Thailand

ထိုင်းနိုင်ငံတွင် အစိုးရအနေဖြင့် အကူအညီအထောက်အပံ့(၃)မျိုးအတွက် ဘတ်ငွေ(၁၇၀) ဘီလီယံ အဆင်သင့်ရှိနေခြင်း

Last Updated:

အစိုးရအနေဖြင့် ဘတ်ငွေ(၁၇၀)ဘီလီယံအား ကပ်ရောဂါ၏ သက်ရောက်မှုအပေါ် လျော့ချနိုင်ရေးအတွက် စီးပွားရေးကို အားပေးလှုံ့ဆော်ရန်နှင့် အလုပ်အကိုင်ရရှိရေးတို့အတွက် ကူညီကယ်ဆယ်ရေးအစီအမံ (၃)ခုတို့တွင် စတုတ္ထသုံးလပတ်ကာလတွင် သုံးစွဲသွားရန် ပြင်ဆင်လျက်ရှိနေကြောင်း သိရှိရပါသည်။ ဒုတိယဝန်ကြီးချုပ် Supattanapong Punmeechaow က စီးပွားရေးအား ကပ်ရောဂါမဖြစ်မီက အခြေအနေသို့ရောက်ရှိရန် လုပ်ငန်းအစီအစဉ်မှာ(၂)နှစ်ခန့် အချိန်ကြာမြင့်နိုင်ကြောင်း ခန့်မှန်းပြောကြားခဲ့သည်ဟု သိရှိရ ပါသည်။

Covid-19 ကာလမတိုင်မီက နှုန်းထားများအရ ပြည်တွင်းစီးပွားရေးတိုးတက်မှု ပြန်လည်ရရှိရန်အတွက် အစိုးရအနေဖြင့် တစ်ဉီးချင်းလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ အား၂၀၂၃ ခုနှစ် အထိ ဆက်လက်ကူညီရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း Mr. Supattanapong က ယမန်နေ့ (၂၄-၉-၂၀၂၀ရက်နေ့)တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စတင်မည့် ဘတ်ဂျက်ငွေ ဘတ်(၁၇)ဘီလီယံအား အစီအမံ(၃)ခုဖြင့်  ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းမှာ ဘတ်ငွေ(၄၀၀)ဘီလီယံ တန်ဖိုးရှိ စီးပွားရေးနှင့် လူမှုပြန်လည်ထူထောင်ရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ကြောင်း သိရှိရပါသည်။ ဘတ်ငွေ(၁၀၀)ဘီလီယံအား အလုပ်အကိုင်များ ဖန်တီးပေးရေးနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတို့အတွက် အသုံးပြုသွားမည်ဖြစ်ပြီး ၎င်းမှာ ပိတ်ဆို့မှုကာလများအတွင်း အလုပ်အကိုင်မဲ့နေသူများကို ကူညီဆောင်ရွက် သွားရန်ဖြစ်ကြောင်း သိရှိရပါသည်။ မြို့ကြီးပြကြီးမှ လူအများစုအနေဖြင့် မိမိတို့၏ အိမ်များသို့ပြန်ကြရန် ဆုံးဖြတ်ခဲ့ကြပြီး စိုက်ပျိုးရေးအတွက် မည်သို့စိုက်ပျိုးရမည်ကို လေ့ကျင့်ရန်လိုအပ်မည်ကြောင်း Mr. Supattanapong ကပြောကြားခဲ့ပါသည်။

မိမိတို့အနေဖြင့် အဆိုပါအစီအစဉ်မှနေ၍ လူပေါင်း(၄၀၀,၀၀၀)အား အကူအညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ နောက်ထပ် ဘတ်ငွေ (၂၀) ဘီလီယံအား ဘွဲ့ရလူငယ်အသစ်များအား အလုပ်အကိုင်ရရှိရေးအတွက် (၁)နှစ်အထိ သုံးစွဲသွားလိမ့်မည်ဖြစ်ကြောင်း၊ မနက်ဖြန်(၂၅.၉.၂၀၂၀ရက်နေ့)တွင် စတင်ကျင်းပမည့် (၃)ရက်ကြာ အလုပ်အကိုင်ပြပွဲမှနေ၍ အလုပ်အကိုင်ပေါင်း(၁)သန်းအထိ ကမ်းလှမ်းပေးဝေနိုင်လိမ့်မည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

ကျန်ရှိသော ဘတ်ငေွ(၅၀)ဘီလီယံအား ဝင်ငွေနည်းပါးသူများနှင့် အသေးစားလက်လီလုပ်ငန်းများအား ကူညီသွားရန်ဖြစ်ကြောင်း ၊ အဆိုပါ အစီအစဉ်မှာ(၅၀-၅၀)စီ ပူးတွဲမျှဝေ ပေး‌ချေသွားရန်ဖြစ်ကြောင်း၊ အကူအညီ အထောက်အပံ့ပေးရန် လျောက်ထားသူများအား ဘတ်ငွေ(၃,၀၀၀) အစီအစဉ်မှနေ၍ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ ၎င်းတွင် အစိုးရ အနေဖြင့် ဝယ်ယူမှုများအတွက်(၅၀%) ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ တစ်ဉီးချင်းအနေဖြင့် ဘတ်ငွေ(၁၀၀) သုံးစွဲမည်ဆိုပါက အစိုးရမှ တစ်ရက်လျှင်ဘတ်ငေွ(၅၀)အထိ ထောက်ပံ့မည်ဖြစ်ကြောင်း သိရှိရပါသည်။

Mr. Supattnapong က စီမံကိန်း(၃)ခုလုံးမှာ စီးပွားရေးကိုမောင်းနှင်ရန်အတွက် အရေးကြီးကြောင်း၊ နိုင်ငံခြား ခရီးသွားများထံမှ ရရှိမည့်ဝင်ငွေ ဘတ်(၂)ထရီလီယံ ဆုံးရှုံးမှုအပေါ် ကူညီပေးနိုင်လိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ အစိုးရအနေဖြင့် ယခုနှစ် အစောပိုင်း ကပ်ရောဂါစတင်သည်မှ လစဉ်ဘတ်ငွေ(၅,၀၀၀) အား (၃)လစာပေးဝေခြင်း၊ ရေနှင့်လျှပ်စစ်ဓါတ်အားခသုံးစွဲခများ လျှော့ချပေးခြင်းတို့ အပါအဝင်အမျိုးမျိုးသော အစီအမံများအတွက် ဘတ်ငွေ (၉၀၀) ဘီလီယံ အား သုံးစွဲခဲ့ကြောင်း ၎င်းကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Mr.Supattanapong က အစိုးရအနေဖြင့် နောက်နှစ်တွင် ကိုရိုနာဗိုင်းရပ်စ်အသစ်ဒါဏ်ကြောင့် ပိတ်ဆို့မှု အစီအမံများပြုလုပ်ခဲ့ကြသည့် အခြားသောနိုင်ငံများမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား ၎င်းတို့၏ စက်ရုံအသစ်များအတွက် နေရာသစ်များ ရှာဖွေနိုင်ရန် အစီအစဉ်များကို  မိတ်ဆက်လွှင့်တင် ဆောင်ရွက်သွားလိမ့်မည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။ တာဝန်ရှိသူများအနေဖြင့် ၎င်းတို့အား Residential Visa များပေးရန် စဉ်းစားနေကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand