ကပ်ရောဂါကြောင့် ရာဘာလက်အိတ်များ၊ အိမ်အသုံးအဆောင်ပစ္စည်းများ၊ ကျန်းမာရေး စောင့်ရှောက်မှု ပစ္စည်းများနှင့် အစားအစာများအတွက် ဝယ်လိုအားမြင့်တက်လာခြင်းနှင့်အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယခုနှစ်အတွက်တိုင်းပြည်၏ ပြည်ပတင်ပို့မှုမှာ (၅.၈%)သာကျဆင်းမည်ဟု မျှော်လင့်ထားကြောင်း သိရှိရပါသည်။
ကုန်သွယ်မှုမူဝါဒနှင့်မဟာဗျူဟာဌာနရုံး ညွှန်ကြားရေးမှူးချုပ် Pimchanok Vonkorpon က ကပ်ရောဂါဖြစ်ပွားနေသော်လည်း ကုန်သွယ်ဖက်အများစုမှာ ကပ်ရောဂါအပေါ်ထိန်းချုပ်နေရကြောင်းနှင့် နိုင်ငံအများအပြားတွင် ကာကွယ်ဆေးရရှိရန်မျှော်လင့်ချက်မှာ ကုန်သွယ်မှု တိုးတက်ရေးအတွက် အထောက်အကူပြုကြောင်း ပြောကြားခဲ့ပါသည်။ ပို့ကုန်တင်ပို့မှုမှာ အနည်းငယ် နာလန်ထူလာကြောင်း၊ တိုင်းပြည်အနေဖြင့် ယခုနှစ် ကျန်ရှိသောလများအတွက် တစ်လလျှင် ပျမ်းမျှအမေရိကန်ဒေါ်လာ(၂၀)ဘီလီယံရရှိပါက စုစုပေါင်းပို့ကုန်အနေဖြင့် (၅%)သာ ကျဆင်းနိုင်ပြီး အမေရိကန်ဒေါ်လာ (၂၃၄)ဘီလီယံရရှိနိုင်ကြောင်း ၊ တစ်လလျှင် ပျမ်းမျှပို့ကုန်(၁၈.၅)ဘီလီယံသာရရှိပါက (၈%)ကျဆင်းမည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
ဝန်ကြီးဌာနအနေဖြင့် စားသုံးသူများ၏ အပြုအမူပြောင်းလဲမှုများအပေါ် အခြေခံ၍ စားသုံးနိုင်သော ပစ္စည်းများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများသည် ဂဏန်းနှစ်လုံးအထိ ကျဆင်းခြင်းမှာ ကျန်ရှိသောလများတွင် မဖြစ်နိုင်ဟု ယူဆထားကြောင်း Ms.Pinchanok ကပြောကြားခဲ့ပါသည်။
ဝန်ကြီးဌာနအနေဖြင့် ထိုင်းပြည်ပပို့ကုန်တန်ဖိုးအနေဖြင့် လအလိုက်တွင် ဩဂုတ်လ၌ မြင့်တက်ခဲ့သည်ဟု တင်ပြခဲ့ကြောင်း၊ (၅)လတာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ(၂၀)ဘီလီယံရရှိခဲ့ကြောင်း သိရှိရပါသည်။ အကောက်ခွန်ရှင်းလင်းပြီး ပို့ကုန်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၂၀.၂)ဘီလီယံရရှိခဲ့ပြီး၊(၇.၉%) ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းမှာ နှစ်အလိုက်တွင် ဇူလိုင်လ၌ (၁၁.၄%)နှင့် ဇွန်လတွင် (၂၃.၂%)အသီးသီး ကျဆင်းခဲ့ပြီး ၂၀၁၉ ခုနှစ် ဇူလိုင် လနောက်ပိုင်းမှစ၍ အနည်းဆုံးဖြစ်ကြောင်း သိရှိရပါသည်။
ဩဂုတ်လတွင် သွင်းကုန်တင်သွင်းမှုမှာ(၁၉.၇%)ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ (၁၅.၉)ဘီလီယံရှိခဲ့ကြောင်း၊ရလဒ်အနေဖြင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ(၄.၃၄)ဘီလီယံ ရှိခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၀ ပြည့်နှစ် ပထမ(၈)လအတွက် ပို့ကုန်တင်ပို့မှု(၇.၈%)ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ(၁၅၃)ဘီလီယံရှိခဲ့ကြောင်း၊ သွင်းကုန်တင်သွင်းမှုမှာလည်း (၁၅.၃%)ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ (၁၃၅)ဘီလီယံရှိခဲ့ကြောင်း၊ ရလဒ်အနေဖြင့် ကုန်သွယ်မှု ပိုငွေ အမေရိကန်ဒေါ်လာ(၁၈.၄)ဘီလီယံ ရှိခဲ့ကြောင်းသိရှိရပါသည်။
ဩဂုတ်လတွင် လယ်ယာထွက်ကုန်ပစ္စည်းများနှင့် စက်မှုလယ်ယာထွက်ကုန်ပစ္စည်းများ ပြည်ပတင်ပို့မှုမှာ နှစ်အလိုက်တွင် (၁၃.၂%)ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ(၃.၁)ဘီလီယံရှိခဲ့ ကြောင်း၊ သကြားတင်ပို့မှု (-၆၄.၂%)ကျဆင်းခဲ့ကြောင်း၊ ရာဘာတင်ပို့မှု(-၃၂.၂%)ကျဆင်းခဲ့ကြောင်း၊ လတ်ဆတ်၊ အေးခဲ စည်သွပ်တူနာငါးနှင့် ပြုပြင်ထားသော သစ်သီးများတင်ပို့မှုတို့မှာ (-၂၈.၇%)နှင့်(-၁၅%)အသီးသီးကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
သို့ရာတွင် အချို့သော အပိုင်းများမှာ အတော်အတန်ကောင်းမွန်စွာ တိုးတက်များပြားလာသည်ကိုတွေ့ရှိရကြောင်း၊ စားအုန်းဆီတင်ပို့မှု(+၆၀၀%)၊ အေးခဲဝက်သား(+၉၆၂%)၊ အိမ်မွေး တိရစ္ဆာန်အစားအစာ(+၂၂.၃%)နှင့် ပီလောပီနံထုတ်ကုန်တင်ပို့မှု (+၁၅.၆%)တို့ဖြင့် အသီးသီး တိုးတက်လာကြောင်း သိရှိရပါသည်။
စက်မှုထုတ်ကုန်တင်ပို့မှုအနေဖြင့် ဩဂုတ်လတွင် (-၆.၂%)ကျဆင်းခဲ့ပြီး အမေရိကန် ဒေါ်လာ (၁၆.၆)ဘီလီယံရှိခဲ့ကြောင်း၊ ရွှေမပါသော ကျောက်မျက်နှင့်လက်ဝတ်ရတနာတင်ပို့မှု(-၅၅.၆%)၊ ရေနံနှင့်ဆက်စပ်ထုတ်ကုန်များတင်ပို့မှု(-၁၅.၇%)၊ မော်တော်ကားနှင့်စက်ပစ္စည်း အစိတ်အပိုင်းများတင်ပို့မှု(-၂၈.၇%)၊ ရေဒီယိုနှင့် TV ဖမ်းစက်အစိတ် အပိုင်းများတင်ပို့မှု(-၁၈.၃%) တို့ဖြင့် အသီးသီး ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
အချို့သောအပိုင်းကဏ္ဍများမှာ များစွာတိုးချဲ့တင်ပို့နိုင်ခဲ့ကြောင်း၊ ရာဘာ လက်အိတ်များ (+၁၂၆%) အဝတ်လျော်စက်နှင့် အခြောက်ခံသန့်ရှင်းသည့်စက်(+၃၁.၃%)၊ ဖက်စ်ပေးပို့သည့်စက်၊ တယ်လီဖုန်းနှင့် စက်ပစ္စည်းအစိတ်အပိုင်းတင်ပို့မှုများမှာ(၃၅.၈%)နှင့် (+၇၁.၅%)တို့ဖြစ်ကြောင်းသိရှိရပါသည်။ Ms. Pinchanok က ထိုင်းနိုင်ငံ ၏ ပို့ကုန်ပြန်လည်နာလန်ထူနိုင်မှု အရှိန်အဟုန်မှာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့၏ ကမ္ဘာ့စီးပွားရေး အလားအလာအပေါ် နောက်ဆုံးသုံးသပ်မှုအခြေအနေများနှင့် တစ်ထပ်တည်းကျနေကြောင်းပြောကြားခဲ့ပါသည်။
ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်မှုအခြေအနေမှာ မကြုံစဘူး ထူးကဲစွာ တုန်လှုပ်စရာဖြစ်ခဲ့ရပြီး နောက်ပြန်လည် တိုးတက်ခဲ့ကြောင်း၊ တရုတ်နှင့်အမေရိကန်တို့တွင် တိုးတက်လာမှုများနှင့်အတူ ကမ္ဘာ့ GDP မှာ (၆%)ကျဆင်းခြင်းမှ(၄.၅%)သို့ ပြန်တက်သွားနိုင်သည်ဟု ခန့်မှန်းခဲ့ကြောင်း သူမကပြောကြားခဲ့ပါသည်။ ပိတ်ဆို့မှုများအား ပြန်လည်ဖွင့်လှစ်ပေးခြင်းနှင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ ဗဟိုဘဏ်များ၏ စီးပွားရေးလှုံ့ဆော်မှု အစီအမံများကြောင့် အခြားသော ကမ္ဘာ့စီးပွားရေး အညွှန်းကိန်းများအနေဖြင့် တဖြည်းဖြည်း ပြန်လည်နာလန်ထူလာသည်ကို ပြသနေသည်ဟု Ms. Pinchanok က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)