Thailand

ထိုင်းနိုင်ငံ၏ ပထမ (၈) လအတွင်း နယ်စပ်ဖြတ်ကျော်တင်ပို့မှု (၇.၄၂ ရာခိုင်နှုန်း)ကျဆင်းခဲ့

Last Updated:

တစ်ဆင့်ဖြတ်သန်းကုန်သွယ်မှုအပါအဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုမှာ ပထမ(၈)လ အတွင်းနှစ်အလိုက်တွင် (၇.၄၂%) ကျဆင်းခဲ့ကြောင်း၊ အဓိကအားဖြင့် ကပ်ရောဂါ၏သက်ရောက်မှုနှင့် စီးပွားရေးနှေးကွေးမှုများကြောင့် ဖြစ်ကြောင်းသိရှိရပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်ရေးဌာနက ဗုဒ္ဓဟူးနေ့တွင် တစ်ဆင့်ဖြတ်သန်း ကုန်သွယ်မှုအပါအဝင် နယ်စပ်ကုန်သွယ်မှုပမာဏစုစုပေါင်းမှာ ဘတ်ငွေ (၈၅၃) ဘီလီယံရှိပြီး မလေးရှားနိုင်ငံသည် ကုန်သွယ်မှုတန်ဖိုးအရ အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်းအစီရင်ခံတင်ပြခဲ့ပါ သည်။

တစ်ဆင့်ဖြတ်သန်း ကုန်သွယ်မှုတွင် တစ်နိုင်ငံထက်ပိုသောနိုင်ငံများ ပါဝင်ကြပါသည်။ စုစုပေါင်းကိန်းဂဏန်းများအရထိုင်းနိုင်ငံမှ ပြည်ပတင်ပို့မှုမှာ စုစုပေါင်း ဘတ်ငွေ (၄၉၄) ဘီလီယံရှိပြီး ၎င်းမှာနှစ်အလိုက်တွင် ယခင်နှစ် ပထမ (၈) လထက် (၇.၃၇%) ကျဆင်းသွားကြောင်း၊ သွင်းကုန်တင်သွင်းမှုမှာလည်း (၇.၄၉%) ကျဆင်းသွားပြီး ဘတ်ငွေ (၃၅၈) ဘီလီယံရှိကြောင်း၊ သို့ဖြစ်၍ ရလဒ်အနေဖြင့် ကုန်သွယ်မှုပိုငွေဘတ် (၁၃၆) ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။

အိမ်နီးချင်း (၄) နိုင်ငံနှင့် ထိုင်းနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုမှာ ဘတ်ငွေ (၄၉၇) ဘီလီယံရှိခဲ့ပြီး ၎င်းမှာနှစ်အလိုက်တွင် (၁၁.၅%) ကျဆင်းခဲ့ခြင်းဖြစ် ပါသည်။ ၎င်းတို့အနက် စုစုပေါင်း ပြည်ပတင်ပို့မှုမှာ ဘတ်ငွေ (၂၉၃) ဘီလီယံရှိခဲ့ပြီး (၉.၆၃%) ကျဆင်းသွားခြင်းဖြစ်ပါသည်။ သွင်းကုန်တင်သွင်းမှု မှာ ဘတ်ငွေ (၂၀၄) ဘီလီယံရှိခဲ့ပြီး (၁၄%) ကျဆင်းသွားခြင်းဖြစ်ကာ ထိုင်းနိုင်ငံအနေဖြင့် ကုန်သွယ်မှုပိုငွေဘတ် (၈၈.၅) ဘီလီယံဖြင့် ထိန်းသိမ်း ထားကြောင်း သိရှိရပါသည်။

စုစုပေါင်းကုန်သွယ်မှုတွင်မလေးရှားနိုင်ငံနှင့်နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုမှာ ဘတ်ငွေ (၁၅၂) ဘီလီယံရှိခဲ့ပြီး (၂၁%) ကျဆင်းသွားကြောင်း၊ ၎င်းနောက်တွင်လာအိုနှင့် (၁၂၃) ဘီလီယံရှိခဲ့ပြီး(၆.၃၃%)ကျဆင်းခဲ့ကာ၊ မြန်မာနှင့် (၁၁၄) ဘီလီယံရှိခဲ့ပြီး (၁၃%) ကျဆင်းခဲ့ကြောင်း၊ ကမ္ဘောဒီးယား နှင့် (၁၀၈) ဘီလီယံရှိခဲ့ပြီး (၁.၀၉%) တိုးတက်ခဲ့ကြောင်းသိရှိရပါသည်။ စင်္ကာပူ၊ ဗီယက်နမ်၊ တရုတ် တောင်ပိုင်းနှင့် နယ်စပ်ဖြတ်ကျော် တစ်ဆင့် ဖြတ်သန်းကုန်သွယ်မှုကုန်သွယ်မှုပမာဏမှာ ပထမ (၈) လတွင် (၁.၀၅%) ကျဆင်းခဲ့ကြောင်း၊ စုစုပေါင်းဘတ်ငွေ (၃၅၅) ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။ တရုတ်ပြည်တောင်ပိုင်း၊ စင်္ကာပူတို့နှင့်တစ်ဆင့်ဖြတ်သန်း ကုန်သွယ်မှုမှာ (၁၃.၆%) နှင့် (၁၂%) အသီးသီး တိုးတက်ခဲ့ပါသည်။ တရုတ်ပြည်တောင်ပိုင်းနှင့်တစ်ဆင့် ဖြတ်သန်း ကုန်သွယ်မှု ပမာဏမှာ ဘတ်ငွေ (၁၅၃)ဘီလီယံရှိခဲ့ပြီး စင်္ကာပူနှင့်တစ်ဆင့် ဖြတ်သန်းကုန်သွယ်မှု ပမာဏမှာ ဘတ်ငွေ (၅၆.၈) ဘီလီယံရှိခဲ့ပါသည်။ တရုတ်ပြည်သို့ အဓိကတင်ပို့သော ပို့ကုန်ပစ္စည်းများတွင် လတ်ဆတ်သောသစ်သီးများ၊ အေးခဲနှင့်အခြောက်ခံသစ်သီးများ၊ ကွန်ပျူတာများနှင့် အစိတ်အပိုင်းများ၊ ရာဘာထုတ်ကုန်များတို့ဖြစ်ကြကြောင်း၊ စင်္ကာပူသို့ အဓိကတင်ပို့သော ပို့ကုန်များတွင် အင်ဂျင်နှင့် အစိတ်အပိုင်းများ၊ ကွန်ပျူတာနှင့် အစိတ်အပိုင်းများ၊ အီလက်ထရောနစ် ဆားကစ်များ ပါဝင်ကြကြောင်းသိရှိရပါသည်။ ဗီယက်နမ်နှင့် အခြားသောနိုင်ငံများနှင့် တစ်ဆင့်ဖြတ်သန်းကုန်သွယ်မှုပမာဏမှာ (၂၀.၆%) နှင့် (၁၄.၆%) အသီးသီးကျဆင်းခဲ့ပြီး၊ ဘတ်ငွေ (၃၉.၇) ဘီလီယံနှင့် (၁၀၅) ဘီလီယံအသီးသီးရှိခဲ့ကြောင်းသိရှိရပါသည်။

ဗီယက်နမ်နိုင်ငံသို့ အဓိကတင်ပို့သော ပို့ကုန်ပစ္စည်းများတွင် လတ်ဆတ်သော သစ်သီးဝလံများ၊ အေးခဲနှင့်အခြောက်ခံသစ်သီးများ၊ အယ်လ် ကိုဟောမပါဝင်သော အဖျော်ယမကာများ၊ ဆီမီးကွန်ဒတ်တာများ၊ ထရန်စစ္စတာများနှင့် ဒိုင်အုတ်များပါဝင်ကြောင်းသိရှိရပါသည်။ နိုင်ငံခြား ကုန်သွယ်မှုဌာန၏ ညွှန်ကြားရေးမှူးချုပ် Keerati Rushchano က နယ်စပ်ကုန်သွယ်မှုပမာဏကို ထိခိုက်စေသော အဓိကအချက်များတွင် ကပ်ရောဂါနှင့်ကပ်ရောဂါကိုကာကွယ်ရန်အတွက် နယ်စပ်စစ်ဆေးရေးဂိတ်များအား ပိတ်ဆို့ထားခြင်းတို့ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဩဂုတ်လလယ်ပိုင်းတွင် မြန်မာနိုင်ငံ၌ Covid-19 ဒုတိယလှိုင်းကို တွေ့မြင်ခဲ့ရကြောင်း၊ နယ်စပ်ရှိပြည်နယ် အုပ်ချုပ်ရေးမှူးများ အနေဖြင့် မယ်ဟောင်ဆောင်ရှိ ယာယီစစ်ဆေးရေးဂိတ်မှ တစ်ဆင့်လူများ၊ ကားများနှင့် ထုတ်ကုန်များသယ်ဆောင်ခွင့်ကိုတားမြစ်ခဲ့ကြောင်း သိရှိရပါသည်။

ကန်ချနာ့ဘူရီတွင် ဘုရားသုံးဆူ၌ နယ်စပ်ယာယီ စစ်ဆေးရေးဂိတ် တစ်ခုအား ပိတ်ထားကြောင်း၊ တစ်နိုင်ငံလုံးရှိ နယ်စစ်ဆေးရေးဂိတ် (၉၇) ခုအနက်(၃၆)ခုကိုသာ ဖွင့်လှစ်ခဲ့ကြောင်း၊ နိုင်ငံခြားကုန်သွယ်မှုဉီးစီးဌာနအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၏ Covid-19 နှင့် ပိတ်ဆို့မှု အစီအမံများကို အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း၊ စစ်ဆေးရေးဂိတ်များ၌ ကုန်သွယ်မှုနှင့်ပတ်သက်၍ အဖြေရှာသွားမည်ဖြစ်သည်ဟု ညွှန်ကြားရေး မှူးချုပ် Keerati Rushchano ကပြောကြားခဲ့ကြောင်းသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Category: Thailand