Thailand

ထိုင်းနိုင်ငံအနေဖြင့် RCEP သဘောတူညီချက်ကိုအတည်ပြုလိုက်ခြင်း

Last Updated:

ထိုင်းနိုင်ငံအနေဖြင့် ဒေသတွင်း ဘက်စုံစီးပွားရေးဘက်စုံပူးပေါင်းဆောင်ရွက်မှု (RCEP) ကုန်သွယ်ရေးသဘောတူညီချက်အတွက် အတည်ပြုချက်ကို မကြာသေးခင် ကပင် တင်သွင်းခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါ ကမ္ဘာ့အကြီးမားဆုံးလွတ်လပ်သော ကုန်သွယ်မူသဘောတူညီချက်သည် လာမည့်နှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် သတ်မှတ်ထားသည့်အတိုင်း  အသက်ဝင်မည်ဖြစ်ကြောင်းကို ထပ်မံ၍ အတည်ပြုခဲ့ကြောင်းသိရှိရပါသည်။

အမည်မဖေါ်လိုသူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းအရင်း အမြစ်တစ်ခုအရထိုင်းနိုင်ငံသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး မစ္စတာဂျူရင်မှတစ်ဆင့် RCEP သဘောတူညီချက်အတွက် အတည်ပြုသဘောတူညီချက်ကို ယခင်က သတ်မှတ်ထားခဲ့သည့် နိုဝင်ဘာလမတိုင်မီ အောက်တိုဘာလ (၂၈) ရက်နေ့တွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့တင်သွင်းခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းပါလီမန်က အဆိုပါသဘောတူညီချက်ကို ဖေဖေါ်ဝါရီလ (၉) ရက်နေ့တွင် အတည်ပြုပေးခဲ့ပြီးဖြစ်ပါသည်။ ပြီးခဲ့သည့်နှစ်နိုဝင်ဘာလတွင် နိုင်ငံပေါင်း (၁၅) နိုင်ငံ က လက်မှတ်ရေးထိုးခဲ့သော အဆိုပါသဘောတူစာချုပ်သည် အနည်းဆုံး အာဆီယံအဖွဲ့ဝင် (၆) နိုင်ငံနှင့် အခြားလက်မှတ်ရေးထိုးထားသည့် နိုင်ငံ (၃) နိုင်ငံတို့ အတည်ပြုပြီးသည့်နောက် ရက်ပေါင်း (၆) တွင်စတင်၍ အသက်ဝင်မည်ဖြစ်ပါသည်။

လက်မှတ်ရေးထိုးထားသည့် နိုင်ငံများအနက် စင်္ကာပူနှင့် တရုတ်နိုင်ငံတို့အနေဖြင့် အတည်ပြုလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရှိရပါသည်။ RCEP တွင် အာဆီယံနိုင်ငံများဖြစ်ကြသော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ထိုင်းနှင့် ဗီယက်နမ်တို့အပြင် ဩစတြေးလျ၊ တရုတ်၊ ဂျပန်၊ နယူးဇီလန်နှင့် တောင်ကိုရီးယား တို့ပါဝင်ကြပါသည်။

လက်ရှိတွင် အာဆီယံအဖွဲ့ဝင် ငါးနိုင်ငံဖြစ်သည့် စင်္ကာပူ၊ ဘရူနိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အနေဖြင့် သဘောတူစာချုပ်အတွက် ၎င်းတို့၏ အတည်ပြု ချက်များအား တင်သွင်းပြီးဖြစ်ကြောင်း သိရှိရပါသည်။ တရုတ်နှင့် ဂျပန်နိုင်ငံတို့အနေဖြင့် သဘောတူညီချက်ကို အတည်ပြုထားပြီးဖြစ်ကြောင်း၊ ဩစတြေးလျ၊ နယူးဇီလန်တို့အနေဖြင့် မကြာမီအတည်ပြုလိမ့်မည်ဖြစ်ခြင်းကြောင့် မိမိတို့အနေဖြင့် သဘောတူညီချက်သည် စီစဉ်ထားသည့်အတိုင်း အသက်ဝင်လာမည်ဟု အခိုင်အမာယုံကြည်ကြောင်း သတင်းရင်းမြစ်ကဆိုပါသည်။

RCEP သည် ကမ္ဘာ့အကြီးဆုံးကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဈေးကွက်ဖြစ်ပြီး နိုင်ငံပေါင်း (၁၅) နိုင်ငံပါဝင်ကာ လူဉီးရေ (၂.၃) ဘီလီယံနီးပါးရှိကြောင်း၊  ၂၀၂၀ ခုနှစ် တွင် စုစုပေါင်း GDP အနေဖြင့် အမေရိကန်ဒေါ်လာ (၂၈.၅) ဘီလီယံရှိကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ကြီးမားသော ဈေးကွက်ကြီးဖြစ်သည့် RCEP မှနေ၍ အကျိုး အမြတ်များ ရရှိလိမ့်မည်ဖြစ်ကြောင်း ကုန်သွယ်မှုစေ့စပ်ညိှနှိုင်းရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် Auroman  Supthaweethum ကပြောကြားခဲ့ပါသည်။

RCEP ၏ ကုန်သွယ်မှုပမာဏမှာ ယမန်နှစ်က အမေရိကန်ဒေါ်လာ (၁၀.၇) ထရီလီယံ ကျော် (သို့မဟုတ်) ကမ္ဘာ့ကုန်သွယ်မှု၏ (၃၀.၃%) ရှိကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံအနေဖြင့် စုစုပေါင်းကုန်စည် (၃၉,၃၆၆) အတွက် အခွန်လျှော့ချခြင်းမှ အကျိုးအမြတ်ကိုရရှိမည်ဖြစ်ကြောင်း၊ ပထမအဆင့်တွင် ကုန်စည် (၂၉,၈၉၁) အတွက် အခွန်ကင်းလွတ်ခွင့်ကို ရရှိလိမ့်မည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားပါသည်။ ကျန်ရှိသည့် ကုန်စည်များ အတွက် (၁၀-၂၀) နှစ်အတွင်း အခွန်သုညသို့ တဖြည်းဖြည်းလျှော့ချရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

အဆိုပါ သဘောတူညီချက်မှ သိသာထင်ရှားသော အကျိုးကျေးဇူးမှာ တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ်နိုင်ငံတို့မှ လွပ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် အရ ကမ်းလှမ်းထားသော ကုန်ပစ္စည်းများထက် ထိုင်းနိုင်ငံမှအပိုတင်ပို့သော ကုန်ပစ္စည်းများအပေါ် အခွန်လျှော့ချပေးရန် (သို့မဟုတ်) ဖျက်သိမ်းပေးရန် ကတိပြုထား ခြင်းဖြစ်ကြောင်း သူမက ပြောကြားခဲ့ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok post                                                                                

Category: Thailand