Thailand

ထိုင်းနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုများတွင် ဇူလိုင်လ ကိန်းဂဏန်းများက မျှော်လင့်ချက်ကို တောက်ပလာစေ

Last Updated:

ပြည်ပပို့ကုန်တင်ပို့မှုများသည် ပြန်လည်နာလန်ထူလာသည့် လက္ခဏာများကိုပြသခဲ့ပြီး ကိန်းဂဏန်းများအရ ဇွန်လတွင်ပို့ကုန်တင်ပို့မှု(၂၃.၂%)ကျဆင်းခဲ့ပြီးနောက် ဇူလိုင်လတွင် နှစ်အလိုက်၌ (၁၁.၄%) ကျဆင်းခဲ့ခြင်းဖြစ်ပြီး ၎င်းက ၂၀၀၉ခုနှစ်နောက်ပိုင်း အနည်းဆုံးဖြစ်ပါသည်။  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမူဝါဒနှင့် မဟာဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ် Pimchanok Vonkorpon က အစားအစာထုတ်ကုန်များ (ပီလောပီနံ ထုတ်ကုန်၊ စားအုန်းဆီ၊ တူနာငါးစည်သွပ်ဗူး၊ လတ်ဆပ်၊ အေးခဲကြက်သား၊ အိမ်မွေးတိရစ္ဆာန် အစားအစာ ) တို့ ထုတ်လုပ်မှုများ တိုးတက်ခဲ့သည့်အပြင် အလားတူအိမ်မှနေ၍ လုပ်ကိုင်ထုတ်လုပ်မှုနှင့် Covid-19 ဆက်စပ်ထုတ်ကုန်များ ( ပရိဘောဂနှင့် အစိတ်အပိုင်းများ၊ မီးဖိုများ၊ မိုက်ခရိုဝေ့ခ်၊ ရေခဲသေတ္တာများ၊ အဝတ်လျှော်စက်နှင့် ရာဘာလက်အိတ်များ)၏ ထုတ်လုပ်မှုတို့ကလည်း ပို့ကုန်ကျဆင်းမှုကို ထိန်းစေခဲ့ကြောင်း ပြောကြားခဲ့ပါ သည်။

အကောက်ခွန်ရှင်းလင်းပြီး ပြည်ပပို့ကုန်တင်ပို့မှုအနေဖြင့် ဇူလိုင်လတွင် အမေရိကန် ဒေါ်လာ (၁၈.၈) ဘီလီယံရှိခဲ့ပြီး သွင်းကုန်တင်သွင်းမှုမှာ(၂၆.၄%)ကျဆင်းသွားပြီး အမေရိကန်ဒေါ်လာ(၁၅.၅)ဘီလီယံရှိခဲ့ကြောင်း၊ ရလဒ်အနေဖြင့် ကုန်သွယ်မှု ပိုငွေ(၃.၃၄)ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။

လယ်ယာထွက်ကုန်နှင့် စက်မှုလယ်ယာ ထုတ်ကုန်များ၏ ပြည်ပတင်ပို့မှုမှာ ဇူလိုင်လတွင် နှစ် အလိုက်၌ (၁၀.၉%)ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ(၃.၀၈)ဘီလီယံ ရှိခဲ့ကြောင်း၊ ၎င်းတွင် ရာဘာတင်ပို့မှု(-၅၄.၁%)၊ သကြားတင်ပို့မှု(-၄၂.၄%)၊ဆန်တင်ပို့မှု (-၁၆.၈%)  ကျဆင်းခဲ့ကြေင်း၊အေးခဲပုဇွန် ထုတ်ကုန်တင်ပို့မှု (-၁၅.၉%)တို့ဖြင့် အသီးသီးကျဆင်းခဲ့ကြကြောင်း သိရှိရပါသည်။

စက်မှုထုတ်ကုန်များ၏ ပြည်ပတင်ပို့မှုမှာလည်း အလားတူ ကျဆင်းခဲ့ကြောင်း၊ ကာလတူထက် (၁၀.၃%)ကျဆင်းခဲ့ပြီး၊ အမေရိကန်ဒေါ်လာ(၁၅.၂)ဘီလီယံရှိခဲ့ပါသည်။ ရေနံနှင့် ဆက်စပ်ပစ္စည်းများ (-၂၄.၉%)၊ မော်တော်ကားနှင့်အစိတ်အပိုင်းများ(-၃၀.၉%)၊ ရေဒီယိုအသံဖမ်း၊ တယ်လီဗေးရှင်းနှင့်အစိတ်အပိုင်းများ(-၂၃.၃%)၊ သံနှင့်သံမဏိထုတ်ကုန်များ (-၂၂.၆%)တို့ ဖြစ်ကြပါသည်။

ပထမ(၇)လအတွက် ပို့ကုန်တင်ပို့မှုမှာ ယမန်နှစ်ကာလတူထက် (၇.၇၂%)ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ(၁၃၃)ဘီလီယံ ရှိခဲ့ကြောင်း၊ သွင်းကုန်တင်သွင်းမှုမှာလည်း(၁၄.၇%)ကျဆင်းခဲ့ပြီး အမေရိကန် ဒေါ်လာ(၁၁၉)ဘီလီယံ ရှိခဲ့ကြောင်း၊ ရလဒ်အနေဖြင့် ကုန်သွယ်မှု ပိုငွေ အမေရိကန် ဒေါ်လာ (၁၄)ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။

အဓိကကုန်သွယ်ဖက် မိတ်ဖက်နိုင်ငံအများစုသို့  ပို့ကုန်တင်ပို့မှု တန်ဖိုးမှာ ယခင်လများကထက်  နှေးကွေးခဲ့ကြောင်း၊ အခြားသောနိုင်ငံများ၏  Covid-19 ဖြစ်ပွားမှုကို ထိန်းချုပ်မှုနှင့် ပြန်လည်ထူထောင်ရေးကို အရှိန်မြှင့်တင်ရန် အစိုးရ၏ နှိုးဆွမှု အစီအမံများနှင့်အတူ ပို့ကုန်တင်ပို့မှုမှာ တဖြေးဖြေးတိုးတက်လာဖွယ်ရှိကြောင်း သိရှိရပါသည်။

ဇူလိုင်လတွင် အမေရိကန်နိုင်ငံသို့ တင်ပို့မှုမှာ နှစ်အလိုက်တွင် (၁၇.၈%) တိုးတက်ခဲ့ကြောင်း သူမကပြောကြားခဲ့ပါသည်။ မေလမှ ဇွန်လအထိ ပို့ကုန်တင်ပို့မှု နိမ့်ကျခဲ့ကြောင်း၊ ယခုမှစ၍ စွမ်းဆောင်ရည်မှာ တဖြည်းဖြည်း ပြန်လည်နာလန်ထူလာသည်ကို တွေ့မြင်ရလိမ့်မည်ဖြစ်ကြောင်း သူမကပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ထုတ်လုပ်မှုစွမ်းရည်ရှိပြီး အစားအစာအရည်အသွေးပိုင်းနှင့်‌ ဘေးကင်းလုံခြုံမှု စံချိန်စံညွှန်းတို့တွင် ထင်ရှားသည့် အားသာချက်များရှိသောကြောင့် စားသောက်ကုန်ကဲ့သို့သော ပို့ကုန်တင်ပို့မှုကို အထောက်အကူပြုပေးနိုင်သည့် အလားအလာရှိသော ပို့ကုန်များရှိနေကြောင်း ၊ Covid-19 ကာလအတွင်း စားသုံးသူများ၏ အပြုအမူပြောင်းလဲမှုများကို တုန့်ပြန်နိုင်သည့် ထုတ်ကုန်အသစ်များအတွက် ဝယ်လိုအားများရှိနေလိမ့်မည် ဖြစ်ပါကြောင်း သူမက ပြောကြားခဲ့ပါသည်။

သို့ရာတွင် သူမက ကပ်ရောဂါကာလအတွင်း ဖြစ်နိုင်ချေရှိသော ဒုတိယလှိုင်းကူးစက်မှု၊ ပိတ်ဆို့မှု အစီအမံများ၊ မြင့်မားသော ကုန်သွယ်ရေးအတားအဆီးများ၊ ဘတ်ငွေတန်ဖိုးမြင့်တက်မှု အလားတူ ကမ္ဘာ့ဈေးကွက်တွင် ရေနံဈေးနှုန်း ကျဆင်းမှု အစရှိသည့် မသိမြင်နိုင်သော အရာများစွာတို့နှင့် ကမ္ဘာ့စီးပွားရေး နှေးကွေးမှုတို့ကြောင့် ပို့ကုန်ပြန်လည်နာလန်ထူမှုမှာ အစပျိုးအဆင့်သာဖြစ်ကြောင်း သူမက ဝန်ခံပြောကြားခဲ့ပါသည်။

Ms.Pinchanokက ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်အတွက် ပို့ကုန်တင်ပို့မှုအား (၈-၉%)ကျဆင်းနိုင်ကြောင်းနှင့် အမေရိကန်ဒေါ်လာ(၂၂၄-၂၂၇)ဘီလီယံရှိလိမ့်မည်ဟု မျှော်မှန်းနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းအမျိုးသား သင်္ဘောတင်ကောင်စီ၏ ဉက္ကဌ အမျိုးသ္မီး Ghanyapad Tantipipatpong က ဇူလိုင်လ ပို့ကုန်တင်ပို့မှု ကိန်းဂဏန်းများမှာ မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်နေကြောင်း၊ ယခုနှစ်ကျန်ရှိသောလများအတွက် ဆက်လက် တိုးတက် မြင့်မားမည့်လမ်းကြောင်းကို တွေ့မြင်ရကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ် အတွက် ပို့ကုန်တင်ပို့မှုအနေဖြင့် (၁၀%)ကျဆင်းနိုင်သည်ဟု သူမကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand