Thailand

ထိုင်းဒူးရင်းသီးတင်ပို့မှု တိုးတက်လာခြင်း

Last Updated:

ယခုနှစ်အတွက် တရုတ်နိုင်ငံသို့ ထိုင်းနိုင်ငံမှ ဒူးရင်းသီးတင်ပို့မှုသည် ဝင်ငွေဘတ် (၁၂၀) ဘီလီယံရရှိနိုင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ လယ်ယာစိုက် ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန ဝန်ကြီး Chalermchai Sri-0n ကပြောကြားလိုက်ကြောင်း သိရှိရပါသည်။

၎င်းက တရုတ်အစိုးရမှတင်းကြပ်သည့် Zero Covid Policy ချမှတ်ထားသော်လည်း ယမန်နှစ်က တရုတ်နိုင်ငံသို့ ဒူးရင်းသီးတန်ချိန် (၈၇၅,၀၉၇) တန် တင်ပို့နိုင်ခဲ့ပြီး ထိုင်းဘတ်ငွေ (၁၀၉.၂) ဘီလီယံရရှိခဲ့ကြောင်း၊ ထိုင်းဒူးရင်းသီးများအနေဖြင့် ဈေးကွက်ဝေစု အများအပြားရရှိထားကြောင်း၊ ထိုင်း ဒူးရင်းသီးများအနေဖြင့် တရုတ်နိုင်ငံတွင် ဈေးကွက်ဝေစု (၄၀%) ရရှိထားကြောင်း၊ ၎င်းနောက်တွင် ချီလီက ဈေးကွက်ဝေစု (၁၅%) နှင့် ဗီယက်နမ်က ဈေးကွက်ဝေစု (၆%) တို့ဖြင့် အသီးသီးရရှိထားကြောင်းသိရှိရပါသည်။

ယခုနှစ်တွင် ဝန်ကြီးဌာနအနေဖြင့် တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှု (၉.၈%) ပိုမိုမြင့်တက်နိုင်မည်ဟု ခန့်မှန်းထားပြီး တန်ဖိုးအားဖြင့်ဘတ်ငွေ (၁၂၀) ဘီလီယံ ရရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရှိရပါသည်။

ထိုင်းဒူးရင်းသီးများအနေဖြင့် တရုတ်နိုင်ငံတွင်သာ လူသိများကျော်ကြားခြင်းမဟုတ်ပဲ အခြားသော ဖွံ့ဖြိုးပြီးနိုင်ငံများ၌လည်း ကျော်ကြားထင်ရှားလှ ကြောင်း၊ ထိုင်း  ဒူးရင်းသီးများအနေဖြင့် ယမန်နှစ်က ဟောင်ကောင်ဈေးကွက်တွင် ဈေးကွက်ရှယ်ယာ (၅.၅၆%)၊ တောင်ကိုရီးယားတွင် ဈေးကွက် ဝေစု (၀.၁၂%)၊ အမေရိကန်တွင် ဈေးကွက်ဝေစု (၀.၂၄%) နှင့် ဂျပန်နိုင်ငံတွင် ဈေးကွက်ဝေစု (၀.၀၆%) တို့ဖြင့် အသီးသီးရရှိထားကြောင်း သိရှိရပါ သည်။

အစိုးရ သစ်သီးဝလံဘုတ်အဖွဲ့အနေဖြင့် လယ်သမားများကိုကူညီရန် ဒူးရင်းသီးများကို ပြည်ပသို့ ပိုမိုတိုးမြှင့်တင်ပို့လိမ့်မည်ဖြစ်ကြောင်း ၎င်းကပြော ကြားခဲ့ပါသည်။  အစိုးရအနေဖြင့် ရုရှား- ယူကရိန်း ပဋိပက္ခကြောင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်မှု မှပြေပျောက်စေရန်အတွက် ကွန်တိန်နာ သင်္ဘောများ၊ မီးရထားဝန်ဆောင်မှုများမှတစ်ဆင့် ဒူးရင်းသီးများကို တိုးမြှင့်တင်ပို့သွားနိုင်ရေး ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိရပါသည်။

ရည်မှန်းထားသည့် သစ်သီးဝလံပို့ကုန်များအား ပင်လယ်ရေကြောင်းမှတစ်ဆင့် (၅၅%) ကိုလည်းကောင်း၊ ကုန်းလမ်းဖြင့် (၄၀%) နှင့် တရုတ်-လာအို ရထားလမ်းနှင့် လေကြောင်းတို့မှ (၅%) တို့ဖြင့် အသီးသီးတင်ပို့သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံမှ သစ်သီးဝလံများအား တရုတ်နိုင်ငံ သို့ တင်ပို့ရာတွင် တရုတ်နိုင်ငံ၏ zero Covid Policy ကြောင့် ထိခိုက်မှုများရှိသော်လည်း ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ်တွင် ယခင်နှစ်ကထက် (၄၂%) ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံတွင် ထိုင်းဒူးရင်းသီးများအနေဖြင့် တစ်ကီလိုဂရမ်လျှင် ထိုင်းဘတ်ငွေ (၁၂၀) မှ (၁၅၀) အထိ တိုးမြှင့်ရရှိကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ အခြားသောလောင်ဂန်သီးနှင့် သရက်သီးများအပါအဝင် အခြားသစ်သီးဝလံများလည်း အများအပြားတင်ပို့ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Bangkok Post

 

Category: Thailand