Thailand

ထိုင်းအမျိုးသားရေကြောင်းပို့ဆောင်ရေးကောင်စီ အနေဖြင့် ပို့ကုန်တိုးတက်မှု ၅ ရာခိုင်နှုန်းသာရရှိနိုင်ကြောင်း ခန့်မှန်းခြင်း

Last Updated:

ရုရှား- ယူကရိန်း ပဋိပက္ခကြောင့် မသေမချာမရေရာမှုများ၊ ကုန်ကြမ်းပြတ်လပ်မှုများနှင့် ဈေးနှုန်းမတည်ငြိမ်မှုများ၊ အလုပ်သမားခ ကြီးမြင့်မှုများကြောင့် ထိုင်းနိုင်ငံ၏ ပို့ကုန်တိုးတက်မှုမှာ ယခင်ခန့်မှန်းချက်ဖြစ်သည့် (၅-၈%) မှ (၅%) သာ တိုးတက်နိုင်ကြောင်း ထိုင်းပြည်ပသင်္ဘောတင်သူများအုပ်စုက ခန့်မှန်းထားကြောင်း သိရှိရပါသည်။

ထိုင်းအမျိုးသားရေကြောင်းပို့ဆောင်ရေးကောင်စီ ဉက္ကဌဖြစ်သူ Chaichan Chareonsuk က ၎င်းတို့အနေဖြင့် ရုရှား- ယူကရိန်း ပဋိပက္ခ၏ အကျိုးသက်ရောက်မှုနှင့် အမေရိကန်နှင့် ဉရောပသမဂ္ဂတို့က ချမှတ်ထားသော ကုန်သွယ်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုမှုများအပေါ် အနီးကပ် စောင့်ကြည့်လေ့လာသုံးသပ်လျှက်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။ အထူးသဖြင့်  ကုန်ကြမ်းနှင့် စွမ်းအင်ဈေးနှုန်းများ မြင့်မားမှုကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ မြင့်တက်လာမှုအတွက် ကမ္ဘာကြီးနှင့် ထိုင်း နိုင်ငံတို့၏ စီးပွားရေးအပေါ် ကြီးမားသော သက်ရောက်မှုရှိကြောင်း သိရှိရပါသည်။

ရုရှား- ယူကရိန်း ပဋိပက္ခ၏ သက်ရောက်မှုကြောင့် ထိုင်းနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများ၏ အမှာစာမှာယူမှုများမှာ နှေး ကွေးသွားဖွယ်ရာရှိနေကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

နှစ်နိုင်ငံအကြား တိုက်ပွဲများ အကန့်အသတ်နှင့်ရှိနေသရွေ့ နိုင်ငံခြားငွေလဲနှုန်းသည် အမေရိကန်တစ်ဒေါ်လာလျှင် ပျမ်းမျှအားဖြင့် (၃၃) ဘတ်ဖြင့် ရှိနေမည်ဆိုပါက ထိုင်းပို့ကုန်များအနေဖြင့် တစ်နှစ် ပတ်လုံးအတွက်တိုးတက်မှု (၅%) ရရှိလိမ့်မည်ဟု မျှော်လင့်ရ ကြောင်း Mr. Chaichan က ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ပို့ကုန်တိုးတက်မှု (၁၇.၁%) ရရှိခဲ့ပါသည်။
ယခုနှစ် ပထမနှစ်လတွင် ထိုင်းနိုင်ငံအနေဖြင့် ပြည်ပတင်ပို့မှု အမေရိကန်ဒေါ်လာ (၄၄.၇) ဘီလီယံရရှိခဲ့ကြောင်း၊ ၎င်းမှာ (၁၂.၂%) ပိုမိုတိုးတက်လာခြင်းဖြစ်ကြောင်း၊ သွင်းကုန်တင်သွင်းမှုမှာလည်း (၁၈.၇%) တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၄၇.၁) ဘီလီယံရရှိခဲ့ ကြောင်း၊ ရလဒ်အနေဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ (၂.၄) ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာဂျူရင်က ရုရှား- ယူကရိန်း ပဋိပက္ခ၏ သက်ရောက်မှုအပေါ် အနီး ကပ်စောင့်ကြည့်သွားရန်နှင့် မတ်လနှင့် ဧပြီလတွင် သိသာရှင်းလင်းစွာ မြင်တွေ့ရဖွယ်ရှိကြောင်း ပြောကြားခဲ့ပါသည်။

Mr. Chiaichan ၏အဆိုအရ ထိုင်းပို့ကုန်များအတွက် အဓိကအန္တရာယ်မှာ ပြင်းထန်နေဆဲ ရုရှား- ယူကရိန်း ပဋိပက္ခဖြစ်ပြီး ၎င်း ပဋိပက္ခမှာ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအပေါ် တိုက်ရိုက်သက်ရောက်လျှက်ရှိနေကြောင်းနှင့် ပို့ကုန်ဉီးတည်သည့် ထုတ်လုပ်မှုများ အပေါ်ကိုလည်း အနှောင့်အယှက်ဖြစ်စေကြောင်း ပြောကြားခဲ့ပါသည်။

ရုရှားနိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးမားဆုံး ရေနံထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး ကမ္ဘာ့ထုတ်လုပ်မှု၏ (၁၁%) ရှိကြောင်း၊ ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ဆီမီးကွန်ဒတ်တာများ၊ စတီးများ၊ အစေ့အဆန်များ၊ မြေရှားသတ္တုများ၊ မြေဩဇာထုတ်လုပ်ရာတွင် အသုံး ပြုသည့် ကုန်ကြမ်းများ စသည့်ကုန်ကြမ်းပစ္စည်းများရှားပါးခြင်း (သို့မဟုတ်) ဈေးနှုန်းမတည်မငြိမ်ဖြစ်ခြင်းတို့ကို ဖြစ်ပေါ်‌စေကာ ထောက်ပံ့ပို့ဆောင်မှုနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို မြင့်မားစေကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Bangkok Post

Category: Thailand