Thailand

ထိုင်းနိုင်ငံအနေဖြင့် စီစဉ်ထားသောအထူးဗီဇာများ၏သက်ရောက်မှုကိုလျော့ချပေး

Last Updated:

ထိုင်းနိုင်ငံအနေဖြင့်အစိုးရ၏ကာလရှည်နေထိုင်မည့်ခရီးသွားများအတွက်ဗီဇာအသစ် အစီအစဉ်ကို စတင်ပြီးနောက် ထိုင်းနိုင်ငံသည် ကမ္ဘာလှည့် ခရီးသွားအများအပြားကို မျှော်လင့်နိုင်မည်မဟုတ်ကြောင်း အဓိက ကုန်သွယ်ရေးအဖွဲ့တစ်ဖွဲ့က ပြောကြားခဲ့ကြောင်းသိရှိရပါသည်။ နိုင်ငံတကာခရီးသွားများကို တိုင်းပြည်သို့ပထမခြေလှမ်းအဖြစ် ဝင်ရောက်ခွင့်ပြန်လည် ခွင့်ပြုခြင်းအပေါ် ခရီးသွားလုပ်ငန်းရှင်များက နှစ်သက်သဘောကျ သော်လည်း လုပ်ငန်းရှင်များအနေဖြင့်  အထူးခရီးသွားဗီဇာ Special Tourist Visa(STV) ကို လိုချင်သူများအတွက်  Qurantine  (၁၄) ရက် မဖြစ် မနေဝင်ရန် လိုအပ်သောကြောင့် အစပိုင်းတွင်ဝယ်လိုအားနှေးကွေးနေမည်ကို မြင်တွေ့ရန်ပြင်ဆင်ထားခဲ့ကြသည်ဟု ထိုင်းခရီးသွားလုပ်ငန်း အသင်းဉက္ကဌ Trirattanajaraspornက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ယမန်နေ့ (၁၅.၉.၂၀၂၀ရက်နေ့) က အစိုးရအဖွဲ့အနေဖြင့်STV အစီအစဉ်အား နိုင်ငံတကာမှ ခရီးသွားများကို ထိုင်းနိုင်ငံတွင်ရက်ပေါင်း (၉၀) နေထိုင်ခွင့်ပြုရန် အတည်ပြုခွင့်ပြုပေးခဲ့ပါသည်။

ဗီဇာအသစ်အတွက် အရှည်ဆုံးနေထိုင်နိုင်မည့်ကာလမှာ ရက်ပေါင်း(၂၇၀)ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ စိတ်ကူးအား ဆန့်ကျင်နေကြသူ များရှိနေသောကြောင့် မိမိတို့အနေဖြင့် အတင်း ကြပ် ဆုံးသောအစီအမံများဖြင့် တဖြည်းဖြည်းချင်းဖွင့်လှစ်သွားရန်လိုအပ်ကြောင်း Mr.Chairat ကပြောကြားခဲ့ပါသည်။ သို့ရာတွင် STV အခြေခံမူအားလေ့လာပြီးနောက် ၎င်းသည် ရလဒ်ကောင်းများရရှိစေလိမ့်မည်ဟု မိမိတို့အနေဖြင့် ယုံကြည် ကြောင်း၊ အခြားသော ကပ်ရောဂါများကို ဖြစ်ပေါ်စေလိမ့်မည်မဟုတ်ကြောင်း Mr.Chairat ကပြောကြားခဲ့ပါသည်။

(၁၄) ရက်တာ Qurantine သည် ကမ္ဘာလှည့်ခရီးသွားအများစုကို ထိုင်းနိုင်ငံသို့မလာစေရန် တားဆီးလိမ့်မည်ဖြစ်သော်လည်း အဆိုပါမူဝါဒသည် ထိုင်းနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားများပြန်လာစေခြင်းကို လက်ခံရန်အတွက် ခရီးသွားဒေသများရှိဒေသခံလူထုအား ဆွဲဆောင်ရန်လိုအပ်သော ကရိယာတစ်ခုအဖြစ်ရှုမြင်ထားကြောင်း၊ အဆိုပါ အစီအမံမရှိပါက အများပြည်သူ၏ သဘောတူညီမှုရရှိရန်ခက်ခဲမည်ဖြစ်ကြောင်း Mr.Chairat က ပြောကြားခဲ့ ကြောင်းသိရှိရပါသည်။

အန္တရာယ်နည်းပါးသောတိုင်းပြည်များမှ ခရီးသွားများအားရွေးချယ်ခြင်းသည် နောက်ထပ်အရေးကြီးဆုံးသော စစ်ဆေးမှုအစီအမံဖြစ်ပါသည်။ တရုတ်နိုင်ငံအပါအဝင် ဂျပန်၊ထိုင်ဝမ်၊ နယူးဇီလန်နှင့် ဩစတြေးလျစသည့် နိုင်ငံများအနေဖြင့် အချို့သောမြို့ကြီးများအနေဖြင့် ကန့်သတ်မှုများရှိ နေဆဲဖြစ်သော်လည်းအန္တရာယ်နည်းပါးသော အမျိုးအစားတွင် ပါဝင်ကြောင်း သိရှိရပါသည်။

Mr.Chairat က ထိုင်းနိုင်ငံအနေဖြင့် အမြောက်အများ အစုလိုက်အပြုံလိုက် ဈေးကွက်မျိုးကို အာရုံစိုက်မည့်အစား ကာလရှည်နေထိုင်ရန် လုံခြုံ စိတ်ချရသောနေရာကို ရှာဖွေနေသူများနှင့် ထိုင်းနိုင်ငံ၏ ဆေးဖက်ဆိုင်ရာ ဝန်ဆောင်မှုများအပေါ်ယုံကြည်သူများကဲ့သို့သော ကာလရှည် နေထိုင်မည့် ဧည့်သည်များကိုရှာဖွေရန်အခွင့်အလမ်းကိုသာ အသုံးချသင့်ကြောင်းပြောကြားခဲ့ပါသည်။

၎င်းကဆက်လက်၍ STV ကိုဖြစ်နိုင်သမျှအမြန်ဆုံးခွင့်ပြုသင့်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ယခုအစီအစဉ်အရ ပြန်လည်ဖွင့်လှစ်ပြီးနောက် စမ်းသပ်မှုအဆင့်များစွာ ပြုလုပ်ရဉီးမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ပထမဆုံး အသုတ်ခရီးသွားများအနေဖြင့် အောက်တိုဘာလအကုန်တွင် ရောက်လာနိုင်ကြောင်း၊ မိမိတို့အနေဖြင့် အဆိုပါ STV ဗီဇာအား လူပေါင်း (၁၀,၀၀၀) ကျော် လျှောက်ထားရန်စိတ်ဝင်စားကြလိမ့်မည်ဟု မျှော်လင့်လျက်ရှိ ကြောင်းဖြင့် Mr.Chairat ကပြောကြားခဲ့ကြောင်းသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Category: Thailand