Thailand

နယ်စပ်စစ်ဆေးရေးဂိတ်များပြန်လည်ဖွင့်လှစ်ရန်အကူညီတောင်းခံ

Last Updated:

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး မစ္စတာဂျူရင်သည် ထိုင်းနိုင်ငံ၏ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု၊ ကြက်သားနှင့် ဌက်သိုက်များတင်သွင်းမှု တို့အတွက် ၎င်း၏ နယ်စပ်ဖြတ်ကျော်စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ရေး အရှိန်မြှင့်တင်ဆောင်ရွက်ရန်အတွက် တရုတ်နိုင်ငံအား အကူအညီပေးရန် တောင်း ဆိုခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Han Zhiqiang နှင့် ဝန်ကြီး Mr. Jurin တို့တွေ့ဆုံပြီးနောက် မစ္စတာဂျူရင်က ယူနန်ပြည်နယ်ရှိ Mohan နှင့် Guan Lei စစ်ဆေးရေးဂိတ်နှစ်ခုတို့အား ပြန်လည်ဖွင့်လှစ်ပေးရေး တရုတ်အစိုးရအား ကူညီဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Zhiqiang အား တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။ Covid-19 ကပ်ရောဂါကူးစက်ပျံ့ပွားမှုကို တားဆီးရန်အတွက် အဆိုပါနယ်စပ်ဂိတ်နှစ်ခုအား ပိတ်ထားဆဲဖြစ်ကြောင်း သိရှိရပါ သည်။

မစ္စတာဂျူရင်၏ အဆိုအရ ထိုင်းနိုင်ငံအနေဖြင့် ကြက်ခေါင်းအပါအဝင် ကြက်တစ်ကောင်လုံး၊ ကြက်တောင်ပံ၊ ကြက်ပေါင်နှင့် ဘဲသားတို့အား ပိုမိုတင်သွင်းရန် တရုတ်နိုင်ငံကို တောင်းဆိုထားကြောင်းသိရှိရပါသည်။ အလားတူ ထိုင်းနိုင်ငံမှ ဌက်သိုက်များအား တရုတ်နိုင်ငံသို့ ပိုမိုတင်သွင်းနိုင်ရေး ထည့်သွင်းစဉ်းစားပေးရန် လည်း တောင်းဆိုထားကြောင်း သိရှိရပါသည်။ လက်ရှိအားဖြင့် တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံကုမ္ပဏီနှစ်ခုမှ အသင့်စားသုံးနိုင်သော ဌက်သိုက်များ တင်သွင်းလျှက် ရှိကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနထံ ခွင့်ပြုချက်ရယူလျှောက်ထားသည့် ကုမ္ပဏီ (၉) ခုရှိပြီး ၎င်းတို့အား ဌက်သိုက်များ ပိုမိုတင်ပို့နိုင်စေရေး တရုတ်နိုင်ငံအနေဖြင့် ခွင့်ပြုပေးရန်တောင်းဆိုထားကြောင်း သိရှိရပါသည်။

ဝန်ကြီးမစ္စတာဂျူရင်က ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအား နှစ်နိုင်ငံအစိုးရချင်း သဘောတူထားသည့် G 2 G သဘောတူချက်အရ ထိုင်းနိုင်ငံမှ ဆန်ဝယ်ယူရေး အရှိန်မြှင့်တင်ရန်ကိုလည်း တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့အနေဖြင့် တရုတ်အမျိုးသား ကောက်ပဲသီးနှံဆီနှင့် အစားအစာ ကော်ပိုးရေးရှင်း (Cofco) မှတစ်ဆင့် နှစ်စဉ်ဆန်တင်သွင်းမှုခွဲတမ်း Quota ကို ကိုင်တွယ်နေသည့် အစိုးရလုပ်ငန်းဌာန (State enterprise) နှင့် ထိုင်းနိုင်ငံ နိုင်ငံခြား ကုန်သွယ်မှုဌာနတို့မှ တာဝန်ရှိအရာရှိများအနေဖြင့် ဆန်တန်ချိန် (၂) သန်း နှစ်စဉ်ဝယ်ယူရန် နားလည်မှုစာချွန်လွှာကို ၂၀၁၅ ခုနှစ် အစောပိုင်းတွင် လက်မှတ်ရေးထိုး ခဲ့ကြကြောင်း၊ ၎င်းမှာ မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းအပါအဝင် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုအစီအစဉ်၏ အဆက်အစပ်တစ်ခုလည်းဖြစ်ကြောင်း၊ အဆိုပါ ဆန် တန်ချိန် (၂) သန်းဝယ်ယူမှုတွင် တန်ချိန် (၁) သန်းမှာ ရိတ်သိမ်းပြီး ကာစဆန်သစ်နှင့် ကျန်ရှိသည့်တန်ချိန် (၁) သန်းမှာ ဆန်ဟောင်းအတွက်ဖြစ်ကြောင်း သိရှိရပါ သည်။

သို့ရာတွင် ၂၀၁၅ ခုနှစ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံမှ Cofco သည် ရိတ်သိမ်းပြီးကာစ ဆန်သစ်တန်ချိန် (၁) သန်းကိုသာ ဝယ်ယူရန် သဘောတူလက်မှတ်ရေးထိုးခဲ့ ကြောင်း၊   ဆန်တန်ချိန် (၇၂,၀၀၀) ကို ပေးပိုခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။ ဝန်ကြီး မစ္စတာဂျူရင်က  ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအား ဆန်တန်ချိန် (၁) သန်း ဝယ်ယူရေး ကန်ထရိုက်အရ ကျန်ရှိသည့် ဆန်တန်ချိန် (၂၈၀,၀၀၀) အား အမြန်ဝယ်ယူရေးအတွက် တောင်းဆိုထားကြောင်းပြောကြားခဲ့ပါသည်။

G 2 G သဘောတူညီချက်အရ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုမှာ ထိုင်းဆန်ဈေးနှုန်း အတော်မြင့်မားနေမှုကြောင့် တရုတ်နိုင်ငံအနေဖြင့် ဝယ်ယူမှုနှောင့်နှေးနေခြင်း ကြောင့် နှစ်အနည်းငယ်ကြာ ရပ်ဆိုင်းခဲ့ရကြောင်း သိရှိရပါသည်။  ၂၀၂၁ ခုနှစ်၊ ပထမ (၉) လအတွက် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုမှာ စုစုပေါင်းအားဖြင့် ဘတ်ငွေ (၂.၄၉) ထရီလီယံရှိခဲ့ကြောင်း၊ ၎င်းမှာ ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက (၃၂%) တိုးမြင့်လာခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှ တရုတ် နိုင်ငံသို့ တင်ပို့မှုအနေဖြင့် ဘတ်ငွေ (၈၇၈.၂၈) ဘီလီယံရှိခဲ့ပြီး ၎င်းမှာ၂၀၂၀ ခုနှစ်ကထက် (၂၇%) တိုးတက်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယမန်နှစ်က ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ (ဟောင်ကောင်မပါ) တို့အနေဖြင့် နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ စုစုပေါင်းအားဖြင့် ဘတ်ငွေ (၂.၄၉) ထရီလီယံရှိခဲ့ပြီး ၎င်းမှာ ယခင်နှစ်ကထက် (၀.၅၆%) မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှ ပို့ကုန်တင်ပို့မှုအနေဖြင့် ဘတ်ငွေ (၉၂၆.၆၄) ဘီလီယံရှိပြီး ၎င်းမှာ ယခင်နှစ်ကထက် (၂.၇၁%) တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok post

Category: Thailand