအနေများ၊ တောင်ကိုရီးယားနိုင်ငံ၏ သွင်းကုန်ဆိုင်ရာ စံသတ်မှတ်မှုများ၊ အပင်ပိုးမွှားထိန်းချုပ်မှုဆိုင်ရာများ၊ ကော်ဖီစျေးကွက်အခြေအနေနှင့် အလားအလာ စသည်တို့ကို ဆွေးနွေးခဲ့ကြပြီး၊ အာဆီယံနိုင်ငံများနှင့် တောင် ကိုရီးယားနိုင်ငံတို့မှ စားသောက်ကုန်ကဏ္ဍ လုပ်ငန်းရှင်များအကြား ကုန်သွယ်မှုလွယ်ကူလျှင်မြန်ချောမွေ့စေရေးဆိုင်ရာ အတွေ့အကြုံများ၊ အတွေးအမြင်များ၊ အခက်အခဲနှင့် စိန်ခေါ်မှုများကို ဆွေးနွေးဖလှယ်၍ အာဆီယံနိုင်ငံများမှ တောင်ကိုရီးယားနိုင်ငံသို့ စားသောက်ကုန်တင်ပို့နိုင်ရေး အခွင့်အလမ်းဆွေးနွေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့ကြပါသည်။ အဆိုပါ Webinar သို့ မြန်မာသံရုံး၊ ဆိုးလ်မြို့၏ စီးပွားရေးသံမှူးအပါအဝင် တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမှ ‌ကော်ဖီ၊ လက်ဖက်ရည်နှင့် စားသောက်ကုန်ကဏ္ဍမှ လုပ်ငန်းရှင်များ Online မှ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ  (၁၀) ရက်မှ (၁၃) ရက်နေ့အထိ ဆိုးလ်မြို့၊ COEX ခန်းမတွင်  ASEAN Trade Fair 2021 ကုန်စည်ပြပွဲကို Seoul International Café Show 2021 နှင့်ပူးတွဲ၍ ကျင်းပပြုလုပ်မည်ဖြစ်ရာ AKC နှင့် ဆိုးလ်မြို့၊ အာဆီယံသံရုံးများမှ စီးပွားရေးသံမှူးများသည် ကုန်စည်ပြပွဲဖြစ်မြောက်အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်‌ဆောင်ရွက်လျက်ရှိကြပါသည်။ ASEAN Trade Fair 2021 တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့၏ဉီးစီးမှုဖြင့် မြန်မာ့ကော်ဖီ၊ လက်ဖက်ရည်၊ ဓနိဖူးလက်ဖက်ရည်၊ သစ်သီးခြောက်နှင့် ဟင်းခတ်အမွေးအကြိုင်များ၊ မြန်မာ့စားသောက်ကုန်များကို မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးပြခန်းဖွင့်လှစ်၍ ပါဝင်ပြသသွားမည် ဖြစ်ပါသည်။ အဆိုပါ Webinar ဆောင်ရွက်ခဲ့မှုနှင့် ASEAN Trade Fair 2021 ကုန်စည်ပြပွဲ ကျင်းပမည့် သတင်းအား (၂-၁၁-၂၀၂၁) ရက်နေ့ထုတ် The Korea Times သတင်းစာတွင် “Korea, ASEAN countries vow to increase exchanges in F& B industry” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြပါရှိပါသည်။  

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Source: The Korea Times  (2-11-2021)

Category: Korea