Thailand

ထိုင်း ပြည်ပပို့ကုန်တင်ပို့မှုသည် ဒုတိယ (၃) လပတ်တွင် ပိုမိုတိုးတက်မည် ခန့်မှန်းခြင်း

Last Updated:

ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများ ဖြစ်ပေါ်နေသော်လည်း ထိုင်းပြည်ပပို့ကုန်များအနေဖြင့် ဒုတိယ (၃) လပတ်တွင် ပြည်ပသို့ ကောင်းမွန်စွာ တင်ပို့နိုင်မည်ဖြစ်ကြောင်းနှင့် နှစ်အလိုက် တွင် (၃.၅-၅%) အထိ တိုးတက်နိုင်မည်ဟု မျှော်မှန်းကြောင်း ထိုင်းပြည်ပပို့ကုန်တင်ပို့သူများ၏ အဆို အရသိရှိရပါသည်။

ထိုင်း အမျိုးသားရေကြောင်းပို့ဆောင်ရေးကောင်စီ (TNSC) ၏ ဉက္ကဌဖြစ်သူ Chaichan Chareonsuk  က ထိုင်းပြည်ပပို့ကုန်တင်ပို့မှုသည် ဒုတိယ သုံးလပတ်တွင် ဆက်လက်၍ တိုးတက်နေဉီးမည်ဖြစ်သော်လည်း ပထမသုံးလပတ်ထက် အနည်းငယ်နှေးကွေးဖြစ်မည်ကြောင်း၊ ပထမသုံးလပတ် တွင် ပို့ကုန်တိုးတက်မှုအနေဖြင့် နှစ်အလိုက်တွင် (၁၄.၉%) ရရှိခဲ့ပြီး အမေရိကန်ဒေါ်လာ (၇၃.၆) ဘီလီယံရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

Mr. Chaichan က ပို့ကုန်ကဏ္ဍအနေဖြင့် ရုရှားယူကရိန်းပဋိပက္ခအပါအဝင် များပြားလှသော အန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း၊ စွမ်းအင် ဈေးနှုန်းကြီးမြင့်ခြင်း၊ အထူးသဖြင့် ဉရောပသို့ ကုန်စည်ပို့ဆောင်ခနှုန်းမြင့်တက်ခြင်း၊ ထုတ်လုပ်မှုကဏ္ဍတွင် လုပ်သားရှားပါးမှုနှင့် လုပ်ခစရိတ်မြင့် တက်လာခြင်း၊ ကုန်ကြမ်းပစ္စည်းပြတ်လပ်မှုများနှင့် ဈေးနှုန်းမြင့်တက်ခြင်း၊ အထူးသဖြင့် ဆီမီးကွန်ဒတ်တာများ၊ စတီးနှင့် မြေရှားသတ္တုများ၊ အလယ်အလတ်နှင့် စားသုံးသူထုတ်ကုန်များအတွက် ကုန်ကြမ်းပြတ်လပ်မှုများ၊ ဈေးနှုန်းမတည်ငြိမ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့ပါ သည်။

TNSC အနေဖြင့် ၎င်း၏ ပို့ကုန်တိုးတက်မှုခန့်မှန်းချက်ကို ယခုနှစ်အတွက် (၅%) ဖြင့် ထိန်းထားကြောင်း၊ ၎င်းမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ ခန့်မှန်းချက်ဖြစ်သည့် (၃-၄%) ထက် အနည်းငယ်ပိုမိုမြင့်မားနေပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ၂၀၂၂ ခုနှစ် ပထမသုံးလပတ်တွင် ပို့ကုန်တိုးတက်မှုအနေဖြင့် နှစ်အလိုက်တွင် (၁၄.၉%) ဖြင့် တိုးတက်မှုရရှိခဲ့ကြောင်း၊ မတ်လတွင် ပို့ကုန်တိုးတက်မှုမှာ နှစ်ပေါင်း (၃၀) အတွင်း အမြင့်မားဆုံးဖြစ်ကြောင်း ဧပြီလ (၂၆) ရက်နေ့တွင် အစီရင် ခံတင်ပြခဲ့ပါသည်။

မတ်လတွင် ပြည်ပပို့ကုန်တင်ပို့မှုမှာ နှစ်အလိုက်တွင် (၁၉.၅%) ရရှိခဲ့ပြီး အကောက်ခွန်ရှင်းလင်းပြီး ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ (၂၈.၈) ဘီလီယံ  (ထိုင်းဘတ်ငွေ ၉၂၂ ဘီလီယံ) ရရှိခဲ့ကြောင်း၊ ၎င်းမှာ ၁၉၉၁ ခုနှစ်တည်းက မှတ်တမ်းများအရ အမြင့်မားဆုံးဖြစ်ကြောင်း၊ သွင်းကုန်တင် သွင်းမှုမှာလည်း (၁၈%) တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၂၇.၄) ဘီလီယံရရှိခဲ့ကြောင်း၊ ရလဒ်အနေ ဖြင့်ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၁.၄၅) ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ် ပထမသုံးလပတ်တွင် ထိုင်းပို့ကုန်တင်ပို့မှုအနေဖြင့် (၁၄.၉%) တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၇၃.၆) ဘီလီယံရရှိခဲ့ကြောင်း၊ သွင်းကုန် တင်သွင်းမှုအနေဖြင့်လည်း (၁၈.၄%) တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၇၄.၅) ဘီလီယံရရှိခဲ့ကြောင်း၊ ရလဒ်အနေဖြင့် ကုန်သွယ်မှုလိုငွေ အမေရိ ကန်ဒေါ်လာ (၉၄၄) သန်းရှိခဲ့ကြောင်း၊ ရွှေ၊ ရေနံနှင့် ဆက်စပ်ပစ္စည်းများ၊ လက်နက်တို့မပါဝင်ဘဲ အမှန်တင်ပို့နိုင်ခဲ့သည့် ထုတ်ကုန်များအနေဖြင့် မတ်လတွင် (၈.၉%) တိုးတက်ခဲ့ကြောင်း၊ ၎င်းမှာ (၁၃) လမြောက် ဆက်တိုက်တိုးတက်မှုဖြစ်ကြောင်း သိရှိရပါသည်။

မတ်လ၌ တိုးတက်တင်ပို့နိုင်သည့် ထုတ်ကုန်များတွင် ဈေးနှုန်းမြင့်တက်ခဲ့ပြီး အကျိုးအမြတ်ရရှိခဲ့သည့် သံ၊ သံမဏိ၊ ရေနံစိမ်းနှင့် သန့်စင်ပြီး စက်သုံး ဆီတို့ပါဝင်ကြောင်း သိရှိရပါသည်။

မတ်လ၌ ပို့ကုန်တိုးတက်ခဲ့သော်လည်း TNSC အနေဖြင့် မော်တော်ကားလုပ်ငန်းနှင့် မော်တော်ကားအစိတ်အပိုင်းများထုတ်လုပ်သည့် လုပ်ငန်းများ၊ အလားတူ ရာဘာထုတ်ကုန်လုပ်ငန်းများအပေါ် စိုးရိမ်မှုရှိနေဆဲဖြစ်ကြောင်း၊ အဆိုပါ ကဏ္ဍနှစ်ခု၏ ပို့ကုန်တင်ပို့မှုများမှာ (၁၀%) နှင့် (၁၃.၄%) တို့ ဖြင့် အသီးသီးကျဆင်းခဲ့ရခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

အဓိကဈေးကွက်များဖြစ်သည့် တရုတ်၊ ဂျပန်နှင့် အီးယူနိုင်ငံများသို့ ပို့ကုန်တင်ပို့မှုမှာ ကျဆင်းသွားခဲ့ကြောင်းနှင့် ၎င်းဈေးကွက်များကို အနီးကပ် စောင့်ကြည့်သွားရန် လိုအပ်မည်ဟု Mr. Chaichan က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

 

Category: Thailand