Brazil

ဒေါ်လာငွေတန်ဖိုးကျဆင်းမှုနှင့်အတူ ချီကာဂိုဈေးကွက်တွင် အရောင်းအဝယ်လျှော့ကျခဲ့သဖြင့် ဘရာဇီးလ်ပဲပုတ်စေ့ဈေးနှုန်းများ အနည်းငယ်ကျဆင်းခဲ့

Last Updated:

အမေရိကန်ဒေါ်လာငွေတန်ဖိုး ကျဆင်းမှုနှင့်အတူ ချီကာဂိုဈေးကွက်တွင် ပဲပုတ်စေ့ ကြိုပွိုင့်အရောင်းအဝယ်ဖြစ်မှုများ ကျဆင်းခဲ့သဖြင့် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဘရာဇီးလ်နိုင်ငံရှိ သီးနှံဈေးကွက်များ၌ ပဲပုတ်စေ့ဈေးနှုန်းများ အနည်းငယ်ကျဆင်းခဲ့သည်။ ၆၀ ကီလိုဂရမ်အလေးချိန်ရှိသည့် ပဲပုတ်စေ့ ၁ အိတ်တန်ဖိုးသည် Passo Fundo (RS) ဈေးကွက်တွင် ၁၇၀.၅၀ ဟဲရာမှ ၁၆၉.၅၀ ဟဲရာသို့လည်းကောင်း၊ Mission Region ဈေးကွက်တွင် ၁၇၁.၀၀ ဟဲရာမှ ၁၆၉.၀၀ ဟဲရာသို့လည်းကောင်း၊ Port of Rio Grande ဈေးကွက်တွင် ၁၇၆.၀၀ ဟဲရာမှ ၁၇၄.၀၀ ဟဲရာသို့လည်းကောင်း၊ Cascavel (PR) ဈေးကွက်တွင် ၁၆၆.၀၀ ဟဲရာမှ ၁၆၄.၀၀ ဟဲရာသို့လည်း ကောင်း၊  Port of Paranaguá (PR) ဈေးကွက်တွင် ၁၇၁.၀၀ ဟဲရာမှ ၁၆၉.၅၀ ဟဲရာသို့လည်းကောင်း၊ Rondonópolis (MT) ဈေးကွက်တွင် ၁၅၅.၀၀ ဟဲရာမှ ၁၅၄.၀၀ ဟဲရာသို့လည်းကောင်း၊ Dourados (MS) ဈေးကွက်တွင် ၁၅၇.၀၀ ဟဲရာမှ ၁၅၅.၀၀ ဟဲရာသို့လည်းကောင်း၊ Rio Verde (GO) ဈေးကွက်တွင် ၁၅၅.၀၀ ဟဲရာမှ ၁၅၃.၀၀ ဟဲရာသို့လည်းကောင်း အသီးသီး ဈေးနှုန်းများကျဆင်းခဲ့သည်။

ဒီဇင်ဘာလ ၇ ရက်နေ့တွင် ချီကာဂိုသီးနှံဈေးကွက် (Chicago Commodity Exchange- CBOT) ၌ ပဲပုတ်စေ့ကြိုပွိုင့်ရောင်းဝယ်မှုများ ကျဆင်းခဲ့ပြီး ပဲပုတ်စေ့ဈေးနှုန်း များလည်း ကျဆင်းခဲ့သည်။ ပဲပုတ်စေ့ဈေးနှုန်းကျဆင်းမှုသည် အမေရိကန်အစိုးရကထုတ်ပြန်မည့် ဇီဝလောင်စာမူဝါဒများနှင့် ဆက်စပ်လျက်ရှိသည်။ ဒီဇယ်ဆီနှင့် ဓာတ်ဆီတို့တွင် ရောစပ်ပါဝင်ရမည့် ဇီဝလောင်စာပမာဏအား လျှော့ချပေးမည့်မူဝါဒတစ်ရပ်ကို အစိုးရကထုတ်ပြန်ရန်‌ ဆောင်ရွက်လျက်ရှိရာ ပဲပုတ်စေ့မှထုတ်လုပ် သည့် ဇီဝလောင်စာနှင့် အီသနောလိုအပ်ချက်များ လျှော့ကျသွားမည်ဖြစ်သည်။

အမေရိကန်စိုက်ပျိုးရေးဌာန၏ သတင်းအရ ပဲပုတ်စေ့လက်ကျန်သည် စည်ပေါင်း ၃၅၃ သန်း အထိရှိနိုင်ကြောင်း၊ ကမ္ဘာ့ပဲပုတ်စေ့ဈေးကွက် ရောင်းဝယ်မှုစာရင်းများအရ ၂၀၂၁-၂၀၂၂ ခုနှစ် ပဲပုတ်စေ့ လက်ကျန်သည် တန်ချိန် ၁၀၄.၃ သန်း အထိ ရှိနိုင်ကြောင်း ဖော်ပြထားသည်။

ချီကာဂိုသီးနှံဈေးကွက်တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွက် ပဲပုတ်စေ့ကြိုပွိုင့်ရောင်းဝယ်မှုသည်  ၁ စည်လျင် အမေရိကန်ဒေါ်လာ ၁၁.၂၅ ဆင့်မှ ၁၂.၅၀ ဆင့်အကြား ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မတ်လအတွက်ကြိုပွိုင့်ရောင်းဝယ်မှုတွင် အမေရိကန်ဒေါ်လာ ၁၂.၅၈ ဆင့်တို့ဖြင့် ရောင်းဝယ်လျက်ရှိသည်။

အခြားပဲပုတ်ထွက်ကုန်ဈေးကွက်၌ ဇန်နဝါရီလအတွက် ကြိုပွိုင့်ရောင်းဝယ်မှုတွင် ပဲပုတ်စေ့အခွံ ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၉.၇၀ နှင့် ပဲပုတ်ဆီ ၁ ပေါင်လျှင် ၅၇.၁၀ ဆင့်တို့ဖြင့် ဈေးနှုန်းများဖြစ်ပေါ်လျက်ရှိသည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ကမ္ဘာ့ပဲပုတ်စေ့ဈေးကွက်မှ တရုတ်နိုင်ငံသည် ပဲပုတ်စေ့တန်ချိန် ၅.၁၁ သန်းနှင့် နိုဝင်ဘာလတွင် ပဲပုတ်စေ့တန်ချိန် ၈.၅၇ သန်း ဝယ်ယူတင်သွင်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် တန်ချိန် ၉.၅၉ သန်းဝယ်ယူတင်သွင်းခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်လက်ရှိကာလအထိ ပဲပုတ်စေ့တန်ချိန်စုစုပေါင်း ၈၇.၆၅ သန်းအား ဝယ်ယူတင်သွင်းထားပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၅.၅ ရာခိုင်နှုန်း လျှော့နည်းလျက်ရှိသည်။  

 နိုင်ငံခြားငွေရောင်းဝယ်သည့်ဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာသည် ၅.၆၁၉၀ ဟဲရာ ဈေးနှုန်းဖြင့် ရောင်းဝယ်လျက်ရှိနေသည်။

 

 (မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil