Thailand

ထိုင်းခရီးသွား အာဏာပိုင်အဖွဲ့ Tourism Authority of Thailand (TAT) က နိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်မှုကို သေးငယ်သောအဆင့်မှစတင်ရမည်

Last Updated:

ထိုင်းနိုင်ငံ၏ အထူးခရီးသွားဗီဇာ Special Tourist Visa (STV) အစီအစဉ် ပထမဆုံးတရုတ်ခရီးသွားဧည့်သည်များအင်္ဂါနေ့ကရောက်ရှိခဲ့ပြီးနောက် ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့ Tourism Authority of Thailand (TAT) က နိုင်ငံ၏ ခရီးသွားလုပ်ငန်းပြန်လည်ဖွင့်လှစ်မှုကို သေးငယ်သောအဆင့်မှစရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

TAT ၏ အုပ်ချုပ်ရေးမှူး Yuthasak Supasorn က ပြောကြားရာတွင် ပထမဆုံး ရောက်ရှိလာသူများသည် များပြားလှသော အရေအတွက် မဟုတ်သော်လည်း ၎င်းတို့၏ ရောက်ရှိလာမှု ဉပမာက ထိုင်းနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးစနစ်၏ အဆင်သင့်ဖြစ်မှုကို ပြသလိမ့်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ၎င်းက ခရီးသွားများအားပြန်လည်ဖွင့်လှစ်ပေးခြင်း ပထမအဆင့်တွင် လစဉ် ကိန်းဂဏန်းမှာ (၁,၂၀၀)ခန့်သာ အကန့်အသတ်ဖြင့်ရှိလိမ့်မည်ဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်မဖြစ်ပွားမီက လစဉ်ပျမ်းမျှ ကမ္ဘာလှည့်ခရီးသည် (၃)သန်းနှင့် နှိုင်းယှဉ်ပါကအလွန်ကွာခြားကြောင်း ပြောကြားခဲ့ပါသည်။

တစ်ချိန်တည်းမှာပင် ပြည်တွင်းခရီးသွားလုပ်ငန်းမြှင့်တင်ရေးအစီအစဉ်၊ အထူးသဖြင့် ခရီးသွားနေရာများ တိုးချဲ့ရန် အစီအစဉ်သည် နိုင်ငံရေးအခြေအနေမည်သို့ပင်ရှိစေကာမူ ဆက်လက်လုပ်ဆောင်ရန်လိုအပ်မည်ဖြစ်ကြောင်း Mr. Yuthasak ကပြောကြားခဲ့ပါသည်။ “ We Travel Together” လှုပ်ရှားမှု အစီအစဉ်အောက်တွင် ဟိုတယ်အခန်းပေါင်း(၁.၆)သန်းခန့်အား ပြန်လည်အဖတ်ဆယ်နိုင်ခဲ့ကြောင်း၊ ကြိုတင်အခန်းမှာယူမှုများအနေဖြင့် အောက်တိုဘာလ (၁၅)ရက်နေ့အထိ ဟိုတယ်ပေါင်း(၄,၃၆၇)အတွက် ဘတ်ငွေ (၄.၇)ဘီလီယံအား မျှဝေပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

အေဂျင်စီအနေဖြင့် ၂၀၂၁ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့အထိ နောက်ထပ်  ဟိုတယ်အခန်းပေါင်း(၃.၄)သန်းအထိ ကြိုတင်စာရင်းပေးသွင်းနိုင်ရေးအတွက် ပိုမိုလွယ်ကူသည့် နည်းလမ်းအား ရှာဖွေဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်းသိရှိရပါသည်။ TAT အနေဖြင့် အင်္ဂါနေ့(၂၀-၁၀-၂၀၂၀ရက်နေ့)တွင် အထူးဗီဇာအစီအစဉ်(STV)ဖြင့် ထိုင်းခရီးသွားလုပ်ငန်းပြန်လည်ဖွင့်လှစ်မည့် အစီအစဉ်ကို ရှင်းလင်းရန်နှင့် ထိုင်းခရီးသွားလုပ်ငန်း ပြန်လည်တည်ထောင်ရေးဆိုင်ရာများအား ဆွေးနွေးရန် Accor, Marriott, Centara, Onyx တို့အပါအဝင်ထိုင်းနိုင်ငံရှိ ကမ္ဘာလုံးဆိုင်ရာ ဟိုတယ်စီမံခန့်ခွဲမှုကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ဝန်ထမ်းများအား ဆက်လက်ထိန်းသိမ်းထားရှိရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အရေးပေါ်အကူ အညီများ လိုအပ်လျက်ရှိကြောင်းကို ထုတ်ဖေါ်ပြောကြခဲ့ကြကြောင်းဖြင့် Mr. Yuthasak ကပြောကြားခဲ့ပါသည်။ ၎င်းတို့အနေဖြင့် လူမှုဖူလုံရေးရန်ပုံငွေဖြင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုတ်ဝန်ပိုးကို လျော့ချပေးစေလိုကြပါသည်။ Mr. Yuthasak က မိမိတို့အနေဖြင့် ခရီးသွားလုပ်ငန်းမှ လုပ်သားများအား ကူညီထောက်ပံ့နိုင်ရန်အတွက် လူမှုဖူလုံရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အကြောင်းမှာ လက်ရှိအခြေအနေမှာ မည်သို့မျှ မမျှော်မှန်းနိုင်သော အကြောင်းအရာဖြစ်နေခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အချို့သော ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ စိုးရိမ်လျက်ရှိကြောင်း၊ သို့ရာတွင် အခြေအနေအပေါ် ထင်မြင်ချက်ပေးရန်စောသေးကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ အရှေ့တောင်အာရှ, အရှေ့မြောက်အာရှ နှင့်မော်လဒိုက်နိုင်ငံများမှ Accor ၏ လုပ်ငန်းစီမံလည်ပတ်မှုအရာရှိချုပ် Patrick Basset က ခရီးသွားလုပ်ငန်းသည် မည်သည့် နိုင်ငံရေးမငြိမ်မသက်မှုများကြောင့်မဆို ထိခိုက်လွယ်ကြောင်း၊ အထူးသဖြင့် Covid-19 ကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေချိန်တွင်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဟိုတယ် လုပ်ငန်းရှင်များအနေဖြင့် ယခင်က အရောင်စုံသတ်မှတ်ဝတ်ဆင် ဆန္ဒပြပွဲများကြောင့် ခရီးသွားလုပ်ငန်းထိခိုက်ခဲ့ရသည်ကို ပြန်လည်၍ အမှတ်ရလျက်ရှိကြောင်း သိရှိရပါသည်။ အစုလိုက် အပြုံလိုက်ဆန္ဒပြပွဲတွင် ပါဝင်သူများအနေဖြင့် ၎င်းတို့ကြားချင်သည်ကို ပြသနေကြောင်း၊ မိမိတို့အနေဖြင့် စိုးရိမ်မိကြောင်းနှင့် သင့်တော်သောတွေ့ဆုံဆွေးနွေးမှုကို မျှော်လင့်ကြောင်း Mr. Basset ကပြောကြားခဲ့ပါသည်။

ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်မည့်အစီအစဉ်အရ ခရီးသွားများအား Qurantine ဝင်ရန် သတ်မှတ်မှုမှာ ပြည်တွင်းသို့ ခရီးသွားများဝင်ရောက်ရန် အတားအဆီးဖြစ်နေကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ Covid-19 ကိုကောင်းမွန်စွာထိန်းချုပ်နိုင်သောနိုင်ငံများ အများအပြားရှိကြောင်း၊ သို့ဖြစ်ရာ ၎င်းတို့အုပ်စုအနေဖြင့် အစိုးရအား ဂျပန်ခရီးသွားပူပေါင်းအစီအစဉ်ကဲ့သို့ စဉ်းစားလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ၎င်းအစီအစဉ်အရ နိုင်ငံခြားသားများအနေဖြင့် Qurantine ဝင်စရာမလိုဘဲ နိုင်ငံအတွင် ခရီးသွားလာနိုင်ခြင်းဖြစ်ပါသည်။

Mr. Basset က ပြည်တွင်းခရီးသွားလုပ်ငန်းအနေဖြင့် လုပ်ငန်းရှင်များလုပ်ကိုင်နိုင်သည့် အကြီးမားဆုံးဈေးကွက်ကြီးဖြစ်ကြောင်း၊ အလားအလာရှိသည့် ဈေးကွက်ကိုဖန်တီးနိုင်သည့် နိုင်ငံခြားတွင် နေထိုင်သည့် ထိုင်းနိုင်ငံသား (၂)သန်း ရှိနေခြင်း ဖြစ်ပါသည်။ အဓိကသော့ချက်မှာ လူအများအနေဖြင့် ဗန်ကောက်မြို့အနီးတစ်ဝိုက်တွင် ဘယ်လိုခရီးသွားနိုင် မလဲဆိုတာဖြစ်ကြောင်း၊ ဉပမာအားဖြင့် ဖူးခက်၊ ကော့စမွေ နှင့် ချင်းမိုင်မြို့များသို့ ပျံသန်းသွားလာခြင်းကဲ့သို့ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့ပါသည်။

 

( မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

 

Category: Thailand