Thailand

နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု(၈.၅%)ကျဆင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုမှ ကာကွယ်ရန် နယ်စပ်စစ်ဆေးရေးဂိတ်များအား ပိတ်စေခဲ့ခြင်းနှင့်အိမ်နီးချင်း နိုင်ငံများ၏ စီးပွားရေးနှေးကွေးမှုများကြောင့် ထိုင်းနိုင်ငံ၏ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုမှာ ပထမ (၇)လအတွင်း နှစ်အလိုက်တွင် (၈.၅%) ကျဆင်းခဲ့ကြောင်းသိရှိရပါသည်။

နိုင်ငံခြားကုန်သွယ်မှုဌာန မှ တိုင်းပြည်၏ တစ်ဆင့်ဖြတ်သန်း ကုန်သွယ်မှုအပါအဝင် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုမှာ ဇန်နဝါရီလ မှ ဇူလိုင်လအထိ စုစုပေါင်းဘတ် ငွေ (၇၄၁) ဘီလီယံ ရှိခဲ့ကြောင်း၊ မလေးရှားနိုင်ငံမှာ ထိုင်းနိုင်ငံ၏ အကြီးမားဆုံး နယ်စပ်ကုန်သွယ်မှု မိတ်ဖက်နိုင်ငံအဖြစ် ရပ်တည်ဆဲဖြစ်ကြောင်း အစီရင်ခံတင်ပြခဲ့ပါသည်။ နယ်စပ်ဖြတ်ကျော်တစ်ဆင့် ဖြတ်သန်းကုန်သွယ်မှုတွင် တစ်နိုင်ငံထက်ပိုသောနိုင်ငံများ ပါဝင်ကြပါသည်။

စုစုပေါင်းကိန်းဂဏန်းများအရ ထိုင်းနိုင်ငံမှ ပြည်ပတင်ပို့မှုမှာ စုစုပေါင်း ဘတ်ငွေ (၄၂၉) ဘီလီယံရှိပြီး ၎င်းမှာနှစ်အလိုက်တွင်(၈.၂%)ကျဆင်းသွားကြောင်း၊ သွင်းကုန် တင်သွင်းမှုမှာလည်း (၉%)ကျဆင်းသွားပြီး ဘတ်ငွေ(၃၁၂)ဘီလီယံရှိကြောင်း၊ သို့ဖြစ်၍ ရလဒ်အနေဖြင့် ကုန်သွယ်မှု ပိုငွေဘတ် (၁၁၆) ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။

အိမ်နီးချင်း(၄)နိုင်ငံနှင့် ထိုင်းနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုမှာ ဘတ်ငွေ(၄၃၄ )ဘီလီယံ ရှိခဲ့ပြီး ၎င်းမှာနှစ်အလိုက်တွင်(၁၂.၈%) ကျဆင်းခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းတို့အနက် စုစုပေါင်း ပြည်ပ တင်ပို့မှုမှာ ဘတ်ငွေ(၂၅၆)ဘီလီယံ ရှိခဲ့ပြီး (၁၀.၉%) ကျဆင်းသွားခြင်း ဖြစ်ပါသည်။ သွင်းကုန် တင်သွင်းမှုမှာ ဘတ်ငွေ(၁၇၈)ဘီလီယံရှိခဲ့ပြီး (၁၅.၄%)ကျဆင်းသွားခြင်းဖြစ်ကာ ထိုင်းနိုင်ငံအနေဖြင့် ကုန်သွယ်မှုပိုငွေ ဘတ်(၇၈.၁)ဘီလီယံ ရှိခဲ့ကြောင်းသိရှိရပါသည်။

စုစုပေါင်းကုန်သွယ်မှုတွင် မလေးရှားနိုင်ငံနှင့်နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုမှာ ဘတ်ငွေ (၁၃၁) ဘီလီယံ ရှိခဲ့ပြီး(၂၃.၆%)ကျဆင်းသွားကြောင်း၊ ၎င်းနောက်တွင် လာအိုနှင့်(၁၀၇)ဘီလီယံ ရှိခဲ့ပြီး (၇.၈%)ကျဆင်းခဲ့ကာ၊ မြန်မာနှင့်(၁၀၁) ဘီလီယံရှိခဲ့ပြီး (၁၃.၆%)ကျဆင်းခဲ့ကြောင်း၊  ကမ္ဘောဒီးယား နှင့်(၉၄.၈)ဘီလီယံ ရှိခဲ့ပြီး (၁.၈%)တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။ စင်္ကာပူ၊ ဗီယက်နမ်၊ တရုတ်တောင်ပိုင်းနှင့် နယ်စပ်ဖြတ်ကျော် တစ်ဆင့်  ဖြတ်သန်းကုန်သွယ်မှုပမာဏမှာ ပထမ (၇)လတွင် (၁.၇%) ကျဆင်းခဲ့ကြောင်း၊ စုစုပေါင်းဘတ်ငွေ (၃၀၈) ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။ တရုတ်ပြည်တောင်ပိုင်း၊ စင်္ကာပူတို့နှင့် တစ်ဆင့်ဖြတ်သန်း ကုန်သွယ်မှုမှာ(၁၄.၄%)နှင့် (၁၁.၃%) အသီးသီးတိုးတက်ခဲ့ပါသည်။ တရုတ်ပြည်တောင်ပိုင်းနှင့် တစ်ဆင့် ဖြတ်သန်းကုန်သွယ်မှု ပမာဏမှာ ဘတ်ငွေ (၁၃၁)ဘီလီယံရှိခဲ့ပြီး စင်္ကာပူနှင့် တစ်ဆင့် ဖြတ်သန်းကုန်သွယ်မှု ပမာဏမှာ ဘတ်ငွေ (၅၀)ဘီလီယံ ရှိခဲ့ပါသည်။ဗီယက်နမ်နှင့် အခြားသော နိုင်ငံများနှင့် တစ်ဆင့်ဖြတ်သန်းကုန်သွယ်မှု ပမာဏမှာ (၂၁.၈%) နှင့် (၁၅.၈%)ကျဆင်းခဲ့ပြီး၊ ဘတ်ငွေ (၃၄.၉)ဘီလီယံနှင့် (၉၁.၇) ဘီလီယံ အသီးသီးရှိခဲ့ပါသည်။

နိုင်ငံခြားကုန်သွယ်မှုဌာန၏ ညွှန်ကြားရေးမှူးချုပ် Keerati Rushchano က ဌာနအနေဖြင့် နယ်စပ်စစ်ဆေးရေးစခန်းများအား ပိုမိုဖွင့်လှစ်ရန် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက် ကျန်ရှိသည့်လများအတွက် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု အလားအလာမှာ ကောင်းမွန်တိုးတက်လာမည်ဟု မျှော်မှန်းကြောင်းပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ဩဂုတ်လ(၁၃)ရက်နေ့အထိတစ်နိုင်ငံလုံးရှိ နယ်စပ်စစ်ဆေးရေးဂိတ်ပေါင်း (၉၇)ခုအနက်မှ (၄၀)ကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand