China(Nanning)

နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ပေးရန် ဗီယက်နမ် ကုန်သွယ်ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံဘက်သို့ တောင်းဆိုထား

Last Updated:

Covid  ကာကွယ်ရေးစီမံဆောင်ရွက်မှုများကြောင့် ပိတ်ထားသည့် တရုတ်-ဗီယက်နမ် နယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ပေးရန်နှင့် ကုန်သေတ္တာများကြပ်ညပ်နေ သည့်ပြဿနာကို ဖြေရှင်းရန် အကောက်ခွန်ရှင်းလင်းရေးဆောင်ရွက်ချိန်များကို တိုးချဲ့ပေးရန် ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံ၊ ကွမ်ရှီး ကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဘက်သို့ တောင်းဆိုထားကြောင်းနှင့် ထိုကဲ့သို့ ပိတ်ပင်ထားမှုများမှာ မလိုအပ်ကြောင်း ဗီယက်နမ် အကြီးတန်းကုန်သွယ်ရေးအရာရှိ တစ်ဉီးက ကွမ်ရှီး ကုန်သွယ်ရေးအရာရှိများသို့ ပြောကြားခဲ့ကြောင်း သိရပါသည်။

ယခုကဲ့သို့ ပိတ်ပင်ထားမှုများကြောင့် ကုန်စည်စီးဆင်းမှုကွင်းဆက်များ၌  နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်စေကာ၊ နှစ်နိုင်ငံကုန်သွယ်ရေးဖွံ့ဖြိုးမှုများတွင်  ဆိုးကျိုး သက်ရောက်မှုများ ဖြစ်ပေါ်စေကြောင်း၊ နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများအပေါ် ဆုံးရှုံးမှုကြီးများဖြစ်စေသည်သာ အဖတ်တင်ကြောင်း ဗီယက်နမ်ဘက်မှ အရာရှိများက ပြောကြားခဲ့ပါသည်။

အကောက်ခွန်စစ်ဆေးရေးဂိတ်များ၌ ဝန်ထမ်းလိုအပ်ချက်ကို ဖြေရှင်းရန် ယာဉ်မောင်းများနှင့် လုပ်သားများကို ကွမ်ရှီးဘက်၌ ပိုမိုခန့်ထားပေးရန်နှင့် ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးသည့် ဗီယက်နမ်များကိုလည်း အလုပ်လုပ်ကိုင်ရန်အတွက် နယ်စပ်ဖြတ်ကျော်ခွင့်ပြုရန်၊ မီးရထားနှင့် သင်္ဘောတို့ဖြင့် ကုန်တင်ပို့ထားသည်များကို လွယ်ကူချောမွေ့စေရေး ဆောင်ရွက်ပေးရန်၊ ဗီယက်နမ်မှ နဂါးမောက်သီးများတင်သွင်းမှုကို ပြန်လည်စတင်ပေးရန်စသည့် အချက်များကို ဗီယက်နမ်ကုန်သွယ်ရေး ဝန်ကြီးဌာနက တောင်းဆိုထားပါသည်။

ကွမ်ရှီးဘက်မှ ကုန်သွယ်ရေးအရာရှိများက အကောက်ခွန်ရှင်းလင်းရေး ကြာမြင့်ချိန်ကို နှစ်ဖက်အာဏာပိုင်များသဘောတူထားသည့် နယ်စပ်ဂိတ်သဘောတူညီချက် အပေါ် အခြေခံ၍ ပိုမိုမြန်ဆန်လာစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဗီယက်နမ်ဘက်မှ တောင်းဆိုထားသည်များကို အထက်သို့ ဆက်လက်တင်ပြပေးသွား မည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်ဟု သိရပါသည်။

တရုတ်ဘက်မှ Covid-19 ကာကွယ်ရေးစီမံဆောင်ရွက်မှုများကြောင့် တရုတ်- ဗီယက်နမ်နယ်စပ်၏ ဗီယက်နမ်ဘက်အခြမ်းတွင် တစ်လကျော်ကြာမြင့်သည်အထိ ကုန်တင်ယာဉ်များ ပိတ်မိလျက်ရှိပါသည်။ အချို့ယာဉ်များပေါ်တွင် သယ်ဆောင်လာသည့်ကုန်စိမ်းများမှာ ပျက်စီးစပြုလာသဖြင့် နယ်စပ်ဂိတ်မှ ပြန်လှည့်၍ ပြည်တွင်း၌ ပင် လျှော့ဈေးဖြင့် ဖြန့်ဖြူးပေးနေရကြောင်း သိရပါသည်။

ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Nguyen Hong Dien က တရုတ်နိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန၊ အကောက်ခွန်ဌာန နှင့် ကွမ်ရှီးနှင့် ယူနန်ရှိ ပြည်နယ်အစိုးရများထံသို့ စာပေးပို့ကာ ၎င်းပြဿနာရပ်များကို ဝင်ရောက်ကူညီပေးရန် တောင်းဆိုထားကြောင်း သတင်းရရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

 ရင်းမြစ် ၊ e.vnexpress.net (၁-၁-၂၀၂၂)

Category: China(Nanning)