Thailand

ထိုင်းကြက်သားစက်ရုံများသည် ဆော်ဒီသို့တင်ပို့ရန်ခွင့်ပြုချက်ရရှိခြင်း

Last Updated:

(၁၈) နှစ်ကြာ ပြည်ပတင်ပို့မှုရပ်ဆိုင်းခဲ့ပြီးနောက် ထိုင်းကြက်သားစက်ရုံ (၁၁) ရုံတို့သည် ဆော်ဒီအာရေဗျနိုင်ငံ၏ ခွင့်ပြုချက်ကို ရရှိကာ လတ်ဆတ်သည့် အေးခဲ (Chilled and Frozen fresh Chicken) ကြက်သားများကို  မတ်လ (၁၃) ရက်နေ့မှစတင်၍ တင်ပို့ခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း၊ ဆော်ဒီအာဏာပိုင်များအနေဖြင့် အဆိုပါ ကြက်သားစက်ရုံများကို ယမန်နှစ်က စစ်ဆေးခဲ့ပြီးနောက် ယခုကဲ့သို့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါကိစ္စမှာ ထိုင်းနိုင်ငံအတွက်သာမက ကြက်သားထုတ်လုပ်မှုလုပ်ငန်းတစ်ခုလုံးအတွက် သတင်းကောင်းဖြစ်ကြောင်း ဝန်ကြီး မစ္စတာဂျူရင် က ပြောကြားခဲ့ပါသည်။ ဆော်ဒီအာရေဗျသည် လက်ရှိအားဖြင့်  တစ်နှစ်လျှင် ကြက်သားတန်ချိန် (၅၉၀,၀၀၀)  တင် သွင်းလျှက်ရှိကြောင်း၊ (၇၀%) ကို ဘရာဇီးမှလည်းကောင်း၊ ကျန် (၃၀%) ကို ယူကရိန်းနှင့် ပြင်သစ်မှလည်းကောင်း တင်သွင်းလျှက် ရှိကြောင်း သိရှိရပါသည်။

အဆိုပါ ဆော်ဒီအာရေဗျနိုင်ငံ၏ ခွင့်ပြချက်ကြောင့် ထိုင်းနိုင်ငံအနေဖြင့် ဆော်ဒီဈေးကွက်ဝေစု ပိုမိုရရှိရန် အခွင့်အလမ်းများ ရရှိလာ မှာဖြစ်ကြောင်း၊  မိမိအနေဖြင့်  အမြဲတမ်းအတွင်းဝန်နှင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် တို့အား ပြည်တွင်းကြက်သားဈေးအပေါ် ထိခိုက်မှုအနည်းဆုံးဖြင့် ဆော်ဒီသို့ ကြက်သားတင်ပို့နိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍများနှင့် ထိုင်းအစ္စလာမ့်မစ်ဗဟိုကောင်စီတို့နှင့် ဆွေးနွေးပြင်ဆင်ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားကြောင်း ဝန်ကြီးမစ္စတာဂျူရင်က ပြော ကြားခဲ့ပါသည်။

မစ္စတာဂျူရင်က ဆက်လက်၍ ၎င်းအနေဖြင့် ဆော်ဒီသို့ အခြားထုတ်ကုန်များတင်ပို့မှု အရှိန်မြှင့်တင်နိုင်ရေးကိုလည်း  ရည်မှန်းထား ကြောင်း၊  နှစ်နိုင်ငံအကြား  ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေးအတွက် ဆော်ဒီသို့ သွားရောက်လည်ပတ်ရန်လည်း စီစဉ် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါသည်။

ယမန်နှစ်က ထိုင်းနိုင်ငံ၏ အေးခဲနှင့် ပြုပြင်ထားသော ကြက်သားများ ပြည်ပတင်ပို့မှုမှာ တန်ချိန်အားဖြင့် (၉၁၂,၉၀၀) တန်ရှိပြီး တန်ဖိုးအားဖြင့် ဘတ်ငွေ (၁၀၂,၅၂၉) ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။

အပြည်ပြည်ဆိုင်ရာ   ကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် Phusit Ratanakul Sereroengrit က ၂၀၀၂ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ဆော်ဒီအာရေဗျနိုင်ငံသို့ ကြက်သားတင်ပို့မှုအနေဖြင့် တန်ဖိုးအားဖြင့် ဘတ်ငွေ (၅၆.၉) ဘီလီယံရှိခဲ့ကြောင်းနှင့် ၂၀၀၃ ခုနှစ်တွင် ဘတ်ငွေ (၄.၈) ဘီလီယံရှိခဲ့ကြောင်း၊ ၎င်းနောက်တွင် သံတမန်ဆက်ဆံရေးဖြတ်တောက်ခဲ့မှုကြောင့် ထိုင်းနိုင်ငံမှ ဆော်ဒီသို့ ကြက်သားတင်ပို့မှုမရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

Mr. Phusit ၏အဆိုအရ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာန အနေဖြင့် ထိုင်းပုဂ္ဂလိကကဏ္ဍနှင့် ဆွေးနွေးတိုင်ပင်ပြီး ပြည်တွင်းစားသုံးမှုနှင့် ဈေးနှုန်းတို့အပေါ် သက်ရောက်မှုအနည်းဆုံးဖြင့် ပို့ကုန်မြှင့်တင်သွားရန်မူအရ ယခုနှစ်အတွင်း ဆော်ဒီ အာရေဗျသို့ ကြက်သားတင်ပို့မှု အလားအလာအပေါ် အကဲဖြတ်ရန် စောလွန်းနေသေးကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

Category: Thailand