Thailand

ထိုင်းနိုင်ငံတွင် အစိုးရအနေဖြင့် လယ်ယာစိုက်ပျိုးရေးအတွက် ဘတ်ငွေ(၇၅)ဘီလီယံအား ကတိပြု

Last Updated:

အစိုးရအနေဖြင့် အဓိကသီးနှံ(၅)မျိုးနှင့် လယ်သမားအိမ်ထောင်စု (၇.၆၇)သန်းတို့အတွက် အစီအမံများဆောင်ရွက် သွားရန် ဘတ်ငွေ(၇၅)ဘီလီယံကို အသုံးပြုသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ပြီး ၂၀၂၀-၂၀၂၁ သီးနှံရာသီအတွက် သီးနှံဈေးနှုန်းအာမခံကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည့်ပုံရှိကြောင်း သိရှိရပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Jurin က ပီလောပီနံနှင့် ပြောင်းတို့အတွက် ဈေးနှုန်း အာမခံချက်အား အစိုးရအဖွဲ့၏ အတည်ပြုခွင့်ပြုချက် ရရှိခဲ့ပြီဖြစ်ကြောင်း၊ ဆန်၊ စားအုန်းဆီနှင့် ရာဘာတို့အတွက် အစိုးရအဖွဲ့သို့ မကြာမီအဆိုပြုတင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယခုအစီအစဉ်မှာ နှစ်နှစ်နီးပါးရှိလာပြီဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ယခုအစိုးရ ဆက်လက်တည်ရှိနေသမျှ ကာလပတ်လုံး ယခုအစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ဟု ကတိပြုကြောင်း Mr.Jurin က ၂၅.၉.၂၀၂၀ ရက်နေ့က ကျင်းပခဲ့သော နှီးနှောဖလှယ်ပွဲတွင် တောင်သူလယ်သမား ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဆက်စပ်ဌာနများမှ အရာရှိ များအား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဝင်ငွေနှင့် သီးနှံဈေးနှုန်းအာမခံတို့မှာ အထွေထွေရွေးကောက်ပွဲကာလအတွင်း ဒီမိုကရက်ပါတီက စည်းရုံးလှုံ့ဆော်သည့် အဓိကအဆိုပြုချက်များထဲမှ တစ်ခုဖြစ်ပါသည်။ ၂၀၁၁-၂၀၁၃ တွင် ညွှန်ပေါင်းအစိုးရကို ဉီးဆောင်ခဲ့စဉ်က ပါတီအနေဖြင့် သီးနှံဈေးနှုန်းအာမခံနှင့် ဝင်ငွေအာမခံအစီအစဉ်တို့ကို အစောပိုင်းတွင် ထောက်ခံလှုပ်ရှားခဲ့ခြင်း ဖြစ်ပါသည်။ ဝင်ငွေအာမခံ အစီအစဉ်အရလယ်သမားများအနေဖြင့် ဈေးကွက်ပေါက်ဈေးနှင့်အညီ နှစ်ပတ်လျင် တစ်ကြိမ်အပြောင်းအလဲရှိသော အာမခံထားသော ဆန်စပါး ဈေးနှုန်း နှင့် ရည်ညွှန်းဈေးနှုန်းတို့အကြား ကွာဟချက်အတွက် ရရှိမည်ဖြစ်ပါသည်။ အဆိုပါအစီအစဉ်သည် ဆန်စပါးတန်ချိန် သန်းပေါင်းများစွာ သိုလှောင်ထားသည့် ဝန်ထုတ်ဝန်ပိုးကို ရှောင်ရှားနိုင်လိမ့်မည်ဖြစ်ကြောင်း၊ ၎င်းမှာ ရင်ယတ်ရှင်နာဝပ်ထရာ၏ အစိုးရလက်ထက်တွင် ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်းတွင် အရှုံးဖြင့် လေလံတင်ရောင်းချခဲ့ရခြင်း ဖြစ်ပါသည်။

ဘတ်ဂျက်စုစုပေါင်းငွေ(၇၁.၂)ဘီလီယံဖြင့် အစီအစဉ်၏ ပထမနှစ်တွင် လယ်သမား အိမ်ထောင်စုပေါင်း (၇.၂၉)သန်း အား အကျိုးပြုနိုင်ခဲ့ကြောင်း Mr.Jurin ကပြောကြားခဲ့ပါသည်။  ဆန်စပါး ဈေးနှုန်းအာမခံချက် အစီအစဉ်မှာ တန်ဖိုးအားဖြင့် ဘတ်ငွေ(၂၃.၅)ဘီလီယံရှိပြီး ၎င်းကို ဇူလိုင်လက အမျိုးသားဆန်စပါးမူဝါဒကော်မတီက အတည်ပြုပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြရန်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အစီအစဉ်တွင် ဆန်စပါး အမျိုးစား (၅)မျိုးပါဝင်ကြောင်း၊ အစိုဓါတ်(၁၅%)ဖြင့် ဆန်ဖြူစပါး(white Rice Paddy)၊ ဟုမ်းမလိစပါး(Hom mali rice paddy)၊ အစိုဓါတ် (၁၅%)ဖြင့် ပထုန်ဌာနီဆန်မွှေး(Fragrant Pathum Thani rice paddy)၊ အစိုဓါတ်(၁၅%)ဖြင့် ကောက်ညှင်းဆန်(Glutinous rice paddy with15%  moisture) နှင့် ပြည်နယ်များမှထွက်သော ဆန်မွှေးစပါး (Provincial fragrant rice paddy) တို့ပါဝင်ကြကြောင်း သိရှိရပါသည်။ အကယ်၍ ဈေးကွက်ပေါက်ဈေးမှာ ရည်ညွှန်းဈေးနှုန်းအောက်သို့ ကျဆင်းသွားပါက ဆန်စပါး ဈေးနှုန်းအာမခံချက် အစီအစဉ်က လျော်ကြေးပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand