Thailand

ထိုင်းနိုင်ငံတွင် ထိုင်း-အီးယူ FTA လေ့လာမှု ယခုလအကုန်တွင် ပြီးဆုံးနိုင်

Last Updated:

ကုန်သွယ်မှုစေ့စပ်ညိှနှိုင်းရေးဉီးစီးဌာန (Trade Negotiation Department)အနေဖြင့် ကြာမြင့်စွာစောင့်ဆိုင်းနေခဲ့ရသောအီးယူနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် Free Trade Agreement(FTA)အပေါ် ခြုံငုံလေ့လာသုံးသပ်ပြီးနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သို့ ယခုလအကုန် (သို့မဟုတ်)နောက်လဆန်း၌ အစီရင်ခံစာပေးပို့တင်ပြရန် စီစဉ်ထားကြောင်းသိရှိရပါသည်။

ကုန်သွယ်မှုစေ့စပ်ညိှနှိုင်းရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် Auramon က ဉီးစီးဌာန အနေဖြင့်ပုဂ္ဂလိက ကဏ္ဍ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် လယ်သမားများထံမှ သဘောထားမှတ်ချက်များကိုနားထောင်ရန် စက်တင်ဘာလ(၂၂)ရက်နေ့တွင် ထိုင်း-အီးယူ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် Thai-EUFTA ဆိုင်ရာ ဖိုရမ်တစ်ခုအား ကျင်းပသွားမည်ဖြစ်ကြောင်း ကုန်သွယ်မှု စေ့စပ်ညိှနှိုင်းရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် အော်ရာမွန်က ပြောကြားခဲ့ပါသည်။

ဖိုရမ်၌ ရရှိလာမည့်သဘောထားမှတ်ချက်များနှင့် နောက်ဆုံးလေ့လာသုံးသပ်ရရှိမှုများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးသို့ ယခုလအကုန်(သို့မဟုတ်) နောက်လဆန်း၌ နောက်ဆုံးထား၍ အပြီးသတ်အစီရင်ခံစာ တင်သွင်းသွားလိမ့်မည်ဖြစ်ကြောင်း သူမကပြောကြားခဲ့ပါသည်။ အစိုးရအဖွဲ့ ၏ အတည်ပြုချက်အပါအဝင် စိစစ်မှုလုပ်ငန်းစဉ်အားလုံး အနေဖြင့် ယခုနှစ်အတွင်းအဆုံးသတ်ပြီးဆုံးလိမ်မည်ဟု မျှော်လင့်ရကြောင်းနှင့် စေ့စပ်ညှိနှိုင်းမှုများအား နောက်နှစ်အစောပိုင်းတွင် စတင်နိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း သူမကပြောကြားခဲ့ပါသည်။

Mrs. Auramon ၏ပြောကြားချက်အရ စိစစ်ခြင်းလုပ်ငန်းစဉ်သည် ယခုနှစ်နှောင်းပိုင်းတွင် အီးယူ၏ ကုန်သွယ်ရေးကော်မရှင်နာ အသစ်ခန့်အပ်ရန် ရွေးချယ်ခြင်းလုပ်ငန်းစဉ်နှင့်လည်း တိုက်ဆိုင်နေကြောင်း သိရှိရပါသည်။ Covid-19 လမ်းညွှန်ချက်များအပေါ် ချိုးဖေါက်သည်ဟု အိုင်ယာလန် အစိုးရ၏ အစွပ်စွဲခံရပြီး နောက် Phil Hogan သည် ဩဂုတ်လတွင် နှုတ်ထွက်ခဲ့ခြင်း ဖြစ်ပါသည်။

မိမိတို့အနေဖြင့် ထိုင်းပုဂ္ဂလိက ကဏ္ဍများနှင့် တိုင်ပင်ပြီးခဲ့သမျှ ထိုင်းနှင့်အီးယူ လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးမှုများ ပြန်လည်စတင်သင့်ကြောင်း အားလုံးက သဘောတူညီခဲ့ကြကြောင်း Mrs. Ayramon ကပြောကြားခဲ့ပါသည်။ အဆိုပါ FTA သဘောတူညီချက် မပါရှိပါက ထိုင်းနိုင်ငံအနေဖြင့် အခြားသော ကုန်ပစ္စည်းတင်ပို့သည့်နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်မည်မဟုတ်ဘဲ ကုန်သွယ်မှုဆိုင်ရာဆုံးရှုံးမှု များစွာကြုံတွေ့ရနိုင်ကြောင်း သူမကပြောကြားခဲ့ပါသည်။

အီးယူသည် အာဆီယံ၊ တရုတ်၊ ဂျပန်နှင့် အမေရိကန်နိုင်ငံ များပြီးပါက ထိုင်းနိုင်ငံ၏ ကမ္ဘာပေါ်တွင် ပဉ္စမမြောက်အကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်ပါသည်။ ထိုင်းနိုင်ငံနှင့် အီးယူတို့အကြား နှစ်နိုင်ငံကုန်သွယ်မှု (Bialteral Trade) မှာ၂၀၁၉ ခုနှစ်တွင် စုစုပေါင်းအားဖြင့် အမေရိကန်ဒေါ်လာ(၄၄.၅)ဘီလီယံရှိပြီး တိုင်းပြည်၏ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်အားလုံးအပါအဝင် စုစုပေါင်းကုန်သွယ်မှု၏ (၉.၂%) ရှိကြောင်း၊ ၎င်းတွင် ပို့ကုန်တန်ဖိုးစုစုပေါင်း အမေရိကန် ဒေါ်လာ (၂၃.၅၈)ဘီလီယံရှိပြီး သွင်းကုန်တန်ဖိုးစုစုပေါင်း အမေရိကန် ဒေါ်လာ (၂၀.၉၁) ဘီလီယံ ရှိကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံမှ အီးယူသို့ အဓိက တင်ပို့သည့်ကုန်ပစ္စည်းများမှာ ကွန်ပျူတာများနှင့် အစိတ်အပိုင်းများ၊ မော်တော်ကားများနှင့် အစိတ်အပိုင်းများ၊ ကျောက်မျက်ရတနာများ၊ လေအေးပေးစက်များနှင့်အစိတ်အပိုင်းများ၊ ရာဘာထုတ်ကုန်များ၊ ပြုပြင်ထားသော ကြက်သားများဖြစ်ကြောင်း၊ အဓိက သွင်းကုန်ပစ္စည်းများမှာ စက်ကရိယာများနှင့်အစိတ်အပိုင်းများ၊ လေယာဉ်ပျံ၊ လျှပ်စစ်စက်ပစ္စည်းများနှင့် အစိတ်အပိုင်းများ၊ ဓါတုဗေဒပစ္စည်းများတို့ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနှင့်အီးယူတို့အကြား FTA ဆိုင်ရာစေ့စပ်ညိှနှိုင်းမှုများကို ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုအပြီးတွင်ရပ်ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း၊ အီးယူအနေဖြင့် ဒီမိုကရေစီရပ်ဆိုင်းမှုအပေါ် ကန့်ကွက်ခဲ့ကြောင်းသိရှိရပါသည်။ ထိုင်းနိုင်ငံသည် ၂၀၁၉ ခုနှစ်၊ မတ်လတွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး စစ်တပ်လိုလားသော ပါတီများနှင့် ညွှန်ပေါင်းအစိုးရကိုဖွဲ့စည်းကာ (၅)နှစ်ကြာ စစ်တပ်အုပ်ချုပ်ရေးကို အဆုံးသတ်ခဲ့ပါသည်။

ကုန်သွယ်မှုစေ့စပ်ညိှနှိုင်းရေးဉီးစီးဌာနနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုလေ့လာရေး အင်စတီကျု တို့၏ ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သော ပူးပေါင်းလေ့လာဆန်းစစ်မှုအရ အီးယူနှင့် FTA ပြုလုပ်မှုသည် ပို့ကုန်တင်ပို့မှုသာမက သွင်းကုန်နှင့် ရင်းနှီးမြှုပ်နှံမှုတို့အပေါ်တွင်ပါ အားပေးလှုံ့ဆော် မြှင့်တင်လိမ့်မည်ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံ၏ GDP တိုးတက်မှုအပေါ်တွင်လည်း နှစ်စဉ်(၁.၆၃%)မြှင့်တင်နိုင်ရေးအထောက်အကူပြုစေလိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ အနေဖြင့် အဆိုပါ FTA သဘောတူညီချက်အား အကောင်အထည် ဖေါ်နိုင်ခဲ့မည် ဆိုပါက  ပို့ကုန်တင်ပို့မှုအပေါ် (၃.၄%)၊ သွင်းကုန်တင်သွင်းမှုအပေါ်(၃.၄%)နှင့် ရင်းနှီးမြှုပ်နှံမှုအား တစ်နှစ်လျှင်(၂.၇%)မြှင့်တင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရှိရပါသည်။ အိမ်ထောင်စုများ၏ စားသုံးမှုနှင့် အများပြည်သူသက်သာချောင်ချိရေးစသည့် အခြားသော စီးပွားရေးဆိုင်ရာအစီအမံများ အနေဖြင့်လည်း အကျိုးသက်ရောက်မှုရရှိနိုင်လိမ့်ဟု ညွှန်ကြားရေးမှူးချုပ် Mrs. Auramon ကပြောကြားခဲ့ကြောင်းသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand